2 (U)

1K 77 0
                                    

“ကိုနေ ထတော့လေ။ ၉နာရီတောင်ရှိနေပြီ။ နေမြင့်နေပြီ သိရဲ့လား။ ကိုနေ ထတော့နော်… လိမ္မာတယ်။”

လရောင်တို့ရဲ့ နေ့စဉ်လုပ်ငန်းစပါပြီ။ မနက်ဆို လရောင်လေးရဲ့အမေက ရုံးသွားရတော့ လရောင်လေးကို ကျွန်တော်တို့အိမ်မှာ အပ်သွားလေ့ရှိတယ်။ လရောင်လေးက အိမ်ရောက်လာပြီ ဆိုတာနဲ့ ကျွန်တော့်ကိုနှိုးဖို့က သူ့တာဝန်လိုကို ဖြစ်နေပါပြီ။ အရင်က မေမေလာနှိုးရင်တောင် အမြဲ ဂျစ်ကျပြီး မထချင်တဲ့ကျွန်တော်လည်း လရောင်လေးရဲ့ တီတီတာတာစကားများကြားရလျှင်ဖြင့် ဘာကြောင့်မှန်းမသိ လိုက်လျောချင်နေမိတယ်။ ဒါပေမဲ့ အလိုလိုက်လို့ အကန်းတက်ရသည့် အဖြစ်မျိုးမဖြစ်စေရန် ပညာတော့ပြရပေဦးမည်။ ကျွန်တော်ခြုံထားတဲ့စောင်ကို အတင်းဆွဲဖယ် နေသည့်လရောင်လေးရဲ့ ခါးကျဉ်ကျဉ်မှသည် ဆွဲချလိုက်လျှင် လရောင်လေးလည်း ကျွန်တော့်အပေါ်သို့ မှောက်လျက်သားအနေအထားလေးဖြင့် ကျရောက်လာခဲ့သည်။

“ကိုနေ ဘာလုပ်တာလဲ။ ထတော့လို့…”

ရင်ခွင်ထဲကနေ ယက်ကန်ယက်ကန်ဖြစ်နေတာကို အခုထိနှိုးဖို့ကိုလက်မလျှော့သေးတဲ့ လရောင်လေးကို ဘယ်လိုများအပြစ်ပေးရပါ့။ လရောင်လေးခါးအား ခပ်တင်းတင်းလေး ဖက်ပစ် လိုက်ပြီး လေသံခပ်ပျက်ပျက်ဖြင့်စကားတစ်ခွန်းဆိုလိုက်သည်။

“ငြိမ်ငြိမ်နေ…ခဏလေးပဲ။”

ကျွန်တော်ပြောလိုက်တော့ ငြိမ်ကျသွားတဲ့ လရောင်လေးဟာ ကျွန်တော့်စကားကို တကယ် နားထောင်တယ်လို့များ သင်တို့ထင်ပါသလား။ အဲ့လိုထင်ရင်တော့ သင်တို့မှားသွားပါပြီ။ ခဏတာ ငြိမ်သွားပြီး များမကြာခင်မှာပဲ အသံသေးသေးလေးထွက်လာပြန်တယ်။

“လရောင်ရဲ့မေမေကလေ လရောင်ကို စကားတစ်ခွန်းပြောဖူးတယ် သိလား။ လရောင်တို့ အိပ်ရာထမှ လရောင်တို့ရဲ့ ကိုယ်စောင့်နတ်တွေက နတ်သဘင်အစည်းအဝေးကို သွားရတာတဲ့။ လရောင်တို့က အိပ်ရာထနောက်ကျလို့ ကိုယ်စောင့်နတ်က နတ်သဘင်အစည်းအဝေး နောက်ကျရင် သိကြားမင်းကြီးက လရောင်တို့ရဲ့ကိုယ်စောင့်နတ်ကြီးကို ကြိမ်လုံးကြီးနဲ့ရိုက်တာတဲ့။ အဲ့အခါကျရင် ကိုယ်စောင့်နတ်ကြီးက လရောင်တို့ကိုစိတ်ဆိုးပြီး အပြစ်ပေးတယ်တဲ့။ ကိုယ်စောင့်နတ်ကြီးက အပြစ်ပေးမှာကို ကိုနေမကြောက်ဘူးလား။”

“မကြောက်ပါဘူး။”

မှန်းချက်နဲ့နှမ်းထွက်မကိုက်သွားရှာတဲ့ လရောင်လေးက သက်ပြင်းတစ်ခုကို လေးပင်စွာ ချလိုက်ပြီး…

“ဒါပေမဲ့…”ဟု စကားစလိုက်လျှင်…

“လရောင်လေး… ကိုနေက စကားအရမ်းများတဲ့သူတွေဆို မကြိုက်ဘူး။”

ကျွန်တော်ထိုသို့ပြောလိုက်မှ သူ့ပါးစပ်လေးကို လက်လေးနဲ့ပိတ်ပြီး ငြိမ်ကျသွားတဲ့ အကောင်ပေါက်လေးပါ။ ဘယ်လိုကောင်လေးမှန်းကိုမသိဘူး။ အသည်းယားစရာလေး…။

သူ့ခါးလေးကိုဖက်ထားပြီးပြန်အိပ်နေတော့ လရောင်လေးဆီမှ အသက်ရှူသံပြင်းပြင်းတွေ ကိုလည်းကြားနေရပါတယ်။ အသားတွေ တဆက်ဆက်တုန်နေတာလည်းသိတယ်။ ဒီကောင်လေး ဘာတွေတွေးပြီး ကြောက်နေမှန်းကို မသိဘူး။ အရူးလေး…
မှေးကနဲပြန်အိပ်ပျော်ကာနီးမှ အောက်ထပ်က မေမေ့ရဲ့လှမ်းခေါ်သံကို ကြားလိုက်ရသည်။ လရောင်လေးကတော့ ကျွန်တော့်ဆီမှ အတင်းရုန်း၍ ထွက်ပြေးသွားပြီ။ ကျွန်တော်လည်း မျက်နှာသစ်၊ သွာတိုက်ပြီး အောက်ထပ်ကို ဆင်းလာခဲ့လိုက်တော့သည်။ အောက်ထပ်ရောက်တော့ လရောင်လေးကို မတွေ့မိ။ တစ်အိမ်လုံးရှာကြည့်ပြီး မတွေ့တဲ့နောက်ဆုံး မီးဖိုခန်းထဲကမေမေ့ကိုသာ မေးကြည့်လိုက် ရတော့သည်။

“မေမေ လရောင်လေးရော…”

“ဪ လရောင်လေးက မေမေဈေးသွားတုန်းက မှာလိုက်တဲ့ပစ္စည်းလေးတွေ သူ့အိမ်မှာ သွားပြန်ထားတယ်။”

“ဟုတ်လား…အဲ့တာဆို သားလည်းလိုက်သွားလိုက်ဦးမယ်နော်။”

အပြောကနောက် လူကတော့ အိမ်ရှေ့တံခါးဆီရောက်နေပြီရယ်။
မေမေ့ရဲ့ ‘ဟယ့် သား မနက်စာစားဦးလေ…’ ဆိုတဲ့ စကားကိုတော့
‘ပြီးမှစားမယ် မေမေရေ…’ဟူ၍သာ ‌ပြေးရင်း ပြန်ဖြေ ခဲ့လိုက်တော့သည်။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Où les histoires vivent. Découvrez maintenant