အပိုင်း-(၇)

16.8K 2K 88
                                    

၂၀၁၂ ခုနှစ် ...
 
စာစီစာကုံးအတွက် ပြင်ပစာဗဟုသုတများဖတ်ရန် ကျောင်းစာကြည့်တိုက်သို့ သံယာလာဖြစ်ခဲ့သည်။ သူတို့ကျောင်းစာကြည့်တိုက်မှာ လူအနည်းအကျဉ်းသာရှိ၍ ဆိတ်ငြိမ်သည်မို့ စာကို ကောင်းကောင်းအာရုံစိုက်၍ ဖတ်နိုင်ပေသည်။
 
သစ်သားစင်အကြီးများကို ဘေးတစ်ဖက်တစ်ချက်စီထား၍ အလယ်တွင်တော့ လျှောက်လမ်းသွယ်သွယ်ဖြင့် တည်ထားသော စာကြည့်တိုက်ဟာ လေးဖက်လေးနံရှိ  ပြတင်းပေါက်များကြောင့် လေကောင်းလေသန့်နှင့် နေရောင်ခြည်ပါ အပြည့်အဝရသည်။
 
ထမင်းစားချိန်တွင် ထမင်းစားပြီး၍ အားလပ်နေသော အချိန်များ အလဟသမဖြစ်စေရန် ဖတ်မည့်စာအုပ်များကို  စာအုပ်စင်ပေါ်၌ တစ်အုပ်ချင်းစီ လိုက်ရွေးနေမိသည်။
 
"ဟိတ်...သံယာ"
 
"ဟေ"
 
မိမိပုခုံးပေါ်သို့ ဖျတ်ခနဲ လာပုတ်သောလက်ကလေးတစ်ဖက်ကြောင့် မျက်မှန်ကို လက်ဖြင့် တစ်ချက်ပင့်တင်ကာ အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။
 
"ကြွေ..."
 
နောက်မှာ စုစည်းထားသည့် ဆံပင်ရှည်များကို အရှေ့သို့ ပို့ရင်း တသသလုပ်နေကာ မျက်နှာကလည်း ပြုံးတုံးတုံး။ တခြားမိန်းကလေးများလို ပါးကွက်ကြားဖြင့် ချစ်စရာကောင်းခြင်းမဟုတ်သော သူမက မျက်နှာဖူးဖူးထက် သနပ်ခါးကို ခပ်မှုန်မှုန်လိမ်း၍သာ လှပနုနယ်ပါသည်။
 
ဘယ်သူ့ကိစ္စအတွက် ဘယ်လိုအကူအညီတောင်းမည်ကို ကြိုသိမြင်စွာဖြင့်....
 
"ဝရုန်းသိုင်းမာန်ကိစ္စပဲမလား"
 
"အေးဟာ...ဟီးဟီး...သူ့ကို ဒါလေး..."
 
သံယာ့ရှေ့သို့ လက်နှစ်ဖက်ဖြင့် တရိုတသကမ်းပေးလာသည်က ပန်းရောင်Postcardဖြင့် စာလေးတစ်စောင်....။ ဒါရည်းစားစာပဲဖြစ်ရမည်။
 
"ဘာစာတုန်း အဲ့ဒါ"
 
"နင်ကလဲ သိရက်သားနဲ့...သူ့ကို ဒါလေးပေးပေးပါနော်....ငါအထဲမှာ နာမည်ရေးမထားဘူး ၊ ဘယ်သူပေးတာလဲလို့မေးရင် အတန်းထဲက ကောင်မလေးတစ်ယောက်လို့ပြောလိုက်"
 
ဟုဆိုကာ သံယာ့လက်ထဲသို့ ထိုအရာကို အတင်းထိုးထည့်လေ၏။
 
"ဟဲ့...နင့်ဟာနင်ပေးကြည့်ပါလား....ငါဒီကောင်နဲ့မျက်နှာချင်းမဆိုင်ချင်ဘူး။"
 
"နင်ကလဲဟာ....ငါကမိန်းကလေးလေ ။ ငါမပေးရဲဘူးဟ"
 
ကြွေပြောတာ မှန်သလို သူငယ်ချင်း အချင်းချင်းဖြစ်၍လည်း ကူညီတန်ကောင်းသည်။ ထို့ကြောင့် တစ်ထစ်လျှော့လိုက်ကာ.....
 
"အေးပါ....ပေးပေးမယ်....ဒါပေမဲ့ နင်ငါ့ကို ဘာပြန်ပေးမှာလဲ"
 
"ပီဇာကျွေးပြီး ကော်ဖီလိုက်တိုက်မယ်....နင်ကြိုက်တယ်မလား"
 
"အေး...ကြိုက်တာပေါ့....။ ကမ်းလှမ်းချက်ကို သဘောတူတယ်"
 
ဟန်ပါပါတစ်ချက်ပြုံးကာ ဝတ်ထားသော အနွေးထည်၏ အိတ်ကပ်ထဲသို့ စာလေးကို ထိုးထည့်လိုက်သည်။ ထို့နောက် ကြွေသင့်ထည်လည်း သူ့အနားမှ ထွက်သွားကာ သူလည်း စာအုပ်ဆက်ရွေးနေဖြစ်သည်။
 
_____________________
 
ညနေ ကျူရှင်ဆရာမ မလာသေးသဖြင့် အကြံအစည်ကို အကောင်ထည်ဖော်ရန်ဆုံးဖြတ်လိုက်သည်။ အိမ်နံဘေးက လမ်းကျဉ်းလေးထဲသို့ ချောင်းကြည့်လိုက်တော့ ဖေဖေရှိမနေ။ ဒီချိန်ရေချိုးနေတာဖြစ်မည်။ ခြံစောင့် ကိုဝနရှိသော်လည်း ဘာပြဿနာမှမတက်နိုင်ပေ။
 
ခြံကျယ်ကျယ်ကို ကာရံထားသော အုတ်တံတိုင်းနှင့် သူတို့အိမ်ကြား လမ်းမြောင်းလေးထဲသို့ လှေကားအရှင်ကို မ၍ သွားလိုက်သည်။ ထို့နောက် တံတိုင်းဆီသို့ လှေကားကိုကပ်ကာ နံဘေးမှ ပန်းပင်ရေလောင်းနေသော ကိုဝနသို့....
 
"အစ်ကို...ကျနော် ဝရုန်းသိုင်းမာန်နဲ့စကားပြောမလို့"
 
"အေး...ပြောလေ"
 
"အဲ့ဒါ ဘာပြောပြော မေမေ့ကိုပြန်မတိုင်နဲ့နော်"
 
ကိုဝနက တောသားပီပီ စွပ်ကျယ်ညစ်ညစ်နှင့် ပုဆိုးကို ဒူးထိတိုအောင် ဝတ်ထားသည်။ သူပြောတာကို နားမလည်သလိုလိုနှင့် ခေါင်းတဗျင်းဗျင်းကုတ်ရင်း
 
"အေး...အေးပါကွာ"
 
ထိုအခါမှ သံယာ ပြုံးလိုက်၍ ထိုလှေကားလေးအတိုင်း ခပ်မှန်မှန်တက်သွားသည်။ အိမ်နှစ်လုံးကြား ခြားထားသည့် အုတ်နံရံမှာ အပြင်နံရံလောက် မမြင့်၍ တော်သေး၏။ သူ့ဦးခေါင်းကျော်ရုံအနေအထားရောက်သည့်အခါမှ တစ်ဖက်အိမ်ခြံဝန်းကို ရှင်းရှင်းလင်းလင်းမြင်ရသည်။
 
အနည်းငယ် မျက်လုံးဆော့ကြည့်သည့်အခါ ခြံထဲ တစ်ယောက်တည်း အပင်စိုက်နေသော ဝရုန်းသိုင်းမာန်ကို တွေ့လိုက်မိ၍ အရံသင့်ပေ။
 
"ဟိတ်....ဟိတ်ကောင်"
 
ပန်းပင်အချို့ကို စိုက်အပြီး အုတ်တံတိုင်းဆီမှ မိမိသို့ ဦးတည်ခေါ်လာသော အသံစူးစူးကြောင့် ဝရုန်း ဖျတ်ခနဲ လှည့်ကြည့်မိသည်။ အုတ်တံတိုင်းပေါ်က ထွက်နေသည့် ခေါင်းလုံးလုံးနှင့် လေးလုံးကောင်က ရှုတည်တည်မျက်နှာဘေးဖြင့်။
 
မြေကြီးတွေပေနေသော စွပ်ကျယ်အဖြူကိုတစ်ချက်ခါ၍ ပုဆိုးကို ပြန်ပြင်ဝတ်ကာ....
 
"ဘာကိစ္စလဲ"
 
"ငါကလဲ မင်းကိုခေါ်ချင်လို့ခေါ်တယ်များ ထင်နေလား။  ကိစ္စရှိလို့ပေါ့ကွ....ဒီနားလာစမ်းပါ"
 
အကျယ်ကျယ်ပြောလို့မဖြစ်သည့် ကိစ္စမို့ အနားသို့ မေးဆတ်ခေါ်လိုက်ရသည်။ နားလည်ပုံရသည့် ဝရုန်းကလည်း သူတို့နံရံဘေးမှ လှေကားပေါ်သို့ တစ်ဆင့်ချင်းဖြည်းဖြည်း တက်လိုက်သည်။
 
အုတ်နံရံတစ်ဖက်စီက လှေကားပေါ်မှ ကောင်လေးနှစ်ယောက်ဟာ မျက်နှာချင်းဆိုင်အနေအထားဖြင့် တစ်ယောက်နှင့်တစ်ယောက် ပေးအပ်လေ့ရှိသော မျက်စောင်းကလည်း မမေ့မလျော့။
 
"ဘာလဲ မြန်မြန်ပြော...ငါမအားဘူး"
 
"ဘာဖြစ်ရမှာလဲ။ မင်းအရှုပ်ထုပ်လေ...ရော့"
 
လက်ထဲမှာ အသင့်ဆုပ်လာသော Postcard လေးကို တံတိုင်းကျော်၍ ဝရုန်း၏ လက်ထဲထည့်ပေးလိုက်သည်။
 
"ဒါဘာလဲ"
 
"ရည်းစားစာ"
 
"ဘာ"
 
မျက်နှာတည့်တည့်သို့ ကြည့်၍ မျက်လုံးကြီးပြူးကာ အလန့်တကြားအော်ဟစ်သံကြောင့် လန်ပြီးပြုတ်ကျတော့မည့် မိမိကိုယ်ကို လှေကားအား ဆုပ်ကိုင်ပြီး ထိန်းလိုက်ရသည်။
 
"မင်း....မင်းက....ငါ့ကို...ရည်း...ရည်းစားစာ"
 
သာမာန်ထက် လွန်ကဲစွာ နီရဲလာသော နားရွက်ဖျားနှင့် ခေါင်းကို အတင်းငုံ့လျှိုးကာ လှေကားပေါ်မှ ဆင်းရန်ပြင်နေသောကြောင့် ဘာမှမတွေးနိုင်ခင် သူ့ဇက်ပိုးကို အလျှင် ဆွဲဆုပ်ထားလိုက်တော့ မျက်လုံးပြူးဖြင့် မော့ကြည့်လာသည်။
 
"ဟေ့ကောင်...နေအုံးလေ....ဘယ်လိုဖြစ်တာတုန်း"
 
မျက်ခုံးနှစ်ခုကို ထိလုနီးပါးတွန့်ချိုးကာ သူ့ကိုစိတ်ဆိုးမာန်ဆိုးကြည့်နေသော ဝရုန်းသိုင်းမာန်ကြောင့် နားမလည်သော ပုစ္ဆာတစ်ပုဒ်ကို အဖြေထွက်သွားသလို...
 
"နေပါအုံး....ရည်းစားစာ...ကို ငါပေးတယ်လို့...မင်းက ထင်နေတာလား"
 
"......."
 
တိတ်ဆိတ်မှူနှင့် ဝန်ခံကြောင်း လှစ်ဟ၏။
 
"မင်းမေကြီးတော်....ငါကမင်းကို -ီးမို့ပေးရမှာလား ၊ အဲ့ဒါ အတန်းထဲက ကောင်မလေးတစ်ယောက်ပေးခိုင်းတာ"
 
"ဟင်...ဟေ...ဟုတ်လား"
 
ထိုအခါမှ အယောင်အမှားမှားဖြင့် လက်ထဲမှ စာလေးကို ငုံ့ကြည့်လိုက် ၊ ခေါင်းငြိမ့်လိုက် လုပ်နေ၏။
 
ဘယ်လိုပဲ စဉ်းစား စဉ်းစား ဒီကောင့်ကို သံယာနားမလည်နိုင်ပါ။ တခြားသူလည်းမဟုတ်ဘဲ သံယာက သူ့ကို ကြိုက်နေပါသည်ဟု ဘယ်လိုဦးနှောက်နှင့်များ ထင်လိုက်ပါသနည်း။
 
"အင်း...ဘယ်သူကပေးတာလဲ"
 
"အတန်းထဲက ကောင်မလေးတစ်ယောက်ပဲ....နာမည်တော့ သူကမပြောခိုင်းဘူး"
 
"ဟုတ်လို့လား"
 
Postcard လေးကို ဖွင့်ကာ ဖြန့်ကြည့်နေတော့ သံယာပါ မမှီမကမ်းကပ်ချောင်းဖြစ်သည်။ သံယာကြည့်နေတာမြင်တော့ မျက်စောင်းတစ်ချက်ပေး၍ Postcard ကို သူ့ရင်ဘတ်နားကပ် အာရုံစိုက်လျက် မျက်မှောင်ကြုတ်ဖတ်နေလေသည်။
 
"ကောင်မလေးတစ်ယောက်ပေးတာ ဟုတ်လို့လား"
 
ရင်ထဲ ထိတ်ခနဲ....။
 
"ဘာလို့တုန်း"
 
"ကျနော် မာန့်ကို ချစ်ပါတယ် တဲ့"
 
သံယာကို မယုံသလိုကြည့်၍ စာကိုရွတ်ပြ၏။
 
"ဘောပဲ....ငါတို့ကျောင်းက မန္တလေးသူတစ်ယောက်ယောက်နေမှာပေါ့....ဘာလဲ...မင်း....မဟုတ်မှလွဲရော"
 
လက်ညိုးတထိုးထိုးနှင့် ပြောမည်ဟန်ပြင်သော်လည်း စကားက ထွက်မလာ။ ထင်တာမှန်သော်လည်း ဘယ်ကစ လို့ ဘယ်လိုပြောရမှန်းမသိ။ ဟိုကောင်ကလည်း သံယာဘာဆက်ပြောမလဲ မစောင့်ချေ...။
 
"ကျေးဇူး....ဒါပဲမလား"
 
ဟုဆိုကာ ဝရုန်းသည် Postcard လေးကို ကိုင်၍ လှေကားပေါ်က ခပ်သွက်သွက်ဆင်းကာ အိမ်ထဲသို့ ပြေးဝင်သွားသည်။ ကျန်ခဲ့သည့် သံယာကသာ အတောင့်လိုက်....။
 
"တောက်....ဒီကောင်ကတော့"
 
______________________
 
၂၀၂၃ ခုနှစ် ...
 
နေ့လယ်စာစားပြီးသည်နှင့် မေမေလှီးထားပေးသော အသီးပန်းကန်နှင့်အတူ ဧည့်ခန်းထဲမှာ ထိုင်၍ ဖုန်းသုံးရင်း သူ အနားယူဖြစ်သည်။ Facebook သုံးရတာ သိပ်မကြိုက်သော်လည်း မိမိအရွယ်နှင့် လက်လှမ်းမှီသလောက် နောက်ကောက်မကျစေရန် ပုံမှန်သုံးဖြစ်သည်။ ယခုလည်း Newsfeed မှာ တက်နေသော အကြောင်းအရာများကို စိတ်ဝင်တစား စူးစမ်း ကြည့်နေမိ၏။
 
ကြည့်ရှုနေရင်းပင် မိမိ၏ တပည့်မလေးတစ်ယောက် Share ထားသည့် အသစ်ထွက်သော Thai Bl series တစ်ခု တွေ့၍ love react ပေးဖြစ်လိုက်သေး၏။ ယခုခေတ်ကပဲ တိုးတက်အောင်မြင်သည်ဟု ဆိုမလား ၊ ဆယ်ကျော်သက်အရွယ်ကလေးတွေကအစ အမြင်ကျယ်၍ တတ်သိနားလည်လွန်းလှသည်။
 
LGBT ဆိုသည့် အသိုင်းအဝန်းကို တွင်တွင်ကျယ်ကျယ်လက်ခံလာသည့်အပြင် ကူညီစောင့်ရှောင့်သည့် Foundation များရှိရုံသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးတိုးမြှင့်ကြသူများကလည်း ပေါများပေ၏။
 
အင်း...ချစ်သူမိန်းကလေးရှိနေသော်လည်း သူကိုယ်တိုင်က Gay တစ်ယောက်ဆိုသည့်အချက်လေကား ကြွေ့အပေါ်ခံစားချက်တစ်စုံတစ်ရာထားမရ၍ LGBT ဝေါဟာရထဲမှ B နှင့်စသော ဖြစ်တည်မှုထဲ မိမိ မ,နွယ်ကြောင်း သတိပြုခဲ့လေသည်။
 
ဒီနိုင်ငံမှာ Gay ဟူသည့် ဝေါဟာရမတွင်ကျယ်ခင်ကတည်းက ထိုစကားလုံးဘောင်တွင်းက လူသားတစ်ယောက်အဖြစ် သူ....၊ အထူးသဖြင့် သူနှင့်ရှို့သံယာ ဘယ်လောက်ထိ ခက်ခဲပင်ပန်းခဲ့သလဲ ထိုဇာတ်အစုံမှာ ပြန်တွေးဖို့တောင် ရန်မောလှပါသည်။
 
တီ...
 
တက်လာသော Noti ကား Friend request တစ်ခုပင်။
 
Shoh Than Yar.....
 
အမှန်တိုင်းဆိုလျှင် ဝရုန်းတို့ တက္ကသိုလ်ရောက်မှ Facebook account စဖွင့်ဖြစ်ခဲ့သည်။ ထိုချိန်များတွင်တော့ ပြောစရာမလိုအောင် Friend ဖြစ်ခဲ့သော်လည်း သူနှင့်ပြတ်ပြီးကတည်းက Unfriend လုပ်ဖြစ်ခဲ့သည့် ဤ account လေးက ရှစ်နှစ်လွန်ကာလတွင်မှ တဖန်ပြန် add လာသည်။
 
Wall ထဲ ဝင်ကြည့်မိတော့ တန်းမြင်လိုက်ရသည့် Profile pic ။ ဘာမှလိမ်းကျံထားခြင်းမရှိသည့် မျက်နှာကို အသားပေး၍ မတီတထီပြုံးနေသော ပုံဟာ အထိုက်အလျောက်တော့ နှုတ်ခမ်းနီမလေးများ၏ အသည်းစွဲဖြစ်ဟန်တူသည်။ ထောင်ချီနေသော React များအပြင် Comment မရှောင် ရေလာမြောင်းပေးစကားများကို တစ်ခုမှတုံ့ပြန်ထားခြင်းမတွေ့ရပေ။
 
"ဒီကောင် လူပျိုလုပ်နေတာပဲ"ဟူသော အပြောမှာ တင်ထားတာ မကြာသေးသော "သူမနှင့် အပြီးတိုင်ကွာရှင်းပြတ်စဲခြင်း" Caption နှင့် တကွ ကွာရှင်းစာချူပ်ပုံလေးပါသည့် Public post အောက် ပြောင်လှောင်ခံလိုက်ရသည်။
 
ထပ်မံ ပွတ်ဆွဲကြည့်လိုက်သောအခါ ရည်ညွှန်းသူကိုဖော်ပြမထားသည့် post တစ်ခု။
 
"သူ ကျွန်တော့်ကို ခါးသီးနေတယ်"
 
ဘယ်သူ့ကိုရည်ရွယ်မှန်းမသိသည်နှင့်အမျှ နာကျင်လာရသည်ကား အက်ကွဲရာများနှင့် နှလုံးသားပင် ဖြစ်သည်။
 
လုပ်သင့်သည် ၊ မလုပ်သင့်သည် တွေးတောချက်များထက် စိတ်ထက်အလျှင် စွမ်းဆောင်လေ့ရှိသော လက်ချောင်းများဟာ Confirm ကို ဖိနှိပ်လိုက်မိသား....။
 
ဆက်လက်ကြည့်ရှုမိသည့် အနေအထားအရ ရှို့ဟာ Car showroom ဖွင့်နေသည်ပဲ။
 
အင်ဂျင်နီယာ ဖြစ်ပြီး ဘာလို့များ စီးပွားရေးလုပ်နေပါလိမ့်!"
 
Promotion ဆင်းထားသော သူ့ Showroom ပုံများကို ကြည့်၍ ရေရွတ်မိပြီးမှ အင်ဂျင်နီယာ ဖြစ်ပြီး စာသင်နေသော မိမိကိုပြန်သတိရ၍ ခပ်တိုးတိုးရယ်မိသေး၏။
 
ရှို့ဟာလည်း နဂိုတည်းက အင်ဂျင်နီယာ  မဖြစ်ချင်ခဲ့.....သူ့ကို လိုက်ပြိုင်ချင်၍သာ မြန်မာတစ်နိုင်ငံလုံး အဆင့်ငါးက ဆေးကျောင်းကို လက်လွှတ်ခဲ့သည်မဟုတ်လား။
 
ဟင်း....မင်းနဲ့ ငါနဲ့တော့ မခက်ပေဘူးလား ရှို့ရယ်။

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now