7

7.3K 301 1
                                    

လမ်းခွဲကြပြီးနောက်
Part 7
Memories

လောကကြီးက အခက်ခဲနှစ်ခုကိုချပေး၍ တစ်ခုကိုရွေးပါတဲ့။ မီးခဲချင်းအတူတူ ဘယ်ဟာက ပိုပူသလဲ ရွေးခိုင်းသလိုမျိုး...ဘယ်ဟာပဲဖြစ်ဖြစ် ပူလောင်ခြင်းဆိုတဲ့ ဂုဏ်သတ္တိကတော့ အတူတူ။

ဒေါ်စောနန်းခင်ဦးကို အိမ်ခေါ်လာတဲ့နေ့ကနေ သူမတို့လက်ထပ်ဖြစ်ကြတဲ့အချိန်ဟာ ၂လသာသာပဲရှိသည်။ မြန်လိုက်တာ...။ မင်္ဂလာပွဲညက ထိုလူသား၏ မညှာမတာပြောခဲ့ခြင်းများကို သူမ မေ့မရ။
"မင်းလည်းသိပြီးသားဖြစ်လောက်မှာပါ...ငါ့မှာ ဟန်နီချိုတစ်ယောက်သာရှိတယ်၊ နောက်ထပ်ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်ဘူး။ ငါ့ချစ်သူကို သစ္စာရှိချင်တယ်။ ဒီတော့...မင်း ငါ့ဆီကနေ ယောက်ျားတစ်ယောက်ရဲ့ကြင်နာယုယမှုမျိုး မမျှော်လင့်ပါနဲ့"
ကားသော့ကိုယူကာ... ထိုလူသားသည် ကျောခိုင်း၍ထွက်သွားခဲ့လေပြီ။
အိမ်ထောင်ငည်ယောက်ျားတစ်ယောက်ရဲ့ ထားရှိရမယ့် သစ္စာတရားကိုကျရော...ခင်ဗျားဘယ်ကိုကိုသွားထားလိုက်ပြီလဲ...သူမမေးခွန်းများသည် မျက်ရည်များအဖြစ်သို့သာ...။
ကုန်လွန်ခဲ့ပြီးသောကာလများကမေ၂၅ရက်နေ့များမှာ သူမမိဘတွေနဲ့အတူ မွေးနေ့ကိတ်ကိုခွဲခဲ့ကြသည်။
လွန်ခဲ့တဲ့၃နှစ် မေ၂၅ရက်နေ့ ဒီလိုနေ့မျိုးမှာ သူမမိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရသည်။ ဒီနေ့...
မေ၂၅ရက်နေ့... မွေးနေ့ကိတ်ကိုခွဲရမယ့်အစား မင်္ဂလာကိတ်ကိုခွဲခဲ့ပြီးပြီ။ မိဘတွေရဲ့နှစ်ပါတ်လည်မှာ
မင်္ဂလာဦးအခန်းထဲမှာ ငိုနေခဲ့ရပြန်ပြီ။ နောက်ထပ် ဘာတွေများ ကြုံတွေ့ရအုံးမှာလဲ။ နောက်ထပ်ဘယ်နှစ်နှစ်များကြာမှ မွေးနေ့ဖယောင်းတိုင်ကို မှုတ်ခွင့်ရမှာလဲ...
"Happy birthday to me, ThiriMay"
စားပွဲပေါ်က မီးအိမ်ကလေးကို မှိတ်ကာ... တစ်ယောက်ထဲငိုနေခဲ့ရသည်။ ထိုညက အသံတိတ်ဆုံးဖြတ်ချက်တစ်ချို့လည်း ချခဲ့သည်။
မပေးချင်တဲ့မေတ္တာအားအလိုမရှိသလို မလိုချင်တဲ့သူဆီကိုလည်း မေတ္တာတရားကို ဇွတ်အတင်းပေးဖို့အစီစဉ်မရှိကြောင်း...။ သူမ၏ အသည်းမာတတ်ခြင်းများက အဲ့ဒီကတည်းက ဖြစ်တည်လာတာ။ သို့သော်...မိဘတွေ ရှိစဉ်ကတည်းကလည်း မောင်နှမမရှိတစ်ယောက်ထဲ ကြီးပြင်းခဲ့ရသူမို့ စိုင်းနေရောင်ဟာ သူမအတွက် မိုးပေါ်က ကျလာတဲ့ အကိုရင်းတစ်ယောက်လိုမျိုး။
မပေးချင်တဲ့ချစ်ခြင်းမေတ္တာကို မျှော်လင့်ခဲ့ပေမယ့် ဖြူစင်တဲ့မေတ္တာမျိုး...ထုတ်မပြခဲ့တာပဲရှိတာ သူ့ကိုပေးခဲ့ပါသေးသည်။
"ဒေါ်လေး မေလေးပြင်ပေးတယ်ဆိုတာမပြောနဲ့နော်"
"ဘာလို့လဲ သမီးရယ် ကိုယ့်ယောက်ျားအတွက်မနက်စာပြင်ပေးတာပဲကို"
သူမက အရှက်သည်းစွာ...
"ဒီအတိုင်းပါပဲ"
ဒေါ်နွဲ့ရီသည် သူမအားနားမလည်စွာ ငေးကြည့်နေခဲ့သည်။ မလိုအပ်သောစေတနာကို သိသိသာသာရွာမပေးချင်သော သူမစိတ်ကို ဒေါ်နွဲ့ရီ နားလည်နိုင်မည်မထင်။ ရှင်းပြဖို့လည်း သူမတွင် ဆန္ဒမရှိခဲ့။ ဒေါ်နွဲ့ရီဆိုတာက ပိန်ပိန်သွယ်သွယ်... အသက်၅၀ခန့်သာရှိအုံးမည်။ စိုင်းနေရောင်ကို မွေးကတည်းက ထိန်းလာရသူဆိုတော့ သံယောဇဉ်ကြီးရှာသည်။ အိမ်ထောင်လည်းမပြုတော့ပဲ အပျိုကြီးအဖြစ်ဒေါ်နွဲ့ရီသည် ဤအိမ်၏ အလုပ်သမားသာမဟုတ် ဆွေးမျိုးရင်းချာပမာသာဖြစ်သည်။ စိုင်းနေရောင်ကလည်း သူမအား တလေးတစားဆက်ဆံသလို အဖွားဒေါ်စောနန်းခင်ဦးကလည်း ယုံကြည်ကိုးစားသည်။ ဟင်းကူချက်ရင်း၊ အိမ်ကူရှင်းရင်း စနေ တနင်္ဂနွေရက်များမှာ ခြံထဲမှာ ပန်းပင်တွေပျိုးရင်း သူ့အကြောင်းတွေကို သူမနားထောင်ခဲ့ရသည်။
"နေနေက သိပ်သနားစရာကောင်းပါတယ်ကွယ်"
တနင်္ဂနွေတစ်ရက်...အဲ့ဒီခြံကျယ်ကြီးထဲမှာ နှင်းဆီပန်းတွေ ဘုရားပန်းထိုးဖို့ ခူးနေကြတုန်း ဒေါ်နွဲ့ရီက ထိုကဲ့သို့ စကားစလာသည်။
"နေနေ့ကို နားလည်ပေးလိုက်ပါကွယ် သူငယ်ငယ်လေးကတည်းက သူ့မိဘတွေကွာရှင်းသွားကြပြီး အတူနေတဲ့အမေကလည်း ဘယ်လောက်မှမကြာဘူး ဆုံးသွားခဲ့တယ်။ သူ့မှာခင်တွယ်စရာဆိုလို့ ဟန်နီပဲရှိခဲ့တာဆိုတော့လေ..."
"သမီးနားလည်ပါတယ် ဒေါ်လေး... နားမလည်တာက သူတို့ချစ်ကြရက်နဲ့ ဘာလို့လက်မထပ်ခဲ့ကြတာလဲ
သူပဲ၂၈နှစ်ရှိပြီပဲကို"
ဖွားဖွား ပြောထားလို့ သူမ သူ့အသက်ကိုတော့ သိထားသေးသည်။
"ဖွားစောက သဘောမတူဘူးလေ...
နေနေက တဇွတ်ထိုးလေး စိတ်ကြီးပေမယ့် သူ့အဖွားကိုမလွန်ဆန်နိုင်ရှာဘူး...သူ့အဖွားလက်ခံအောင် ကြိုးစားနေတုန်းပေါ့"
"ဪ..."
"နေနေက သူ့အမေ နန်းမေလေး ဆုံးပြီး ၁၆နှစ်သားကတည်းက UKကို ထွက်သွားတာ။ ပြန်ရောက်တာ ၃နှစ်ရှိပြီ။ ငယ်ငယ်ကတည်းက မြန်မာပြည်ကထွက်သွားတော့ ဒီမှာ သူငယ်ချင်းမကျန်ခဲ့ဘူး။ ဖွားစောကလည်း ကလောက စံအိမ်ကို သိပ်ခင်တွယ်ရှာတာ။ ဒါပေမယ့် ကုမ္ပဏီက ဒီမှာဆိုတော့ သူတစ်ယောက်ထဲ ဒီမှာဖြစ်နေတာ... နေနေပြန်လာတုန်းက လေယာဉ်က အဆင်းမှာပြသနာဖြစ်ခဲ့တယ်လေ... ဆေးရုံမှာ ရက်အကြာကြီး သတိမေ့နေခဲ့ပြီး ဟန်နီနဲ့ အဲ့ဒီဆေးရုံမှာဆုံခဲ့တာ...ဟန်နီက ဆရာဝန်လေ သမီးသိလား"
"ဟင်...ဟုတ် သိပါတယ်"
သူမအတွေးများက ပြီးခဲ့တဲ့ မင်္ဂလာပွဲဆီသို့...
"ဒေါ်လေးကတော့ အဲ့ခလေးမကို သိပ်သဘောမကျပါဘူး။ သိပ်ရဲတင်းလွန်းတယ်ထင်တာပဲ ဒေါလေးကတော့ မေလေးကိုပဲ ချစ်တယ်"
ဒေါ်လေးချစ်သလိုမျိုး...သူမအား စိုင်းနေရောင်က ညီမလေးတစ်ယောက်လိုပဲဖြစ်ဖြစ် ငဲ့ကြည့်ပေးခဲ့ပါလျင်... အခုတော့ဖြင့်...။
"အာ့"
"ဟယ်ကြည့်စမ်း ဆူး စူးသွားပြီ ဂရုစိုက်မှပေါ့
ပြပါအုံး အရမ်းနက်သွားသလား"
ဒေါ်နွဲ့ရီက ပြောရင်းဆိုရင်း သူမလက်ကိုဆွဲယူကာ ရေပိုက်ခေါင်းက ရေဖြင့်ဆေးပေးသည်။ သွေးတွေ...ရဲရဲနီနေတာပဲ...နှင်းဆီတွေပေါ်မှာ။
အဲ့ဒီအနီရောင်ပေါ့... ဦးစိုင်းနေရောင်နဲ့ သူမ မင်္ဂလာဆောင်တဲ့
နေ့က ဟန်နီဆိုတဲ့ မိန်းကလေးဝတ်လာတဲ့ ဂါဝန်ဟာ
ဒီအရောင်။
မေ အနီရောင်တွေကို မုန်းတယ်။

လမ်းခွဲကြပြီးနောက်Where stories live. Discover now