"မေမေ့!"
သံယာ အလန့်တကြားနှင့် ကုတင်ပေါ်က တဘက်ယူပြီး ကိုယ်ပေါ် အုပ်မယ်ကြံပေမဲ့ မမှီခဲ့။ မေမေ့လက်က သူ့ကျောကို တအားဆွဲကိုင်လှုပ်လာလေသည်။
"ဒါဘာလဲ သံယာ ဒါဘာလဲ ငါ့ကိုပြော"
မေမေသည် အသံတွေ တုန်ယင်ပြီး အော်ဟစ်ပေါက်ကွဲနေခဲ့သည်။ မေမေလက်နဲ့ အတင်းဆွဲခံထားရတဲ့ အသားစိုင်က Tattoo လေးကို သူဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုပေးရမလဲ။
"မေမေ"
"သံယာ ငါ့ကိုပြောစမ်း ဒါဘာလဲ ငါကြားခဲ့တာတွေ အကုန်အမှန်ပဲလား"
မေမေဟာ အရမ်းကို ပေါက်ကွဲနေသည်။ အဖြေစကားမဲ့သော သားမိုက် သူသည်လည်း နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ကြေကွဲရပါသည်။
"လုပ်ရက်လိုက်တာ သံယာရယ် မင်းမေမေ့ကိုလုပ်ရက်လိုက်တာ"
မေမေသည် သူ့ Tattoo ကို မေးနေရာက လက်လျှော့ပြီး အဝတ်မဲ့ကျောပြင်ကို ထုရိုက်ကာ ရှိုက်ကြီးတငင်ငိုပါတော့သည်။ သံယာ မေမေ့ကိုပွေ့ဖက်နှစ်သိမ့်ဖို့တောင် လိပ်ပြာမလုံပါ။
"မင်းဘာလို့ ဒီလောက်ဆိုးရတာလဲ ဟမ် မင်းကို တစ်ဦးတည်းသော သားလေးမို့ မေမေသိပ်ချစ်ခဲ့တာလေ အလိုလိုက်ခဲ့တာလေ"
ဖြူဉသော ကျောပြင်ထက်တွင် မေမေ့လက်ဝါးရာများက အထင်းသားပေါ်လာသည်။ မေမေ့မျက်ရည်များက သူ့ခြေဖျားထက် အကျဉ်းတန်စွာ ကြွေလွင့်ကုန်သည်။ မေမေသည် ယူကြုံးမရခြင်းကြီးစွာနှင့် သူ့ကို တဘုန်းဘုန်းရိုက်နှက်နေခဲ့သည်။
မီးတောင်တစ်တောင် ပြိုပျက်သွားသလို သံယာရင်ခွင်ထဲ ပြင်းပြင်းထန်ထန် ပူလောင်နေသည်။
သူသည် မျက်နှာကို လက်ဝါးနှင့် အုပ်၍ ငိုရှိုက်မိပါသည်။
မေမေဟာ ရင်ကွဲပက်လက် နာကျင်ကြေကွဲဆဲ။
ခေတ္တအကြာ မေမေသည် အားပါးတရ ငိုကြွေးပြီး အတောမသတ်နိုင်စွာ သူ့ကုတင်ပေါ် ပစ်လှဲထိုင်ချသွားပါသည်။ သူ မေမေရှေ့ ဒူးထောက်ထိုင်လိုက်သည်။
"မေမေ ... ကျွန်တော် တောင်းပန်ပါတယ်"
သူ့အသံသည် ကွဲအက်လှိုက်ဖိုစွာ တုန်ယင်နေသည်။
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....