1 (U)

2.5K 110 1
                                    

“သားရေ… မြန်မြန်လာလေကွယ်။ မေမေတို့ နောက်ကျနေလိမ့်မယ်။”

ဒေါ်ကေသွယ်တစ်ယောက် အိမ်ထဲကထွက်မလာနိုင်သေးသည့် သားဖြစ်သူ ‘နေမင်းခ’ကို လှမ်းခေါ်လိုက်ခြင်းပင်…။ သားဟာ သိပ်ကိုခေါင်းမာလွန်းသည်။ သိပ်ကို အစွဲအလမ်း သံယောဇဉ် ကြီးလွန်းသည်။

အခု ကျွန်မတို့က အိမ်ပြောင်းရွှေ့မလို့လေ။ ကျွန်မအမျိုးသားအလုပ်က အမြဲလိုလို ပြောင်းရွှေ့နေခဲ့ရပေမဲ့ ဒီနေရာလေးမှာတော့ ၅နှစ်လောက် နေထိုင်ခဲ့ကြရတယ်။ ဒီတော့ သားမပြောနဲ့ ကျွန်မတောင် ဒီနေရာလေးကို သံယောဇဉ်ရှိပါတယ်။ ဒီနေရာလေးမှာက  သားလေး သိတတ်စ အရွယ်ကတည်းက နေထိုင်လာခဲ့ကြရတာလေ…။ အခုဆို သားလေးတောင် ၁၀နှစ်သား အရွယ် ရောက်နေပြီ။ ကျွန်မလည်း ဘယ်ပြောင်းရွှေ့ချင်ပါ့မလဲ။

သားဟာလည်း ဒါကိုပဲ အမြဲဂျစ်ကျနေတော့သည်။ ဒီကနေ မပြောင်းချင်ကြောင်း၊ သူငယ်ချင်းတွေနဲ့ မခွဲနိုင်ကြောင်း… စသည်ဖြင့်ပေါ့။ သားလေးကို ချော့မော့ပြောပေမဲ့လည်း သားလေးက အခုချိန်ထိ လက်လျှော့ချင်သေးပုံမပေါ်။ အားမသန်လို့သာ မာန်လျှော့လိုက် ရပုံပေါ်သည်။ သားလေး ဟိုရောက်ရင်တော့ သူငယ်ချင်းအသစ်တွေနဲ့ ပျော်နိုင်လောက်မှာပါလေ…။

အိမ်ထဲမှ ခြေဆောင့်ကာ မှုန်ကုတ်ကုတ်ဖြင့် ထွက်လာသည့်သားကိုကြည့်၍ ကျွန်မ ခပ်ရေးရေးလေး ပြုံးမိသေးသည်။ ဘယ်လောက်ပဲ မပြောင်းချင်ကြောင်း ငြင်းဆန်နေပါစေ… တကယ် ပြောင်းရမှာသိထားသူမို့ သူ့ကိုယ်သူ ကြည့်ကောင်းအောင်ပြင်ထားဖို့တော့ မလစ်ဟင်းခဲ့ပါလေ။

ကားထွက်လာသည့်တိုင် သားမှာ ကျန်ခဲ့တဲ့ပုံရိပ်လေးတွေကို နှမြောတသဖြင့် လည်ပြန် တကြည့်ကြည့်ဖြင့် ကြည့်နေသေးသည်။ ကျွန်မလည်း သားလေးအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သားလေးဟာ သိပ်ကိုအဖော်မက်တယ်လေ။ အခုတော့ သူ့သူငယ်ချင်းတွေနဲ့ ခွဲခွာရတော့ သူလည်း ဝမ်းနည်းနေရှာမှာပေါ့…။

ကျွန်မတို့ပြောင်းရွှေ့မှာကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အလုံမြို့နယ်ကိုပါ။

သားလေးလည်း ဘယ်သူနဲ့မှ စကားမပြောဘဲ ကားပေါ်မှာအိပ်၍သာ လိုက်ပါလာခဲ့တယ်။ သားလေး ကျွန်မတို့ကို စိတ်ကောက်နေတယ် ထင်ပါရဲ့။ သားလေးကိုကြည့်ပြီး ကျွန်မကတော့ သက်ပြင်းတစ်ခုသာ ခိုး၍ချမိတော့သည်။ သိပ်လည်း အစွဲအလမ်း သံယောဇဉ်ကြီးတဲ့ကောင်လေးပဲ။

ခရီးဆိုက်လို့ ကားလည်းရပ်သွားခဲ့ပြီ…

ကျွန်မတို့နေထိုင်ရမဲ့ အိမ်လေးကိုကြည့်လိုက်ပြီး အရင်နေခဲ့တဲ့နေရာနဲ့ ယှဉ်ကြည့်မိတော့ တော်တော်လေးကို အဆင်ပြေပါတယ်။ လူခြေသိပ်မရှုတ်တဲ့ ရပ်ကွက်လေးတစ်ခုထဲက ခြံလေးတစ်ခုနဲ့ နံကပ်တိုက်လေးတစ်လုံးနဲ့ပေါ့။ အရင်နေရာမှာက ဒီလိုခြံနဲ့ဝန်းနဲ့ မဟုတ်ဘူးလေ။ တိုက်ခန်း‌လေးနဲ့ပဲ နေခဲ့ရတော့ အခုဒီနေရာလေးက ကျွန်မအတွက်တော့ သိပ်ကိုအဆင်ပြေပါတယ်။ သားလေး စိတ်ကြိုက်လည်း ဖြစ်မယ်ထင်ပါတယ်။ သား‌လေးက ခြံဝန်းနဲ့နေချင်ကြောင်း ခဏ ခဏပြောလို့ သူ့ဖေကြီးက သူ့သားစိတ်ကြိုက် လုပ်ပေးထားခြင်းဖြစ်မည်။

“သားလေး ထတော့လေ။ မေမေတို့ ရောက်ပြီ။”

ထိုတော့မှသာ သားလေးလည်း ထတော့သည်။ အိပ်ချင်မူးတူးဖြစ်နေတဲ့သားက သူ့လက်ခုံနဲ့ မျက်လုံးတွေကိုပွတ်နေတော့ တားရပြန်သေးသည်။ ဒီကလေးကတော့ အခုထိ စိတ်ဆိုးပြေသေး ပုံမပေါ်။ ဘယ်သူ့ကိုမှ စကားမပြောဘဲ ခြံထဲဝင်သွားခဲ့သည်။ ခြံထဲက ပန်းပင်လေးတွေလိုက်ကြည့်ပြီး ဒန်းလေးပေါ်တွင် သွားထိုင်နေပုံထောက်ရရင် သားလေးသဘောကျတယ်ထင်ပါရဲ့။ ကျွန်မ‌တို့လည်း ကားပေါ်က ပစ္စည်းတွေကိုချပြီး အိမ်ထဲဝင်ခဲ့လိုက်တော့သည်။

လရောင်တစ်ယောက် ခြံထဲမှာ အရုပ်ဆက်တမ်းကစားနေရာမှ မျက်နှာချင်းဆိုင်ကအိမ်သို့ ကားတစ်စီး ဝင်လာသောကြောင့် အမှတ်တမှတ် စပ်စုမိလိုက်သည်။ ကားပေါ်မှ ပစ္စည်းတွေကို အောက်သို့ချနေပုံထောက်ရရင်တော့ လူသစ်တွေပြောင်းလာပုံရသည်။ မီးဖိုခန်းထဲရောက်နေသည့် မေမေ့အား ထိုသတင်းကိုသွားပေးရပေမည်။

“မေမေရေ… ဟိုဘက်အိမ်ကိုလေ လူသစ်တွေပြောင်းလာပြီထင်တယ်။”

မီးဖိုခန်းထဲရောက်ရောက်ချင်း မေမေ့အား အမောတကောဖြင့် သတင်းပေးလိုက်သည်။

“ဟေ… ဟုတ်လား။ အဲ့ဒါဆို မေမေတို့ သွားကူပေးရအောင်လေ။ မိတ်ဆွေအသစ် တိုးတာပေါ့။”

သူ(မ)ပြောလိုက်တော့ သားလေး ‘လရောင်ဖြာ’ က သွားထပ်လေးတွေ ပေါ်သည်အထိ ပြုံးပြသည်။ သူ(မ)လည်း သိပ်ကိုချစ်စရာကောင်းတဲ့သားလေးရဲ့ ဆံပင်လေးတွေကို ဖွပေးရင်း ပြုံးပြလိုက်သည်။

အမေတစ်ခုသားတစ်ခု ဘဝလေးမို့ သားလေးသည်သာ မိမိဘဝရဲ့ ပျော်ရွှင်မှု၊ သားလေးအတွက်ကလည်း မိမိသည်သာ အားကိုးရာဖြစ်ပါတယ်။ လင်ယောက်ျားဆုံးသွားပြီးနောက် အရွယ်ကောင်းမိန်းမတစ်ယောက်အနေနဲ့ အားကိုးအားထားပြုဖို့ နောက်ယောက်ျားယူသည်ဆိုသည့် အဖြစ်မျိုး မိမိလက်မခံနိုင်။ သားလေးကို သူများနဲ့တန်းတူနေနိုင်ဖို့၊ သားလေးကို လိုလေသေးမရှိ ရလေအောင်ဖြည့်ဆည်းပေးနိုင်ဖို့ အလုပ်ကိုကြိုးစားလုပ်နေရတာကြောင့် သားလေးကို အချိန်ပြည့် ဂရုမစိုက်နိုင်တာကလွဲရင် မိမိဟာ တာဝန်ကျေတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေသည့် ရုံးပိတ်ရက်ဖြစ်စေ၊ အလုပ်အား၍ဖြစ်စေ မိမိရဲ့အားလပ်ချိန်တွေအားလုံးကို သားလေးကိုသာ အပြည့်အဝပေးခဲ့သည်။ မိမိဟာ သားလေးအတွက် မိခင်ကောင်းတစ်ယောက် ဖြစ်ရုံမက ဖခင် တစ်ယောက်ရဲ့တာဝန်တွေကိုပါ မလစ်ဟင်းရလေအောင် ထမ်းဆောင်ပေးနိုင်ခဲ့သည်။

“အိမ်ရှင်တို့… အိမ်ရှင်တို့…”

ဒေါ်ခိုင်ဝါတစ်ယောက် ကူညီလုပ်ကိုင်ပေးရန် မျက်နှာချင်းဆိုင်အိမ်သို့ ရောက်သည်နှင့် လူခေါ်လိုက်သည်။ အိမ်အတွင်းမှ ထွက်လာသော အမျိုးသမီးတစ်ဦးကိုမြင်လျှင် နွေးထွေးစွာ ပြုံးပြလိုက်သည်။

“ဘာကိစ္စရှိလို့ပါလဲရှင်။”

“ဪ အစ်မက ညီမတို့အိမ်ရဲ့ မျက်နှာချင်းဆိုင်အိမ်ကပါ။ ညီမတို့က ဒီအိမ်ကို ပြောင်းလာတဲ့သူတွေထင်တယ်။ အစ်မတို့ ကူ‌ပေးနိုင်တာရှိရင်ပြောပါ။ အားမနာနဲ့နော်…။”

“ဪ ကျေးဇူးတင်ပါတယ် အစ်မရယ်။ အခုလို မေးဖော်ရတဲ့အတွက် တကယ်ဝမ်းသာ ပါတယ်။”

“ရပါတယ် ညီမရယ်။ အိမ်နီးချင်းဆိုတာ တစ်ဦးအပေါ်တစ်ဦး ဒီလိုပဲ ကူညီရိုင်းပင်းရမှာပေါ့ မဟုတ်ဘူးလား။”

“ဟုတ်ကဲ့ပါ။ညီမတို့လည်း ရောက်ရောက်ချင်း မိတ်ဆွေရတာ တကယ်ကိုဝမ်းသာမိပါတယ်။ ကူပေးစရာတော့မလိုတော့ပါဘူး။ အားလုံးလည်း နေရာချထားပြီးပြီဆိုတော့လေ။”

မေမေနှင့် အန်တီကြီးတို့ စကားပြောနေစဉ် လရောင်တစ်ယောက် အိမ်အတွင်း ဝှေ့ဝိုက် ကြည့်မိရင်း စဉ်းစားမိသည်။ အရင်က ဒီအိမ်ထဲကိုတစ်ခါမှ ရောက်ဖူးတာ မဟုတ်ဘူးလေ။ အရင်နေသွားတဲ့ အိမ်ရှင်တွေက သိပ်ကိုအပေါက်ဆိုးသည်။ သား၊သမီးတွေထဲက လရောင်နဲ့ ရွယ်တူကောင်လေးဆိုရင်လည်း လရောင်ကို ကျောင်းမှာ အမြဲအနိုင်ကျင့်ခဲ့တာ မဟုတ်လား။ ဒီတစ်ခါ ပြောင်းလာတဲ့လူတွေကတော့ သိပ်ကို နွေးထွေးဟန်ပေါ်ပါတယ်။ ကောင်းကောင်းမွန်မွန်လည်း ဆက်ဆံတယ်။ ပြုံးလည်းပြတယ်။ ဒီတစ်ခါ ပြောင်းလာတဲ့လူသစ်တွေကတော့ သဘောကောင်းကြ လောက်မှာပါဟု လရောင်တွေးမိပြီးကြိတ်ပျော်မိသည်။

အတွေးတွေက သိပ်ကြာကြာတောင်မခံနိုင်ခဲ့။ အိမ်ထဲကို မှုန်ကုတ်ကုတ်ကြီးဖြင့်ဝင်လာတဲ့ ကိုကိုတစ်ယောက်။

“သားရေ… လာပါဦးကွယ်။”

မေမေနဲ့စကားပြောနေသည့် အန်တီမှ အိမ်ထဲဝင်လာတဲ့ မှုန်ကုတ်ကုတ်ကိုကို့ကို လှမ်းခေါ်လိုက်သည်။ လရောင် အဲကိုကို့ကို တကယ်ကြောက်မိသည်။ မျက်နှာက တင်းမာနေပြီး အကြည့်တွေကလည်း စူးရဲနေသည်။ သူကရော အရင်နေသွားတဲ့ ကောင်လေးလို လရောင်ကို အနိုင်ကျင့်ဦးမှာလားမသိဘူး။

“အစ်မနာမည်က ဒေါ်ခိုင်ဝါပါ။ ဒါက အစ်မသားလေးလေ… သားလေးနာမည်ကတော့ လရောင်ဖြာတဲ့။ အစ်မအမျိုးသားကတော့ သားလေးငယ်ငယ်ကတည်းက ဆုံးသွားခဲ့ပါပြီ။ အစ်မက ရုံဖွင့်ရက်တွေဆို ရုံးတက်နေရတော့ သားလေးကို ညီမတို့ဆီမှာပဲ အပ်ခဲ့ပါရစေ။”

မေမေက အစပြုပြီး မိတ်ဆက်ပေးလိုက်တော့ ဟိုဘက်က အန်တီကလည်း ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ပေးသည်။ ကျွန်တော့်ကိုလည်း ပြုံးပြသေးသည်။

“ဪ…ဟုတ်ကဲ့ပါ။ ရပါတယ်…။ ညီမနာမည်ကတော့ ဒေါ်ကေသွယ်ပါ။ ညီမအမျိုးသား ကတော့ ဦးသန်းထွန်းလို့ခေါ်ပါတယ်။ သူ နယ်ပြောင်းကျတာနဲ့ ဒီကို ပြောင်းလာရတာ။ ဒါကတော့ ညီမတို့ရဲ့ တစ်ဦးတည်းသောသားလေး နေမင်းခတဲ့။”

“သားလေးက ချစ်စရာကောင်းလိုက်တာ…စတိုင်ကလည်း အပြည့်ပဲ။ အစ်မသားထက်တော့ နည်းနည်းအသက်ကြီးမဲ့ပုံပဲနော်။”

မေမေက ဟိုကိုကို့အား ကြည့်၍ ချီးမွှန်းစကားဆိုလိုက်လျှင် ဟိုကိုကိုကလည်း ပြုံးပြသည်။ အဲ့ကိုကိုက ပြုံးလိုက်ရင်တော့ မေမေပြောသလို တကယ်ချောပါတယ်။ခုနကလိုများ မှုန်ကုတ်ကုတ်နဲ့ဆို တကယ်ကြောက်စရာကြီး။ အခုတောင် ကျွန်တော့်ကို ကြည့်နေတာ ကြောက်စရာကြီး…။ မေမေ့ လက်မောင်းအား တွဲကိုင်လိုက်ပြီး မေမေ့အနောက်၌ ပုန်းကွယ်နေလိုက်သည်။ တော်ကြာ အဲ့ကိုကိုက လရောင်ကို အနိုင်ကျင့်ရင်ဒုက္ခ။

“သားလေးက ၁၀နှစ်လေ။ အခုကျောင်းဖွင့်ရင် လေးတန်းတက်ရတော့မှာ။ အစ်မသားလေး ကလည်း တကယ်ချစ်စရာလေးပါနော်။”

“ဟုတ်လား… ဒါဆိုရင် အစ်မသားလေးနဲ့ အတူတူပဲပေါ့။ သားလေးလည်း လေးတန်းတက် ရမှာ။”

ခြံထဲမှ အိမ်ထဲဝင်လာလာချင်း မေမေကလှမ်းခေါ်လိုက်သည်မို့ မေမေ့ဆီ သွား‌လိုက်သည်။ မေမေကတော့ အန်တီကြီးတစ်ယောက်နဲ့ စကားတွေပြောပြီး အပြန်အလှန်မိတ်ဆက်ပေးနေပေမဲ့ ကျွန်တော်အာရုံတွေကတော့ သူ့မေမေရဲ့လက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားတဲ့ အကောင်ပေါက် လေးဆီကိုသာ…။ ထိုကောင်လေးကကျွန်တော့်ကို တစ်ချက်တစ်ချက် ပြုံးပြုံးပြသေးသည်။ သူပြုံးလိုက်တိုင်း ပေါ်လာတတ်တဲ့သူ့ရဲ့ သွားထပ်ကလေးတွေက သိပ်ကိုချစ်စရာကောင်းသည်။

သူ့နာမည်‌က ‘လရောင်ဖြာ’တဲ့။ သူ့မျက်နှာလေးက နာမည်လေးနဲ့လိုက်အောင် လရောင်လေး လို အေးချမ်းလှပါတယ်။ ပါးမို့မို့ဖောင်းဖောင်းလေးတွေက လိမ်ဆွဲပစ်ချင်စရာ။ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်အုပ်အုပ်လေးတွေက ကိုင်ဖွပစ်လိုက်ချင်စရာ တကယ်ကောင်းသည်။ ကြောက်နေဟန် ဖြစ်နေသည့်ကောင်လေးက သူ့နှုတ်ခမ်းပါးရဲရဲလေးကို ကိုက်ထားလိုက်တာများ သွေးများထွက်နေပြီ လားတောင်မသိ ရဲတွတ်နေလေပြီ။ ဒါမှမဟုတ်ရင်တော့ သူ့နှုတ်ခမ်းလေးကိုက ပင်ကိုနီရဲနေတာ ဖြစ်မည်။

အတန်းတူရွယ်တူဟုသာဆိုတယ်… ထိုကောင်လေးက ကျွန်တော်နဲ့ ယှဉ်ကြည့်မယ်ဆိုရင်ဖြင့် လူကောင်အတော်သေးသည်။ ကျွန်တော်က အရပ် ၄ပေ၅လက်မရှိပေမဲ့ သူလေးအရပ်ကတော့ ၄ပေလောက်သာရှိမည်။ အသားအရည်ကလည်း ဖွေးဆွတ်နေတာမျိုးမဟုတ်ပေမဲ့ တကယ်ဖွေးသည်။ ကျွန်တော့်လို နေပူထဲ ဘောလုံကန်တတ်တဲ့သူကတော့ သူ့လောက်မဖွေးဘူးပေါ့ဗျာ။ ကျွန်တော့်လို မျက်ခုံးမွေးထူထူမည်းမည်းတွေမရှိပေမဲ့ အနေတော်သူ့မျက်ခုံးမွေးလေးက တစ်မျိုးဆွဲဆောင်မှု ရှိသည်။ ကျွန်တော့်လို ရှပ်အင်္ကျီအနက်‌ရောင်လက်ရှည်၊ ဂျင်းဘောင်ဘီအနက်ရောင်နဲ့ စတိုင်အပြည့် မဟုတ်ပေမဲ့ ချည်သားဝတ်စုံပွပွလေးနဲ့ ထိုကောင်လေးဟာ တကယ်ကို အူယားစရာကောင်းသည်။
“သားတို့ သွားကစားချင် ကစားကြလေ။ မေမေတို့ ဒီမှာ စကားပြောနေဦးမယ်။”
ကောင်လေးရဲ့အမေက စကားဆိုလာတော့ စဉ်းစားမနေတော့ဘဲ ကောင်လေးဘက်သွားကာ လက်ကောက်ဝတ်မှ ဆွဲခေါ်လာခဲ့လိုက်တော့သည်။ ကျွန်တော့်ခြေလှမ်းကျဲကြီးတွေနောက် ထိုကောင်လေးကတော့ မျက်လုံးဝိုင်းလေးတွေနဲ့ ကျွန်တော့်နောက် တရွတ်တိုက် ပါလာခဲ့သည်။ ခြံထဲက ဒန်းလေးဆီသို့ရောက်မှ ရပ်တန့်ပေးလိုက်ပြီး အနောက်လှည့်ကြည့်လိုက်ကာမှ ကောင်လေးခမျာ ဟော်ဟယ်လိုက်မောနေရှာသည်။ နဖူးမှ ချွေးပေါက်သေးသေးလေးတွေလည်း ထွက်နေသေးသည်။ အင်္ကျီလက်ရှည်ဝတ်ထားတဲ့ ကျွန်တော်ကပဲ ကောင်လေးနဖူးပေါ်က ချွေးပေါက် လေးတွေကို အင်္ကျီလက်ဖျံနှင့် သုတ်ပေးလိုက်တော့ ခုနကလို မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ ထက်ကြည့်ပြန်သည်။ အသည်းယားလွန်းလို့ ကိုင်ပေါက်ပစ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

နှစ်ဦးသား ဒန်းပေါ်ထိုင်နေမိတာ အချိန်မည်မျှ ကြာသွားသည်မသိပေမဲ့ ဘာစကား တစ်ခွန်းမှ မဆိုမိသေးပါဘူး။ နောက်ဆုံးမနေနိုင်တော့တဲ့ ကျွန်တော်ကပဲ စကားစဖို့လုပ်လိုက်သည်။

“နာမည်က လရောင်ဖြာ နော်။”

“ဟုတ် ဟုတ်ပါတယ် ကိုနေ။”

ရင်ထဲဒိန်းကနဲ။ ထိုကောင်လေးက ကျွန်တော့်ကို ကိုနေတဲ့။ ဘဝမှာ ဒီလိုအခေါ်ခံရတာ ပထမဦးဆုံးပဲ မဟုတ်လား။ ရင်ထဲ ပြောမပြတတ်တဲ့ခံစားချက်ကြီးကို ဖြစ်ပေါ်စေတဲ့ ထိုကောင်လေးကို ကျွန်တော်ကလည်း လရောင်လေးဟု မထိတစ်ထိပြန်ခေါ်လိုက်တော့ မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ကြည့်လာပြန်သေးသည်။

“အဲ့တာဆို ဒီနေ့ကစပြီး မင်းနဲ့ငါနဲ့ သူငယ်ချင်းတွေဖြစ်ပြီနော်။” ဟု လရောင်လေး ပုခုံးကို လှမ်းဖက်လိုက်ရင်းပြောလိုက်တော့ လရောင်လေးက ကိုယ်တစ်ချက်တုန်သွားပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ဖြေသည်။

“ဟုတ်… ဟုတ်ကဲ့ပါ ကိုနေ” တဲ့…။

ဘယ်သူထင်မှာလဲ… ရိုးရှင်းစွာတွေ့ဆုံခဲ့ရတဲ့ ကောင်လေးနှစ်ယောက်ကြားက သံယောဇဉ် ကြိုးဟာ အထပ်ထပ်ရစ်ပတ်နှောင်တွယ်ရင်း သုံးလွန်းတင်ကြိုးကဲ့သို့ ထုထည်ကြီးမား ခိုင်မာ လာလိမ့်မည်ဆိုတာ…။

28.7.2021(WED:)

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Nơi câu chuyện tồn tại. Hãy khám phá bây giờ