S2_10

7.9K 272 0
                                    

လမ်းခွဲကြပြီးနောက် (season 2)
Part 10
I'll never give up you.

"ဟုတ်ကဲ့ ကျွန်တော် အဲ့ဘက်ကို သွားလိုက်ပါအုံးမယ်။ ဒီဘက်မှာလည်း meetingတွေနဲ့ အလုပ်ရှုပ်နေတာ"
"………"
"သိပါတယ် ဖွားစော... ဒါပေမဲ့ ပိုးထည်တိုက်ဆိုတာကြီးက ကျွန်တော်နဲ့မအပ်စပ်သလိုကြီး... ဆိုလိုတာက ကျွန်တော့်လုပ်ငန်းက ဆောက်လုပ်ရေးတွေ ဟိုတယ်တွေဆိုတော့... ကျွန်တော် ကိုင်တွယ်ဖို့ခက်နေတာပါ"
စိုင်းနေရောင် နားထင်ကိုဖိနှိပ်ရင်း တစ်ဖက်က ဖုန်းကို ဖြေနေမိသည်။
"ဟုတ်... ကျွန်တော် အမွေနှစ်ကို မပျောက်ပျက်စေရပါဘူး...။ ဖွားစောသာ ကျန်းမာရေးကို ဂရုစိုက်ပါ..."
"… … … …"
"ဟုတ် ပြန်လာမှာပါ....ဟုတ်ကဲ့"
ဖွားစောမှာသမျှကို ဟုတ် လိုက်ရင်း မောပန်းစွာ ဖုန်းချလိုက်ရသည်။ ရှေ့မှာပုံနေတဲ့ စာရင်းအင်းတွေပုံနေတာကို စိတ်ပျက်စွာ ငေးကြည့်နေမိရင်းမှ အလုပ်စားပွဲထောင့်က မင်္ဂလာဆောင်ဓာတ်ပုံမှဖျော့တော့တော့အပြုံးကို ငေးကြည့်မိသည့်ခဏ အေးချမ်းရသည်။ ရှိစဉ်က တန်ဖိုးမထားခဲ့ပဲနဲ့လို့ပြောချင်ပြော... သူမလေးထွက်သွားသည့်နောက်ပိုင်းကာလများသည်... နောင်တတို့အပြည့်ဖြင့်ဆိုတာလည်း... အနီးတစ်ဝိုက်က လူအားလုံးသိသည်။ရက်စက်ခဲ့မိပါလား ဆိုတဲ့စိတ်နဲ့ ကိုယ့်မှာ ယူကြုံးမရဖြစ်နေခဲ့ရခြင်းမှာ... သူမက အမွှာလေးနှစ်ယောက်နဲ့ပြန်လာခဲ့တော့လည်း... စိုင်းနေရောင် ဘာအပြစ်ကိုမှ မဆိုနိုင်ခဲ့ရ...။ ဘယ်လိုတွေကြုံတွေ့ခဲ့ရလဲ... ကလေးတွေအဖေဘယ်သူလဲ... တိုက်ရိုက်မမေးနိုင်ခဲ့တာကလည်း သူမလေးဘက်က သိသိသာသာ စိမ်းကားခြင်းတွေနဲ့ စည်းတွေ ချပြနေခဲ့သည်မို့... ဆုမြတ်ကို မေးတော့လည်း ဘာမှ ရေရေရာရာမသိရ။ single momပါတဲ့...။ ဒီလောက်ထိ ပေးသိတာကိုက ကျေးဇူးတင်ရမလို...။ ဆိုလိုတာက သူမမှာ လက်ရှိ ပိုင်ရှင်မရှိဘူးလို့ ပြောချင်တာမလား...
"ခန့်ကျော်... မင်း ဆုမြတ်ဆီ မသွားချင်ဘူးလား"
အခန်းထဲ ဖိုင်တွေတစ်ထပ်ကြီးသယ်လာတဲ့ အတွင်းရေးမှူးကို ဆီးမေးလိုက်တော့... ခန့်ကျော် ပြုံးမိသည်။ အလုပ်ပြီးလို့ ညချိန်တွေမှာ ဆေးလိပ်သောက်ရင်း အရက်သောက်ရင်း ခံစားချက်တွေပြောပြတတ်ပေမယ့် အလုပ်ချိန်တွေမှာဆို ကိုယ်ရေးကိုယ်တာကို ယောင်လို့တောင်မဟသည့် သူ့ဆရာက သီရိမေပြန်ရောက်လာပြီးနောက်ပိုင်း... ထိုကဲ့သို့စကားစလာတတ်ခြင်းတွေက...
"တွေ့ချင်တာပေါ့ဗျာ"
မတွေ့ချင်ဘူးပြောလဲ... သွားမည်ဆိုတာ သိနေပြီးသား။
"ဒါပေမဲ့ ဆရာ... စစ်စရာ ဖိုင်တွေကလည်း ထပ်နေတာ... schedule ကလည်း ကြပ်တယ်။ ၃နာရီမှာ အစည်းအဝေးက_"
"အလုပ်တွေက ခုတလော တအားကြပ်နေတာ။ ငါပင်ပန်းနေပြီ... အနားယူဖို့လိုအပ်တယ်။ မင်းလည်း အဲ့လိုမထင်ဘူးလား..."
သူက ကားသော့ယူကာ ရှေ့ကနေ ဦးဆောင်ထွက်လာတော့ နောက်မှာ ခန့်ကျော်တစ်ယောက် အထစ်ထစ်အငေါ့ငေါ့...။
"ဗျာ... ဟုတ်... ဟုတ်တာပေါ့
ချစ်တဲ့သူရဲ့မျက်နှာကိုမြင်ရတာ ပင်ပန်းသမျှပျောက်တာပေါ့"
စိုင်းနေရောင် ပေါ့ပါးစွာပြုံးလျက်... ကားပါကင်ဆီသွားရာခြေလှမ်း သွက်နေခဲ့သည်။
ပိုင်ရှင်မရှိဘူးတဲ့ လုံလောက်ပြီလေ။ သူမအတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့... လက်ခံပေးနိုင်သည့် ခွန်အားအပြည့်ရှိသည်။ ဆရာတို့ကိုကျေးဇူးဆပ်ဖို့... သူ့အဖွားအစား ကျေးဇူးဆပ်ဖို့... သူမကို ပြန်လည်ဖက်တွယ်ဖို့ သေချာပြီးရင်းသေချာနေရခြင်းမှာ သူကိုယ်တိုင်က သူမကို လိုလိုလားလား...။
***************
"ခဏခဏ လာနေရအောင် သူက သိပ်အားနေတာလား"
သီရိမေ တစ်ယောက်တည်း ရေရွတ်မိရင်း... ကလေးနှစ်ယောက်နှင့် မြူးတူးပျော်ပါးနေရာဆီသို့ မလိုမလားကြည့်မိသည်။
မေမေသဘောမကျရင် သားလည်းမကြိုက်ဘူးလို့ပြောခဲ့သည့် ပါပီကလေးကတောင် ထိုလူသားကို မကြာမီအချိန်အတွင်းမှာ လက်ခံသွားခဲ့ခြင်းကရော ဘယ်လိုဗျူဟာတွေလဲ...။ သူမတို့ မမုန်းခဲ့ကြပေမယ့် ချစ်ခဲ့သည်ဆိုသည့် ဆက်ဆံရေးလည်း မဟုတ်ခဲ့ပါပဲ။ သူမက ဒဏ်ရာစက်လက်ဖြင့် ထွက်သွားခဲ့ရသည့်တိုင် သူကတားခဲ့ခြင်းမရှိသလို သူ့ဘက်က လွမ်းဆွတ်နေစရာအကြောင်း မရှိသည်ကလည်း  အတိအလင်း... သံသယမရှိစွာ။ ဒါဆို ဘာလို့လဲ...။ ကိုယ့်ဘဝကိုယ် ဖြစ်နေခဲ့ကြပြီးမှ ဘာတွေစွက်ဖက်ချင်နေရသေးတာလဲ...အနေရခက်အောင်။ သီရိမေတွေဝေ ငေးမောနေရာမှ ပြန်လှည့်တော့ ဆုမြတ်၏ စူးစမ်းသည့်အကြည့်တို့နှင့်တိုးတော့ မျက်လုံးလေးကိုဘယ်ညာရွှေ့ရင်း အကြည့်တို့ရှောင်မိသည်။
ခင်ဗျားနဲ့ပတ်သတ်ရင် မလုံမလဲစိတ်တွေနဲ့ကိုယ့်မှာ...
"ကလေးတွေက ကိုနေ့ကို သိပ်ခင်တွယ်တာပဲ... လင်းလင်းလေးက ငါတို့အပေါ်တောင်စကားနည်းပေမယ့် ကိုနေ့ကိုတော့ စကားတွေပြောရှာတယ်..."
သူမမျက်လုံးများဆီ သူခိုးဖမ်းသလို ချောင်းမြောင်းရင်း စကားဆိုလာတော့ သူများ မသိနိုင်တဲ့ဝေဒနာက သီရိမေကို ဒုက္ခ ပေးသည်။ လူကြီးဖြစ်နေသည့်တိုင် ဂျင်းပင်တွေနဲ့ တီရှပ်တွေကို ယနေ့ထက်ထိ ပုံစံမပြောင်းဝတ်ထားသည့် သူက ကလေးနှစ်ယောက်နှင့် ခြံထဲမှာ ဘောလုံးကစားပုံက လွတ်လပ်ပေါ့ပါးစွာ... သူမ တစ်ဖန် သူရှိရာ ငေးမိရင်း သက်ပြင်းရှည်တစ်ခုချမိသည်။
တကယ်... ခင်ဗျားနဲ့ အဝေးကြီးမှာနေချင်တယ်...
ဘောလုံးကစားနေရာမှ သူမဆီကို လှည့်ကြည့်လာတော့ သီရိမေ ကဗျာကရာအကြည့်လွှဲပြန်တော့လည်း သူမကို အမိဖမ်းနေသည့် ဆုမြတ်မျက်လုံးများနှင့် ဆုံတော့ သီရိမေ ပြေးပေါက်မရှိ ချောင်ပိတ်မိသည်။ သူမက မျက်လုံးလေးများကို ဘယ်ညာပြေးလွှားကစားလိုက်ပြီး အခြေနေကို တစ်ခြားဆီ ဦးတည်ဖို့ စကားလုံးရှာရသည်။
"နင် ဘယ်တော့ မင်္ဂလာပွဲလုပ်မှာလဲ..."
ဆိုင်းမဆင့် ဘုံမဆင့် အမေးကြောင့် ဆုမြတ် ကြောင်သွားပြီးမှ ဆက်တီမှာ ဖုန်းသုံးနေသည့် ခန့်ကျော်ဆီ လှမ်းငေးသည်။
"မကြာခင်ပေါ့...။ ဒီလထဲတော့မဟုတ်သေးဘူး... နောက်လထဲ။ မေမေနဲ့ အန်တီခိုင်တို့ ရက်သတ်ဖို့ စီစဉ်နေကြတယ်... ဒါနဲ့ မေမေက နင့်ကို သတိရနေတယ်။ ပြန်ရောက်တာတောင် သူ့ဆီမလာလို့တဲ့...."
"ဟီး... လာမှာပေါ့။ အန်တီပို့ကို မနက်ဖြန်ညနေလာမယ်လို့... မေကြိုက်တဲ့ ငါးဆုပ်လုံးချက်ထားလို့ ပြောလိုက်"
ဆုမြတ် မျက်စောင်းခဲလိုက်ရင်း...
"မိန်းမ အစားအသောက်ကြီးပဲ..."
ဆုမြတ်က ပြောရင်းဆိုရင်း ခန့်ကျော်ဆီ ဒေါင်းတိမောင်းတိသွားကာ ပေတံကို ရွယ်လျက်...
"ကိုခန့် နင် ငါ့ဆီလာတာလား ဖုန်းလာသုံးတာလား"
"ဖုန်းသုံးနေတာမဟုတ်ဘူး ဆုမြတ်ရဲ့... ကိုယ်က ဒီမှာ ညနေအစည်းဝေးမှာ သုံးရမယ့် အချက်လက်တွေကို ပြန်ကြည့်နေတာ..."
ဖုန်းကိုထောင်ပြကာ... ဂဏန်းတွေနဲ့သူမနားမလည်နိုင်မည့် စာရင်းတွေ ထောင်ပြလာတာမို့ ဆုမြတ် စိတ်လျော့လိုက်ရသည်။
"အဲ့လောက်တောင်မအားနေတာကို လာနေသေးတယ်"
"ကိုယ့်ဆရာက relaxလာလုပ်တာတဲ့... ချစ်တဲ့သူ မျက်နှာကို မြင်ရတာ အမောပြေတယ်တဲ့လေ..."
မွန်မွန်နဲ့ ခေါင်းချင်းဆိုင်ကာ ဒီဇိုင်းအသစ်ချုပ်ဖို့တိုင်ပင်နေတဲ့ သီရိမေကြားစေရန် အသံကို မြှင့်ပြောလိုက်ပေမယ့်... သူမလေးက ခေါင်းပင်စောင်းငဲ့ကြည့်မလာ...။ သီရိမေဆိုတာက ဟိုအရင်ကတည်းက ပတ်ဝန်းကျင်ကို အာရုံမထားတတ်ခြင်းများနဲ့မို့... ခစားလာသည့်မေတ္တာများကို မမြင်တတ်ခဲ့ခြင်းလား။ ကိုယ့်ဆရာကပဲ... မြင်အောင် မပြတတ်တာလား...။
"မေမေ့..."
ခုလို နွေရာသီ နေ့လည်ခင်းမှာ သူမခြံဝန်းက အေးချမ်းသည်ဆိုသော်လည်း လှုပ်လှုပ်ရှားရှား ကစားလာသည်မို့ သုံးဦးသား ချွေးတို့ စို့နေခဲ့သည်။
စိုင်းနေရောင် ပွေ့လာသည့် ချီချီ့ကို လက်လွှဲပြောင်းယူဖို့ လှမ်းလိုက်ပေမယ့်...
"ချီချီ ဦးဦးတို့ အိမ်ကို လိုက်သွားချင်တယ်..."
သူမလေးက စိုင်းနေရောင်လည်ပင်းကို တင်းတင်းဖက်လျက် ဆိုလေတော့... သီရိမေ မျက်ခုံးပင့်ရသည်။ သူ့နောက်ကွယ်မှာ ရပ်နေတဲ့ လင်းလင်းကလည်း သူမဆီကို မော့ကြည့်လာလျက်...
"သားလည်း လိုက်သွားချင်တယ်"
နာရီဝက်ခန့်အတောအတွင်းမှာ ထိုလူသားက ဘယ်လို စည်းရုံးလိုက်သည် မသိ... လင်းလင်းပါ သူ့ဘက်မှာ ရှိနေခဲ့ရခြင်းက သူမ အံ့သြစွာ။ လင်းအာရုဏ်ဦးဆိုသည်က လွယ်လွယ်နှင့် သူစိမ်းတစ်ယောက်ကို ကျွမ်းဝင်ဖို့ ခက်ခဲသည့်ကလေး...။
"မေမေ မအားဘူးလေကွာ... လိုက်ချင်ရင် နောက်နေ့မှ လိုက်နော်"
သီရိမေ... သမီးငယ်ကို အတင်း သူမရင်ခွင်ဆီ ဆွဲယူလိုက်ရင်း လင်းလင်းကိုလည်း သူမနောက်ရောက်အောင် လှမ်းဆွဲလိုက်သည်။
ငါးနှစ်လောက်ပုန်းနေခဲ့ရခြင်းက သည်လိုမျိုး လွယ်လွယ်ဆုံးရှုံးရဖို့မှ မဟုတ်တာ... အပါမခံနိုင်ပါဘူး... ခင်ဗျားဆီကို။ ကလေးတွေခင်ဗျားနဲ့ ရင်းနှီးကျွမ်းဝင်နေတာကိုပင် မလိုလားတာ...။ အိမ်ခေါ်သွားမယ်တဲ့... အဲ့ဒီအိမ်က ဝင်ပြီးသွားရင် အလွယ်တကူ ပြန်မထွက်နိုင်အောင် ချုပ်နှောင်ခြင်းတွေနဲ့... ပြီးတော့ ဖွားစောနဲ့ဒေါ်လေးလည်း သည်ကလေးတွေကို မြင်လို့မဖြစ်ရသည့်အကြောင်းပြချက်တွေနဲ့မို့... ။
"ခင်ဗျားကို ကျွန်မစကားပြောဖို့ လိုလာပြီ"
နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ့ကို မမှိတ်မသုံဆိုလာသည့် သူမကို စိုင်းနေရောင် ငေးနေမိသည်။
ဒါက သူမ ပြန်ရောက်ပြီးမှ သူ့ဆီကို တည့်တည့်ရည်ရွယ်သည့်စကား...
"ပြောလေ... ဘာပြောမှာလဲ"
"ဒီမှာ မဟုတ်ဘူး... ကျွန်မနောက်လိုက်ခဲ့..."
အဖျားခတ်တုန်ရီသံလေးက သူမ ဒေါသထွက်နေတာကိုပြသည်။ အပြုံးတွေက လွဲရင် မျက်နှာပေါ်မှာ ဘာခံစားချက်မှ မပြတဲ့ကောင်မလေးက... သူ့ရှေ့မှာဆို မျက်နှာသေလေးဖြင့် အပြုံးများကိုပင် မသဒ္ဒါနိုင်ခဲ့သည်ကလည်း... သူ့အပြစ်များကြောင့်...။
စိုင်းနေရောင် အတွေးများဖြင့် သူမနောက်မှ တိတ်ဆိတ်စွာ လိုက်ခဲ့ပြီးမှ လှေကားတစ်နေရာသို့ရောက်မှ ကြည့်မိတော့... ခေါင်မိုးထပ်သို့တက်သည့် လှေကား...။ သူမ အဝေးမှာ ရှိစဉ်က ညတွေဆို စိုင်းနေရောင် ဒီအိမ်လေးဆီ ခဏခဏလာခဲ့သည်။ အိမ်ကိုသိမ်းထားခဲ့စဉ်က သော့တွေ ပြန်မပေးခဲ့ရတာမို့... အိပ်မပျော်တဲ့ညတွေဆို သူမနေခဲ့ဖူးသည့် အခန်းကလေးဆီ အမြဲလာနေကျ...။ အနည်းဆုံးတော့ သူ့အိမ်က သူမ၏ ပြောင်သလင်းခါနေသောအခန်းလေးထက် ထိုအခန်းကျဉ်းလေးက သူမ အငွေ့အသက်ပြည့်ရှိသည် ခံစားရသည်။ သို့သော် ဒီခေါင်မိုးထပ်ဆီ တက်ဖို့အတွက် မတွေးမိခဲ့တာကို... ရောက်ပြီ ဆိုတော့မှ နောင်တ ရမိသည်။
လှလိုက်တဲ့ မြင်ကွင်း...။
တိုက်တွေ ခေါင်မိုးတွေနဲ့ ရှုပ်ရှက်ခက်နေသည့်တိုင်... တိမ်များဖြင့်လှနေဆဲ...။ ရှားစောင်းပုပင်တွေ...သစ်ခွပင်တွေ... ဂမုံးပင်တွေစုံနေအောင်ရှိပေမယ့်... နှင်းဆီပင်တွေမရှိတာကို သတိထားမိလိုက်သည်။ စိုင်းနေရောင် ခေါင်းမိုးထပ်ကို အကဲခတ်နေသည်က သူမ နောက်ကျောတွင် အဆုံးသတ်ရသည်။ အရင်လို နက်မှောင်ဖြောင့်စင်းနေသည့် ဆံပင်ဂုတ်ထောက်ထူထူလေး မဟုတ်တော့ပဲ အညိုရောင်သမ်းနေသည့် ဆံပင်ကောက်ကောက်ကလေးများကို ထိပ်မှာ စုထုံးထားသည်ကလွဲ ဟိုအရင်လို တီရှပ်ပွပွနဲ့ ဘောင်းဘီပွပွကို အကြိုက်ဝတ်မြဲ...။ ဟိုအရင်လိုပဲမလား... မင်း...
" ဘာရည်ရွယ်ချက်နဲ့ ဒီလိုတွေ လုပ်နေရတာလဲ..."
"ဘာကိုလဲ..."
သူမလေး ဘာကိုရည်ရွယ်ပြောဆိုမှန်း သိပေမယ့် တုံးအ ချင်ယောင်ဆောင်လိုက်ခြင်းက...
"ဘာလို့ ကျွန်မပတ်ဝန်းကျင်မှာ ခဏခဏ လာနေရတာလဲ... ဘာလို့
ကျွန်မ ခလေးတွေနဲ့ အခုလို နေနေရတာလဲ...။ ကျွန်မဆိုလိုချင်တာကို ဦးစိုင်းနေရောင်သိမှာပါ...။ ကျွန်မတို့ ရန်သူတွေမဟုတ်ခဲ့ကြပါဘူး... ဒါပေမယ့် မိတ်ဆွေတွေမှ မဟုတ်တာ...ပြီးတော့..."
တုံးအချင်ယောင်ဆောင်လိုက်တာက မင်းဆီက အဲ့လို စကားလေးတွေအများကြီး ကြားချင်လို့...
သူမက နောက်ကျောပေးထားရာမှ လှည့်လာတော့ မျက်ဝန်းများထဲတွင် လုံးဝ ကန်ထုတ်ချင်နေတဲ့ အငွေ့သက်တွေကို သူမြင်ရသည်။ ဆက်ပြောဆိုသည့် သဘောဖြင့် မေးဆတ်ပြလိုက်ပြီး... လက်ပိုက်ထားလျက်... သူမကို စီးစီးမိုးမိုးကြည့်နေလိုက်သည်။
"ခင်ဗျားကလည်း လုပ်ချင်သလို လုပ်နေတယ် ကျွန်မကလည်း ထင်ချင်သလိုထင်မယ်... ခင်ဗျားက ကျွန်မဆီကို ဘာရည်ရွယ်ချက်နဲ့ချဉ်းကပ်နေတာလဲ။ ဘာပဲဖြစ်ဖြစ် သေချာတာက ကျွန်မမှာ သက်ဆိုင်သူရှိတယ်"
စိုင်းနေရောင် ဟက်ခနဲ့ ရယ်လိုက်မိသည်။ သက်ဆိုင်သူရှိတယ်တဲ့... ukသွားမယ်ဆိုပြီး ဘယ်ဆီကို ပျောက်သွားမှန်းမသိရတဲ့ အချိန်တွေထဲက... မင်းအပေါ် မယုံကြည်တော့တာ... မင်းရဲ့ ညာလုံးတွေကို ယုံမယ်တဲ့လား...။
"သူက ကျွန်မရဲ့ အရင်ခင်ပွန်းက ကျွန်မနားမှာ ရှိနေသေးတယ်ဆိုရင်... သူကြိုက်မှာမဟုတ်ဘူး"
"မင်း... ငါ့ကို ယုံခိုင်းနေတာလား..."
သူ နှုတ်ခမ်းတွန့်ကွေးရုံ ပြုံးရင်း ဆိုတော့...
"ပြီးတော့ ကျွန်မက ခလေးအမေ"
နှုတ်ခမ်းစုစုလုံးလုံးလေး ဆူပုတ်နေတာက ဟိုအရင် ဖွားစောရှေ့မှာ ဆူနေသည့်ပုံစံအတိုင်း... မပြောင်းလဲ။
"Single momဆို... ကိုယ်က စောင့်နေခဲ့ရတဲ့သူပါ...။ မင်းဘယ်လိုအခြေနေဖြစ်ဖြစ်... ဘယ်လိုအတိတ်တွေရှိခဲ့ရှိခဲ့... ငါက လက်ခံပေးဖို့ ဆုံးဖြတ်ပြီးသား..."
"လက်ခံမယ်လိုပြောရအောင်... ခင်ဗျားဆီကို ကျွန်မက ပြန်လာမယ် ပြောနေလို့လား...ဦးစိုင်းနေရောင်။ ကျွန်မက... ခင်ဗျားတို့နဲ့ ဘာမှ မဆိုင်တော့ဘူးနော်... ကွားရှင်းထားခဲ့ပြီးသား... ကျွန်မဘာသာ သီးသန့်_"
"ဟား... မင်းမှာ သီးသန့်ဖြစ်တည်ခွင့်မရှိပါဘူးသီရိမေ... ကွာရှင်းပြီးပြီလို့ ဘယ်သူပြောလဲ... မင်းတစ်ယောက်တည်း လက်မှတ်ထိုးထားတဲ့စာချုပ်သက်သက်ပဲ... သီရိမေ။ မဆိုင်တော့ဘူးလို့ ပြောလို့မရဘူး... မင်းက အခုချိန်ထိ.... ငါ့ မိန်းမ..."
"ခင်ဗျား..."
သူမ ဒေါသဖြင့် မော့ကြည့်မိပေမယ့်
လှောင်ရိပ်စွက် အပြုံးတို့ဖြင့် သူမ မျက်နှာဆီ ငုံးမိုးကာ ကိုင်းကျလာသည့် သူ့မျက်နှာကို စက်စုပ်စွာ ဘေးလွှချမိသည်။ မင်္ဂလာဦးညမှာ
ယောက်ျားတစ်ယောက်ရဲ့ ကြင်နာယုယမှုမျိုး မမျှော်လင့်ပါနဲ့လို့ ခါးခါးသီးသီးပြောရက်ခဲ့သည့် ထိုလူသားက အခုကျမှ သက်ဆိုင်သူပါဆိုပြီး မဏ္ဍပ်တိုင်တက်ပြချင်နေတာက ဘာသဘောလဲ...
" ခင်ဗျားနဲမဆိုင်တော့ပါဘူး... ခင်ဗျားမပိုင်တော့ပါဘူးဆိုတာ ကျွန်မခလေးတွေက သက်သေပဲ ဦးစိုင်းနေရောင်... ကျွန်မက ဖြစ်ချင်သလို ဖြစ်ပျက်ခဲ့ပြီးလို့ single momဆိုတဲ့ရာထူးနဲ့ ခင်ဗျားရှေ့ရောက်လာခဲ့ပြီးပြီ... ဒါကိုမှ ခင်ဗျား သတီသေးရင်..."
ဒီလောက်ဆို... ခင်ဗျားနားလည်သင့်ပြီ မလား...

လမ်းခွဲကြပြီးနောက်Where stories live. Discover now