အပိုင်း-(၄)

21.5K 2.6K 172
                                    

ကျောင်းမတက်သေးခင် ဆီးသွားချင်လာ၍ ရေအိမ်ဆီသို့ တစ်ယောက်တည်း လာဖြစ်ခဲ့သည်။ ကျောင်းဝန်းထဲမှာတော့ ပြေးလွှားဆော့ကစားနေသော ကျောင်းသား၊ကျောင်းသူများနှင့် ရောထွေးနေ၏။ ဝရုန်းတို့က အကြီးဆုံးကျောင်းသားဖြစ်၍ ခုလို တရောတထွေးသိပ်မဆော့ဖြစ်ကြ ၊ ငါးတန်းကတည်းက ဝလင်အောင် ဆော့ပြီးသည်မို့ ဤကျောင်းတလျှောက် ဝရုန်းခြေရာတွေချည်းဖြစ်သည်။
 
မိမိထက်အတန်းငယ်သော ကျောင်းသူလေးများသာမက တခြားအတန်းကကောင်မလေးများအပါအဝင် ပုန်းလျှိုးဝှက်လျှိုးချောင်းမြောင်းနေကြသည်ကို သတိမထားမိစွာဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ပြီး မြောက်ကြွမြောက်ကြွလျှောက်လာခဲ့သည်။ ဤသည်မှာလည်း ရှို့သံယာထက် သာသော မိမိ၏ အချက်ပင်။ မျက်မှန်တဝင့်ဝင့်နှင့် စာဂျပိုးလိုကောင်က ခုခေတ်နာမည်ကြီးနေသော ကိုးရီးယားမင်းသားများလို ဖြူစုတ်စုတ် နှင့် ချောသန့်နေသော်လည်း သူ့အမြင်တော့ ဝက်သားဒုတ်ထိုးရောင်းသော ပေါက်ဖော်သာသာ။ ထိုကောင့်ထက် အသားညိုပြီး လူဆိုးရုပ်နှင့် ဝရုန်းက ရှိရှိသမျှရွယ်တူ ယောက်ျားလေးများထက် ပိုစား နေသည်ကတော့ အတိတ်ဘဝ၏ ကောင်းမှုကုသိုလ်မို့ မတတ်နိုင်ပေ။
 
ရေအိမ်နံဘေးရှိ သစ်ရွက်ခြောက်များကို ဖြတ်နင်းမိသံက တရှပ်ရှပ်။ ယောက်ျားလေးရေအိမ်တည်ပုံက အလယ်တွင် လျှောက်လမ်းတစ်ခုရှိ၍ ဘေးတစ်ချက်တစ်ချက်စီတွင် အုတ်ရေအိမ် ခြောက်လုံးလောက်ရှိမည်။ ရေအိမ်တစ်လုံးနှင့် တစ်လုံးကြားထဲ လမ်းသွယ်တစ်ခုခြားသည်မို့ တချို့ဆိုးသွမ်းသော ကျောင်းသားများက ထိုနေရာတွင် လုပ်ချင်တာလုပ်ကြသည်။
 
ရှင်းလင်းနေသော ရေအိမ်ဝန်းကျင်က ဘယ်သူ့မှမရှိပေ။ ဝရုန်းလည်း သူ့ကိစ္စရှင်းပြီး၍ ပြန်ထွက်မည်အပြင်....
 
မျက်လုံးထောင့်မှ အရိပ်တစ်ခုကြောင့် ရေအိမ်နောက်မှာ ကွယ်၍ ထိုပုံရိပ်ရှိရာ လမ်းသွယ်သို့ လှမ်းချောင်းကြည့်မိသည်။ သူ့မျက်လုံးအိမ်မှာ စင်တီမီတာ အနည်းငယ် ကျယ်ဝန်းသွား၏။
 
သူတို့ဆယ်တန်းနောက်ဆုံးတန်းမှ ဇိုးများက ထိုလမ်းသွယ်အသီးသီးတွင် လူလစ်ချိန်တိုင်း အရက်ခိုးသောက် ၊ စီးကရက်သောက် လုပ်လေ့ရှိသော်လည်း ပုံမှန်ဖြစ်၍ မဆန်းပြားပေ။ ခုဟာက....
 
"ဟာ...ဒီကောင်...ကျစ်"
 
ဆယ်တန်း(A)ခန်းမှ စံပြကျောင်းသားဖြစ်ရုံသာမက စာဂျပိုးဖြစ်သည့် ရှို့သံယာက စီးကရက်တစ်လိပ်ကို နှုတ်ခမ်းလွှာများကြား ညှပ်၍ ခပ်သာသာ ဖွာရှိုက်နေသည်။ နောက်ကျောဖက်ဆီမှမြင်ရသော ကျောပြင်ကျယ်ကျယ်နှင့် လက်မောင်းသားဖြူဖြူများက တခြားသူမြင်လျှင် မသိသာသော်လည်း ဝရုန်းအတွက်တော့ ခေါင်းလုံးလုံးနှင့် မျက်မှန်ကိုင်းတစ်စွန်းတစ်စတောင် မလိုပေ။
 
ဒီကောင် ဘယ်တုန်းက ဆေးလိပ်သောက်တတ်သွားတာပါလိမ့်!
 
မိမိရှေ့မှာ ကြီးလာသည့်ကောင်ဖြစ်သည့်အတွက် ရှို့သံယာအကြောင်း သူကောင်းကောင်းသိသည်။ စာတော်တာမှန်သော်လည်း လိမ္မာပိပြားနေသော ကောင်လေးမဟုတ်....သို့သော် စီးကရက်သောက်တာအထိကတော့.....။
 
"ရှို့သံယာ!!!!"
 
မနေနိုင်စွာဖြင့် အကွယ်မှ ထွက်ကာ သံယာရှေ့တည့်တည့်လျှောက်လာသောကြောင့် စီးကရက်ခိုးသောက်နေသူက လန့်ဖျန့်လို့သွား၏။ အနားရောက်သည်အထိ စီးကရက်ကို ယောင်ယမ်းကာ လွှတ်မချသောကြောင့် သူ့နှုတ်ခမ်းများကြားမှ မီးညှိပြီးသား စီးကရက်ရဲရဲကို ဝရုန်းလက်ချောင်းများဖြင့် ဆွဲညှပ်ထုတ်လိုက်သည်။ စီးကရက်ကို မြေပြင်ပေါ်ပစ်ချ၍ စီးထားသော ကတ္တီပါညှပ်ဖိနပ်ဖြင့် နင်းချေလိုက်သည်အထိ သူ့ကိုမြင်တိုင်း မျက်မှောင်ကြုတ်နေကျ မျက်မှန်အောက်က မျက်ဝန်းများဟာ ဒီအခါမှာတော့ မေ့လျော့နေ၍လားမသိ ၊ အံ့သြထိတ်လန့်ခြင်းအမှုကိုသာ ပြ၏။
 
"မင်း ဘယ်တုန်းက စီးကရက်သောက်တတ်သွားတာလဲ"
 
ထိုအခါမှ အသိဝင်ကာ ပုံမှန်အတိုင်း မျက်မှောင်ကြုတ်၍...
 
"မင်းနဲ့ ဘာဆိုင်လဲ?"
 
"မင်းကြောင့် ဆယ်တန်း(A)ခန်း သိက္ခာကျတယ်....မင်းကိုငါ ဆရာမနဲ့တိုင်ပြောမယ်"
 
"ဘာ..."
 
နှာတစ်ချက်မှုတ်၍ ချာခနဲ လှည့်ထွက်ရန်အပြင် ရှို့သံယာဟာ သူမထင်မှတ်ထားသော အပြုအမူတစ်ခုကို ရဲတင်းစွာ ပုံဖော်တော့၏။
 
"ဟိတ်ကောင်...မင်း"
 
အလှစ်ငိုက်မိနေချိန် လက်နှစ်ဖက်ကို နောက်ပြန်ဆွဲချူပ်လိုက်သောကြောင့် သူအလန့်တကြားရုန်းထွက်သည်။ အင်အားချင်း ညီမျှသည့်အပြင် သူ့တစ်ကိုယ်လုံးကို ပိုင်နိုင်စွာ အချူပ်ခံထားရသည့်အတွက် ဝရုန်း၏ ကိုယ်ဟာ သံယာ့ရင်ခွင်ထဲဝင်မတတ်။
 
"မင်းဟာမင်း အေးဆေးနေနော် ဝရုန်းသိုင်းမာန်"
 
"မနေတော့ ဘာဖြစ်လဲ....မင်းကိုငါဆရာမနဲ့ တိုင်မှာ...လွှတ်စမ်း....အား နာတယ်"
 
"မလွှတ်ဘူး...မင်းက တိုင်မှာ"
 
လက်နှစ်ဖက်လုံးကို နောက်ပြန်လိမ်ချူပ်ထားသည့်အပြင် အားနေသည့် လက်တစ်ဖက်ဖြင့် ဝရုန်း၏ ပုခုံးကို ဆွဲဖက်ထားသောကြောင့် အနေအထားဟာ သိပ်မဟန်လှ။
 
ထိုစဉ် ရေအိမ်ဆီသို့ လျှောက်လာသော တရှပ်ရှပ်ခြေသံ....အားကိုးတကြီးဖြင့် ပါးစပ်ကိုဖွင့်ကာ...
 
"ကယ်ကြပါအုံးဗျ...အွန်း..."
 
"ရှူး...."
 
လက်ဖြူဖြူလေးတစ်ဖက်က သူ့ပါးစပ်တစ်ခုလုံးကို အုပ်၍ တင်းကြပ်စွာ ပိတ်လှောင်ထားသည်။ သံယာခေါင်းကို နည်းနည်းစောင်း၍ အပြင်သို့ လှမ်းကြည့်တော့ ဆရာဦးမြင့်ဇော်....။ ရေအိမ်မဝင်ခင် ကျောင်းသားတစ်ယောက်နှင့် စကားပြောနေသည်မို့ တော်ပါသေး၏။ သို့ရာတွင် ခဏနေလျှင် ရေအိမ်လမ်းထဲဝင်လာတော့မည်ဖြစ်သည်။
 
"ဟိတ်ကောင်....တိတ်တိတ်နေ...."
 
"အွန်း...အွန်း..."
 
သေးသေးကွေးကွေးမဟုတ်သည့် မိမိနှင့်အလေးဆတူသော ခန္ဓာကိုယ်ကြီးကို မနည်းဆွဲချူပ်ကာ ဘေးဖက်ဆီမှ အနီးဆုံးရေအိမ်ထဲသို့ အတင်းအကြပ် ဝင်ပုန်းရသည်။ အထဲရောက်လေမှ တံခါးကို ချက်ကျလိုက်ရင်း လွှတ်လိုက်လျှင် ချက်ချင်းပြေးမည့်ကောင်ကို နံရံ၌ ဖိကပ်၍ ပါးစပ်ကိုလည်း လွှတ်ပေးသေးလို့မရ။ ထိုကောင်ကတော့ ဝူးဝူးဝါးဝါးနှင့် ရန်စောင်နေသည်မှာ မသိလျှင် ပြဿနာကို သံယာကပဲစသလိုလို။
 
"-ီးဖြစ်လို့ အော်နေတာလား...တိတ်တိတ်နေ....မင်းအသံထွက်မယ်ဆို ငါမင်းကို လွှတ်မပေးဘူး"
 
ရေအိမ်က လူတစ်ယောက်အတွက်တောင် ကျဉ်းမြောင်းလှသည်မို့ ခုသူတို့နှစ်ယောက်မှာ ခန္ဓာကိုယ်ချင်းပူးကပ်နေ၍ အတော်ပင် ဘေးကြပ်နံကြပ်ဖြစ်လှသည်။ သူ့ကို အားကြီးဖြင့် ဖိထား၍ ဆရာသွားမသွား အနည်းဟနေသော တံခါးလေဝင်ပေါက်ကြားမှ ချောင်းနေသည့် ရှို့သံယာ၏ မျက်နှာပြင်ဟာ အမြင်အာရုံအပြည့် နီးကပ်လို့နေသည်။
 
အလယ်ခွဲထားသော ဆံပင်ညိုညိုများက ဘေးတစ်ဖက်တစ်ချက်စီ ကွေးညွှတ်နေသည်မှာ ကိုင်းပင်ကို အလယ်မှ ချိုးထားသလို ပုံစံတကျ။ ပြောင်ရှင်းနေသော နဖူးသားအောက်မှ အညိုရောင်မျက်ခုံးများနှင့်ထပ်တူ မျက်ဝန်းမှိုင်းမှိုင်းများက ယောက်ျားတန်မဲ့လှနေသော်လည်း မွေးရာပါအားနည်းသောကြောင့် ပါဝါမျက်မှန်ထူထူအောက် အမြဲမထင်ပေါ်ချေ။ နှုတ်ခမ်းရဲရဲနံဘေးက မည်းနက်နေသော စပါးတင်မှည့်ဟာ သူ့အသားဖြူဖြူတွင် ဆေးစက်တင်ထားသလို။
ထိုမှည့်ဟာ မိန်းမဆန်သည်ဟု ထင်ရသော်လည်း ဖြောင့်စင်းနေသော နှာတံကြောင့် ရှို့သံယာဟာ ယောက်ျားပီသစွာ ခန့်ချောကြောင်း သူ လက်မခံချင်ဘဲ လက်ခံရပါသည်။
 
အမြင်အာရုံက အားနည်းလှသောကြောင့် အပေါက်သေးသေးမှ ချောင်းမြောင်းကြည့်နေရတာ သိပ်အဆင်မပြေသော်လည်း ဆရာထွက်သွားတာတော့ သိလိုက်၏။ ထိုအခါမှ သက်ပြင်းရှည်ကြီးချကာ ဝရုန်းသိုင်းမာန်ကို သတိတရလှည့်ကြည့်မိတော့ ရုန်းကန်ခြင်းမရှိတော့ဘဲ သူ့ကို မျက်မှောင်ကြီးကြုတ်၍သာ ကြည့်နေ၏။
 
အသက်ရှုကြပ်နေဟန်ရှိသောကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့်လျှောလျှင် မိမိတရားခံဖြစ်မှာစိုး၍ လက်ကို ဖွဖွဖယ်ပေးလိုက်လျှင်....
 
"ငါ-ိုးမသား!"
 
ဆဲသံခပ်နွေးနွေးနှင့်အတူ မျက်နှာပြင်ဆီလာရိုက်ခတ်သော သူ့ထွက်သက်။ မှန်ပါသည်။ သူတို့နှစ်ယောက်၏ အကွာအဝေးက ထိုမျှလောက်သာ ဝေးပါ၏။
 
"မင်း ဘာလို့ စီးကရက်တွေသောက်နေတာလဲ?"
 
"မင်းနဲ့မဆိုင်ဘူး"
 
"အေး....အဲ့ဒါဆို ဆရာမနဲ့ တိုင်မယ်"
 
"ကျစ်!...ငါသောက်တာမဟုတ်ဘူး ၊ စမ်းကြည့်တာ"
 
"အေး...ဆရာမနဲ့တိုင်မယ်"
 
"ဘာ...မင်း!"
 
ဘယ်လိုပြောပြော ဆရာမနှင့်တိုင်သည်ပဲ ထွက်လာသည်မို့ ဒီ့ကောင့်ကို ဘယ်လိုပါးစပ်ပိတ်ရမလဲ စဉ်းစားရင်း အကြပ်ရိုက်ရပါသည်။
 
နှုတ်ခမ်းတွန့်ရုံ မထီပြုံးပြုံးပြီး ရေအိမ်ဂျက်ကို ပြန်ဆွဲဖွင့်နေသည့် ဝရုန်းသိုင်းမာန်၏ လက်ကို ဖျတ်ခနဲဆွဲ၍ အဆင်ပြေစေမည့် ဖြန်ဖြေချက်ကို ဖျစ်ညှစ်ထုတ် ပြောမိသည်ကား....
 
"မသောက်တော့ဘူး" ဟူ၍သာ။
 
ထိုအခါမှ ဝရုန်းသိုင်းမာန်က...
 
"အဲ့ဒါဆိုလဲ ပြီးတာပဲ....မင်းကြောင့် ငါတို့အတန်းသိက္ခာကျတယ်"
 
ဘောက်ဆတ်ဆတ်စကားအသွားအလာအရ မတိုင်လောက်တော့ဘူးဟု ယုံကြည်မှသာ သူ့လက်ချောင်းများကို လွှတ်ပေးမိသည်။ ဘုကြည့်ကြည့်၍ တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ခပ်တည်တည်ထွက်သွားသော်လည်း ကိုဝရုန်းသိုင်းဟန်ဆီမှ ရနေကျ ရေမွှေးနံ့ယဉ်ယဉ်က စွဲကပ်ကျန်နေခဲ့၏။ ဒီကောင် ထုံးစံအတိုင်း သူ့အကို၏ ရေမွှေးများ ယူသုံးဟန်တူပါသည်။
 
အနီးကပ်မြင်လိုက်ရသော ညိုစိမ့်စိမ့်မျက်နှာချောက အတွေးထဲ ပြန်ထင်ဟပ်လာရာတွင်တော့ အပြစ်မရှိသည့် ရေအိမ်အုတ်နံရံကိုသာ မျက်စောင်းထိုးမိသည်။
 
"မျက်နှာဆိုးနဲ့ မအေ-ိုး!"
 
__________________
 
၂၀၂၃ ခုနှစ် ..
 
စာသင်ကြားပြီး၍ ညောင်းညာနေသော ကိုယ်ခန္ဓာက Season မှာ သက်တောင့်သက်သာထိုင်ခြင်းဖြင့် နေရအဆင်ပြေလာသည်။ မကြာခင် လာမည့်သူကို စောင့်ရခြင်းဟာ  ဆယ်ကျော်သက်အရွယ် လူပျိုဖြန်းလေးတစ်ယောက် ဖွင့်ပြောထားသော သူ့ချစ်သူဆီမှ အဖြေတောင်းရသလို စိတ်လှုပ်ရှား ပင်ပန်းလှသည်။ စားပွဲပေါ်သို့ လက်ချောင်းများဖြင့် တတောက်တောက်ခေါက်ကာ တုန်ယင်နေသော ရင်ခုန်သံကို ထိန်းချူပ်ရင်း ရှို့ကြိုက်တတ်သည့် ကော်ဖီခါခါးနှင့် Cheese cake ကို မှာပေးထားမိသေး၏။ မသေချာသော်လည်း သူအရင်လိုနှစ်သက်ဆဲဖြစ်မည်ဟု မျှော်လင့်ရုံသာ...။
 
ထို မျှော်လင့်သော အရာများထဲတွင် ရှို့ မြတ်နိုးခဲ့သည့် ဝရုန်းသိုင်းမာန်ဟူသော မိမိကို ထိပ်ဆုံးမှ ထည့်တွေးရင်းဖြင့် လက်ဖက်ရည်ပူပူကို ရင်မောစွာ မွှေနေမိသည်။
 
"ဝရုန်း...."
 
ခေါ်သံက ညင်သာနူးညံ့လှသော်လည်း ကိုင်ထားသော ဇွန်းလေးကို ဆတ်ခနဲ လွှတ်ချမိသည်အထိ သူ့နှလုံးခုန်သံတွေ မြန်နေသည်။ မျက်နှာကိုငုံ့လျှိုးထားသည့်တိုင် သံယာတစ်ယောက် အဖြူရောင် Pants အပျော့နှင့် မီးခိုးရောင် Sweet shirt ကို တွဲ၍ ဝတ်ဆင်ထားမှန်း မြင်လိုက်ရသည်။
 
စားပွဲပေါ် ကားသော့လေးတင်လိုက်သည့် အသံနှင့်အတူ လေကိုခွင်း၍ ရွှေ့လျားသွားသော သူ့လက်ချောင်းသွယ်များ ကော်ဖီခွက်လေးကို ဆွဲယူလိုက်သည်အဆုံး  အနေအထားများဟာ ကျယ်လောင်မွန်းကြပ်လွန်းလှသည်။
 
"မင်း သင်တန်းသားတွေက များသားနော်"
 
"မင်းက ခုမှ ငါ့ဆီလာတာမဟုတ်ဘူးလား"
 
"မဟုတ်ဘူး....မင်းသင်နေတဲ့တစ်ချိန်လုံး ငါစောင့်နေတာ....Season ထဲ မင်းဝင်သွားပြီး ခဏအကြာမှ ငါလိုက်လာတာ...."
 
ဝရုန်းနှင့် ရိုးရိုးသူငယ်ချင်းအဖြစ်သာ ပတ်သတ်ခဲ့ဖူးသလို ပီဘိရိုးသားဖြူစင်ဟန်ပြနေသော မောင်မင်ကြီးသားအား လွန်စွာ မုန်းတီးရင်နာမိသော်လည်း....လက်တွေ့မှာတော့ သူနှင့် ဆီလျော်အောင်သာ ပြောဆိုဆက်ဆံနေမိသည်။
 
"ဆယ်တန်းလေးတွေ မြင်မှ ငါတို့ဆယ်တန်းတုန်းက အချိန်ကိုတောင် သတိရသလိုပဲ"
 
"အေး...."
 
"ခေါင်းမော့ပါဦး....ဝရုန်းရယ်....ငါကမင်းကို ကိုက်စားမှာမို့လို့လား"
 
စရောက်ကတည်းက သူ့လက်ဖက်ရည်ခွက်ကိုပဲ အကြည့်ပို့နေသည်မို့ အရဲစွန့်ပြောမိကာမှ မျက်မှောင်ကြုတ်လျက် မော့ကြည့်လာသည်။
 
"လိုရင်းကိစ္စကိုပဲပြော...ရှို့သံယာ"
 
နာမည်အရင်းခေါ်သံကြောင့် ကွက်ခနဲပျက်သွားသော မျက်နှာမှ ဝမ်းနည်းမှုအရိပ်အယောင်များကို လိုက်မဖမ်းရဲ။
 
"ငါ..."
 
စားပွဲပေါ်တင်ထားသော သူ့လက်တစ်ခုလုံးကို အုပ်ကိုင်လာသော လက်ချောင်းများ....ဝရုန်း မရုန်းမိပါ။
 
"ငါ မင်းကို ချစ်တယ်..."
 
"....."
 
"ငါ့ကို ပြန်လက်ခံ...."
 
ဆွဲကိုင်ထားသော လက်ကို အသာဆွဲဖယ်လိုက်ပြီးမှ....
 
"မင်းရဲ့ အမျိုးသမီးရော နေကောင်းလား?"
 
တွေးတောင် မတွေးဝံ့သော ဤအသုံးအား နှလုံးသွေးတစက်စက်ကျလျက်ပင် ထုတ်မေးလိုက်ရသည်။

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now