တစ်လအလိုတွင် သံယာ့အား အိမ်သို့ ပြန်ခေါ်လာခဲ့သည်။ မည်သည် ရောက်ရန် လိုသော တစ်လဟု အတိအကျ မပြောနိုင်။ အကြမ်းဖျင်းသဘောမျှသာ ယူဆနိုင်ပြီ။
ဝှီးချဲ၏ လက်ကိုင်တွင် သံယာ့ လက်များ အသာ တင်ထားသည်။ ဆုပ်ကိုင်နိုင်ရန် အားသတ္တိတို့ မရှိသဖြင့် တင်ရုံလေးပင်။
လေသွေ့မှာ တစ်ချက်ပြီး တစ်ချက် ဝေ့သည်။ ခြံမှတစ်ဆင့် အိမ်ထဲသို့ ဝင်ရာတွင်ပင် ထိုလေများကြောင့် သံယာ ချိနဲ့မည်ကို အထူးစိုးရိမ်ရသည်။
လူနာမှာ ငယ်ငယ်ရွယ်ရွယ်နှင့် ထက်မြက်သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ သို့ဖြစ်၍ လူနာမေးချင်သူများက တသောသော ဆက်သွယ်ကြသည်။ ဝရုန်းက ထိုအရာများကို လက်မခံ။ ဧည့်သည်ကို အိမ်ပေါက်ဝတင် ပြန်လွှတ်သည်။ အင်မတန် အပေါက်ဆိုးသော သင်တန်းဆရာဟု ထင်ကြပေလိမ့်မည်။ ကိစ္စမရှိ။
သံယာ စိတ်မညစ်ဖို့ ပိုအရေးကြီးသည်။ လူရင်းဖြစ်သော သူငယ်ချင်းများကိုသာ အချိန် နှင့် လက်ခံ၍ သံယာ့ကို ပေးတွေ့ဖြစ်သည်။
ဤသို့ဖြင့် ပိတ်ရက်တစ်ရက်တွင် ယုမှာ သံယာ၏ လူနာစောင့်အဖြစ် နေရာရလာခဲ့သည်။
ယုသည် ကားစွင့် လှပသော အဖြူရောင် နှင်းဆီပွင့်ကြီးများကို ကုတင်ဘေးရှိ စားပွဲပေါ်က ဖန်အိုးထဲသို့ ထိုးစိုက် အလှဆင်နေသည်။ ပြီးလျှင် သံယာ့ ဘေးသို့ လာ၍ ထိုင်သည်။
"နင်ရည်းစားရနေပြီဆို"
သံယာက ခပ်ငေါ့ငေါ့ ပြုံးတုံ့တုံ့ မေးရာ ယု မျက်နှာမှာ ရှက်သွေး အချို့ ဖြာကျသွား၏။
"ဟုတ်တယ် သူ့နာမည်က Dean တဲ့ ။ American လူမျိုးပဲ"
ယု၏ အဖြေကို သံယာက ကြည်လင်စွာ ပြုံး၍ တုံ့ပြန်သည်။ Dean ဆိုသော သူကိုပါ ရင်ဝယ် ကျေးဇူးတင်လိုက်မိသေး၏။ သူ့ သူငယ်ချင်းမလေးဟာ စစ်မှန်သော အချစ်နှင့် ထိုက်တန်လှသည်ကို ငယ်စဉ်ကတည်းက သတိထားခဲ့ပြီးဖြစ်သည်။ ထိုကြောင် သူ့လိုလူနှင့် တွေ့ခဲ့ရသည်ကိုပင် များစွာ အားနာမိခဲ့သည်။
ခုတော့ဖြင့် ယုမှာ တစ်ယောက်သောသူထံမှ စစ်မှန်သော အချစ်ကို ခံနေရပေပြီ။ ဝရုန်းကိုလည်း ထိုသို့ ဖြစ်စေချင် ... အို ဖြစ်လျှင် ကောင်းမည်။ သူ့မှာကား ချစ်ပေးနိုင်ရန် အချိန် သိပ်မရှိတော့လေ။
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....