မှိုင်းရီ မှိုင်းလဲ့နှင့် တိမ်ငွေ့ညိုသော ညနေခင်းပင် ဖြစ်သည်။ မေမေတို့နှင့် သွားတွေ့ပြီး အချိန်လင့်သွားသဖြင့် ဝရုန်းမှာ ညနေစောင်းမှ အိမ်ပြန်ရောက်နိုင်သည်။ အိမ်အောက်ထပ်တွင် သံယာ့ကို မတွေ့။ ထိုကြောင့် သူသည် လှေကားများမှ တက်ပြီး အပေါ်ထပ် အိပ်ခန်းသို့ တန်းဝင်လာခဲ့သည်။
အိပ်ခန်းရှိ ဝရံတာတွင် သံယာ၏ ကျောပြင်ကို တွေ့ရသည်။ သံယာ ဖုန်းပြောနေသည်။
သူက ဝရံတာ၏ တံခါးကို တွန်းဖွင့်ပြီး သံယာ့ အပါးချဉ်းကပ်သွားလိုက်သည်။
"ကျွန်တော် သိပါတယ် ကိုလင်း"
ဤ ကိုလင်း ဆိုသူနှင့် သံယာ ဖုန်းပြောလေ့ရှိကြောင်း သူ သတိထားမိခဲ့သည်မှာ ကြာပြီ။ လုပ်ဖော်ကိုင်ဖက်လော။ မိတ်ဆွေလော။
သံယာက နောက်ပါးတွင် သူရောက်နေသည်ကို မသိ။ ဘာတွေများ သည်လောက် အရေးကြီးတာ ပြောနေလို့လဲ။
"ရုန်းလား ... အင်း သူနဲ့ကျွန်တော် အဆင်ပြေနေပြီ"
ရုတ်တရက် သူ့ နာမည်ကြားလိုက်ရ၍ ဝရုန်းသည် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ တစ်ဆက်တည်း အသက်ရှုသံကလည်း ပြင်းသွားသည်။ ထိုအခါ သံယာက ဖျတ်ခနဲ လှည့်ကြည့်၏။
"ရုန်း ... မင်းဘယ်တုန်းက ရောက်နေတာလဲ "
သံယာ့ အမေးမှာ ထိတ်ထိတ်ပြာပြာ ရှိလှသည်။ တစ်ဆက်တည်း သူ ပြန်မဖြေမီ ..
"ကျွန်တော် ခဏနေမှ ပြန်ဆက်လိုက်မယ်နော် ကိုလင်း"
ဖုန်းကို ချလိုက်သည်။ သူက မဆိုင်းမတွ စစ်မေးလိုက်သည်။
"ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ"
"ငါ့အသိ ဆရာဝန်တစ်ယောက်ပါ"
သံယာက ပြန်လည် ငြိမ်သက်သွားသည်။ သို့မဟုတ် သူ့ အံ့သြမှုကို ထိန်းလိုက်ခြင်းလည်း ဖြစ်နိုင်ပါ၏။ ထို့နောက် သံယာသည် ဝရုန်း၏ လက်ကို ဆွဲကာ အခန်းထဲ ခေါ်လာခဲ့သည်။
"သူ့နာမည် ဘယ်သူလဲ"
"ဒေါက်တာလင်းထက်သူ"
"ဘယ်သူလဲ .. ငါလဲမသိပါလား"
သံယာက ဖွဖွပြုံးပြီး သူ့ ဦးခေါင်းကို ပုတ်သည်။
"မင်းသိမှာမဟုတ်ဘူး ... ငါနဲ့ ဟိုမှာ ခင်လာတာ ... ညစာစားပြီးပြီလား"
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....