အပိုင်း-(၂၀)

15.2K 1.8K 236
                                    

"နေကောင်းရဲ့လား တီချို..."

ဖန်စားပွဲပေါ်က ကော်ဖီခွက်က နွေးထွေးမှုရှိပေမဲ့ တီချို့အပြုံးတွေက အရင်လို မနူးညံ့တော့။ စိုးရိမ်ပူပန်ခြင်းများစွာ ကြီးစိုးနေလျက် တီချို နွမ်းလျနေသည်။ စိတ်မကောင်းစွာ ဆိုရလျှင် တီချို့ကိုကြည့်ရတာ သံယာအပေါ် အရင်လို မေတ္တာမရှိတော့သလို ခံစားရသည်။

"ကောင်းပါတယ် မင်းနဲ့မင်းဇနီးရော"

ကျော်နင်းလာမဲ့ ဘောင်ကို အမျိုးသမီးတစ်ဦးနှင့် သေသပ်စွာ ပိတ်ချသည်။ အိမ်နေရင်းအပြင်အဆင်၌တောင် ရင်ဖုံးနှင့်ထဘီအညိုဖျော့ကို ကျကျနနဝတ်ဆင်တတ်ခြင်းသည် ဝရုန်းနှင့်တူသော အလေ့အကျင့်တစ်ခုဖြစ်မည်။

"ကျွန်တော်တို့ ကွာရှင်းလိုက်တာ ကြာပြီ။ အင်း...ဝရုန်း တီချို့ကိုမပြောဘူးလား?"

မျက်ခုံးလေးပင့်လျက် တအံ့တသြခေါင်းရမ်းမိသည်။

သံယာနဲ့ တွေ့ခဲ့ကြသည်ကို သား သူမအား ပြောပြသင့်သည်။

"မာန်နဲ့တွေ့တာဘယ်လောက်ကြာပြီလဲ သား?"

"တစ်လနီးနီးတော့ ရှိပြီ အန်တီ..."

သံယာက ကော်ဖီကို တတုံ့တုံ့သောက်နေရင်း ပေါ့ပါးစွာ ဆိုသည်။ ကောင်လေးကိုကြည့်ရင်း ဘယ်နှခါမှန်းမသိအောင် ချမိနေသော သက်ပြင်းရှိုက်သံများက ပူလောင်လှသည်။

"ဒါနဲ့ တီချို့ဆီလာတာ ဘာကိစ္စရှိလို့လဲ သံယာ"

"ရှေ့လျောက် ကျွန်တော်နဲ့ဝရုန်း ဇာတ်လမ်းပြန်စတော့မှာမို့ တီချို့ကို ကြိုအကြောင်းကြားထားတာပါ..."

"ဘာရယ်..."

ဟုန်းခနဲ ဒေါသထွက်သွားသော်လည်း အသက်အရွယ်နဲ့အဆင့်အတန်းအရ စိတ်ကိုမနည်းလျှော့ချကာ ဒေါသတို့ကို တလိမ့်ချင်း ပြန်သိမ်းလိုက်သည်။ မျက်စိရှေ့က မိမိသားအရွယ်ကောင်ကလေးအား စူးရဲနေအောင် ကြည့်ရုံနှင့် အမေတစ်ယောက်၏ ဆန့်ကျင်မှုကို ထင်းထင်းပြသော်ငြား ဂရုမစိုက်သော မဲ့ပြုံးတစ်ခုကိုသာ ပြန်လည်ရရှိသည်။

"မင်းအရင်လိုမဟုတ်ဘူး သံယာ...အရမ်းရိုင်းလာတယ်..."

"တီချိုက ခုတော့ ကျွန်တော့်ကို အဲ့လိုပြောပြီပေါ့။ ဒါပေမဲ့ဗျာ...ကျွန်တော်က တီချိုနဲ့ အဆင်ပြေချင်တာ..."

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now