11

8.7K 310 0
                                    

လမ်းခွဲကြပြီးနောက်
Part 11(season 1 end)
The Last day

"မေလေး... သမီး မအိပ်သေးဘူးလား"
"ဟို... စာအုပ်ဖတ်နေလို့။ ဒေါ်လေးအိပ်ချင်အိပ်တော့လေ"
"ဒေါ်လေးက နေနေကို စောင့်မလို့"
ဒေါ်နွဲ့ရီက တံခါးဆီလှမ်းကြည့်ရင်း ပြောလိုက်သည်။
"နောက်ကျနေပြီ။နွေဦးပေါက် သိပ်မအေးဘူးဆိုပေမယ့် ညဉ့်နက်လာရင်ချမ်းတယ် ဒေါ်လေး အရင်အိပ်နှင့်ပါ" 
နံရံပေါ်က နာရီ... ၉နာရီခွဲ။ အဲ့ဒီလူ... သိပ်နောက်ကျလွန်းမနေဘူးလား အိမ်မှာစောင့်နေမယ့် ဒေါ်လေးကို အားမနာဘူးလား...။ သူမစာအုပ်ကို ဆက်ဖတ်နေပေမယ့် အာရုံမစိုက်နိုင်တော့...။
မတ်လ၏ နွေဦးပေါက် လေရူးများသည် တဝေါဝေါ...။ သစ်ရွက်ကြွေသံက တဖြောဖြော... သူမ နွေဦးရာသီကို သဘောကျသည်။
၁၀နာရီ...
၁၁နာရီ... သူမ ဆိုဖာပေါ်မှာ ငိုက်နေခဲ့သည်။ ၁၁ခွဲ...
တီ တီ...
ကားဟွန်းသံအကြားမှာ သူမ ဆတ်ခနဲတုန်သွာပြီး လန့်နိုးရသည်။
"အန်တီနွဲ့...အန်တီနွဲ့..."
သူမူးလာတာလား...။ စိုင်းနေရောင် မူးလာတာကို သူမ ပထမဆုံး မြင်ဖူးရခြင်း။ အနောက်တိုင်းဝတ်စုံပြည့်နှင့်သူ... တစ်စုံတစ်ယောက်က တွဲထားလျက်။
ဟန်နီချိရဲ့ မင်္ဂလာပွဲက ပြန်ခဲ့သည့်ပုံ။ ဟုတ်တာပေါ့ ဒီလိုနေ့မျိုးမှာ ပုံမှန် အသိညဏ်မျိုးနှင့် သူဘယ်ခံနိုင်ပါ့မလဲ... သူမ နားလည်သည်။
သူ့ကိုသေချာကြည့်တော့ ခေါင်းပင်မထောင်နိုင်။
"ဪ သီရိမေစောင့်နေတာလား...
အကိုက ကိုစိုင်းခန့်ပါ ကိုနေရဲ့မန်နေဂျာ... ဒီကောင်အရမ်းသောက်လာလို့"
ရီဝေသည့် မျက်ဝန်းများ... အယ်ကိုလ်ဟောနံ့က မွှန်နေသည်။
"ဟိုလေ... သူ့ကိုအခန်းထဲထိ ရောက်အောင် ပို့ပေးခဲ့ပါလား"
ထိုနည်းမှတစ်ပါး... သူမလည်း မတတ်နိုင်။
"ဟုတ် ရပါတယ် "

အခန်းထဲ သူ့ကုတင်ပေါ်တင်ပေးပြီး စိုင်းခန့်က သီရိမေဘက်လှည့်ကာ...
"အကိုပြန်တော့မယ် ငါ့ညီမ ဒီကောင့်ကို ခွင့်လွှတ်လိုက်ပါကွာ "
သူမ ခေါင်းတစ်ချက်သာ ငြိမ့်ကာ... ကုတင်ပေါ်က ထိုလူသားကိုသာ ငေးကြည့်နေမိသည်။ ဖိနပ်နှင့် ခြေအိတ်ကိုချွတ်ကာ အခန်းထောင့်သွားလိုက်သည်။ တံခါးပေါက်တွေကို ကြည့်လိုက်တော့ပိတ်ပြီးသားမို့ စောင်ကို ထပ်ခြုံပေးလိုက်သည်။ ထွက်သွားမည်လုပ်ကာမှ...
"ရေ..."
ထိုလူသားက မျက်လုံးမဖွင့်ပဲ ရေကိုတောင်းဆိုသည်။ သူမက ကရားထဲကရေကို ငှဲ့ကာ သူ့ကိုကမ်းပေးတော့ မျက်လုံးဖွင့်ကြည့်သည်။
"ဟန်နီ... ဟန်နီလား ကိုကို့ဆီ ပြန်လာတာလား"
သူက သီရိမေ၏ လက်လောက်ဝတ်မှ ဆွဲချလိုက်သည်။
ခွပ်....
ဖန်ခွက်ကလေးသည် ကြမ်းပြင်ပေါ်သို့။
"သိပ်ချစ်တာပဲ ဟန်နီရယ်"
"မဟုတ်ဘူး... ဟန်နီမဟုတ်ဘူး... ကျွန်မက သီရိ_"
စကားတို့ ဆက်ပြောဖို့ သူမနှုတ်ခမ်းများမအားလပ်တော့။ သူမ၏ ပထမဆုံးသော အနမ်းတို့သည်... အဲ့ဒီ ဟန်နီဆိုသော မိန်းကလေးကိုသာ တမ်းတနေသော လူသားဆီ၌ ပေးဆပ်ခဲ့ရပြီးနောက်... သူမဘဝတစ်လျှောက်ထိန်းသိမ်းခဲ့ရသည့် အပျိုစင်ဘဝကိုလည်း... ထိုလူသားထံတွင် မှားယွင်းစွာ ပေးဆပ်ခဲ့ရသည်။ ဘဝတစ်ခုလုံး... တန်ရဲ့လား။ ပြီးတော့ အဲ့ဒီလူကိုယ်တိုင်လည်း မမှတ်မိသော ထိုည...။ ဘယ်သူ့ကိုမှ မပြောပြလျင်... မည်သူမှ သိမှာမဟုတ်။ ရှိစေတော့... ဝဋ်ဆိုလည်း ကြေပါစေ။
.........
"ဆုမြတ်"
"မေ... "
ပန်းပင်ရေလောင်းနေရင်းမှ ပုံးကိုလွှတ်ချကာ... ခြံတံခါးကို အပြေးလာဖွင့်သည်။
"အစောကြီး ဘယ်လိုကနေ..."
"ငါ ကွာရှင်းစာချုပ်ပေးခဲ့ပြီ"
ခြံတံခါးကို ဆွဲဖွင့်နေသည့်တံခါးများ ရပ်တန့်သွားကာ သူမအထုပ်ပိုးများရှိရာဆီသို့ ငေးလျက်။
"နောက်ဆုံးတော့ လွတ်မြောက်ခဲ့ပြီပေါ့"
အထုပ်တွေကူသယ်ကာ... အိမ်ထဲခေါ်လာခဲ့သည်။
သူမကတော့ တိတ်ဆိတ်လျက် ။
"အရင်တိုင်းပဲ မပြောင်းလဲသွားပါဘူး။ ဆိုင်မှာ မသိမ့်မရှိတာကလွဲပြီး ဘာမှပြောင်းလဲမသွားဘူးမလား။ နင်က ကွာရှင်းစာချုပ်ပေးခဲ့ပြီ ဆိုင်လည်းပြန်ရပြီဆိုတော့ အားလုံး အရင်တိုင်းဖြစ်သွားပြီ။ တစ်နှစ်ဆိုတာ ဘာမှမကြာလိုက်ပါဘူး မေလေးရာ..."
ဆုမြတ်နှစ်သိမ့်နေတာ... သိတာပေါ့ သူမသူငယ်ချင်း ဆုမြတ်က မချော့တတ်တာ စိတ်မရှည်တာ။ ဒါပေမယ့် သူမအတွက်... သီရိမေက ဆုမြတ်ကိုဆွဲဖက်လိုက်ကာ...
"ငါမမှားပါဘူးနော် ဆုမြတ်"
မမှားဘူးလို့ ပြောပေးပါ...
ဆုမြတ်က သူမကျောကိုပုတ်ပေးရင်း... သူမပါ ငိုသည်။ တော်ရုံမျက်ရည်ကျခဲသည့် ဆုမြတ်က... ။
"မမှားပါဘူး နင်က ဘာလို့မှားရမှာလဲ..."
သူမတို့အတန်ကြာ ထွေးပွေ့ထားရင်းငိုမိကြသည်။ ဟုတ်သားပဲ... ကွားရှင်းဖို့...။ ထိုအရာက သူမဆန္ဒအရှိဆုံး ကိစ္စ။ မငိုနဲ့ သီရိမေ... နင်က အရင်ထွက်လာခဲ့တဲ့သူ။ နင်က အနိုင်ရတာပဲ... မျက်ရည်တွေမကျစမ်းနဲ့ ပျော့ညံ့လိုက်တာ... ။ သူမ မျက်ရည်တွေကို တစ်ရှူးဖြင့် သုတ်ပစ်လိုက်သည်။ လက်ပတ်နာရီကို ငုံ့ကြည့်တော့ ၇ခွဲ...။
"ငါ Ukကို သွားမယ် ဆုမြတ်"
ဆုမြတ်က မျက်လုံးပြူး မျက်ဆံပြူးဖြင့်
"နင်က ဘာကိစ္စ ထွက်သွားမှာလဲ"
"ဒီဇိုင်းပညာလေ့လာဖို့"
ပြီးတော့ ရှောင်ထွက်သွားချင်လို့...
"ဘာလုပ်ဖို့သွားမှာလဲ မေလေးရယ်... ဟိုမှာ နင်တစ်ယောက်ထဲ..."
"ငါ စီစဉ်ပြီးပြီ "
မတားပါနဲ့ ဆုမြတ်ရေ... ငါထွက်သွားမှ ဖြစ်မှာမို့။
"ဘယ်လို"
ဆုမြတ်အသံက ကျယ်လောင်စွာ...။
"ဘယ်နေ့ ထွက်မှာလဲ"
ထွက်မသွားပါနဲ့ဟု ဆိုလို့သည့်အလား လက်တွေကို တင်းကျပ်စွာ...
"ဒီနေ့... ဟိုမှာ ကျောင်းလည်း စီစဉ်ပြီးပြီ။ နေစရာရော...
ဖေဖေနဲ့ မေမေတို့နေခဲ့တဲ့အိမ်လေ အဲ့မှာနေမှာ"
ဆုမြတ်က သူမကျောကို ရိုက်ပုတ်သည်။ ထုနှက်သည်။ ပြီးတော့ သူမကိုဖက်ကာ ကိုပြန်သည်။
"နင်ပဲ အရင်က ငါ့ကိုမခွဲနိုင်လို့ ဆိုပြီး နင့်အဖေတို့နဲ့မလိုက်ပဲ နေခဲ့တာလေ။ အခုကျမှ ဘယ်သူမှ မလွှတ်ပဲသွားမယ်ဆိုတော့ နင်ငါ့ကို ပစ်ထားခဲ့နိုင်တယ်ပေါ့။ နင်မစွန့်လွှတ်နိုင်လို့ဆိုပြီး နင့်တစ်ဘဝလုံး ပုံပေးထားတဲ့ အိမ်ကလေးကိုရော ပစ်ထားခဲ့နိုင်တယ်ပေါ့ ဘယ်ကတည်းက ကြိတ်စီစဉ်နေတာလဲ... ပြောလေ ပြော"
ဆုမြတ်က သူမကိုယ်ကို လှုပ်ခါကာ မေးသည်။
"ပြော သီရိမေ...နင်ခွဲနိုင်သွားပြီလားလို့ ဘာတွေအရူးထနေတာလဲ အရူးမ "
သီရိမေသည်... မေးလို့လည်းမရ။ ခေါ်လို့လည်း မဖြေ... တွေဝေ ငေးငေါင်စွာ... ဦးတည်ရာမရှိငေးမောလျက်။ စီးကျနေသည့် မျက်ရည်များကိုလည်း မသုတ်...။
"မသွားပါနဲ့"
ဆုမြတ်က သူမလက်ကလေးများကို ကိုင်ကာ ထပ်ပြီး ရမလားဆိုတဲ့ မျှော်လင့်ချက်ကလေးနှင့် တောင်းဆိုပြန်သည်။
"ငါပြန်လာမှာပါ..."
သူမလေသံသည် ဖျော့တော့စွာ... အားမရှိစွာ။
"ငါ ပြန်လာမှာလား မေးနေတာမဟုတ်ဘူး သီရိမေရဲ့
ထွက်မသွားဖို့ပြောနေတာ..."
"Flight က ၉ခွဲ... ငါ လေယာဉ်ကွင်းသွားတော့မယ်"
"သီရိမေ..."
"မွန်မွန်ကို နှုတ်ဆက်တယ် ပြောလိုက်အုံး"
"နင် အဲ့ဒါ စိုင်းနေရောင်ကြောင့်မလား သူက ထွက်သွားခိုင်းတာလား ငါသွားပြောမယ် အဲ့ကောင်ကို"
"ဦးနေနဲ့ မဆိုင်ပါဘူး။ ငါပြောပြီးပြီလေ လေ့လာစရာရှိလို့ လို့... ငါသွားပါရစေ နော် ဆုမြတ်"
သူမ၏ ခန်းလုဆဲမျက်ရည်များက ပြန်စိုစွတ်လာတော့ ဆုမြတ်က သူမကို ထပ်ပြီး ပွေ့ဖက်ပြန်သည်။
"မေရာ... နင်လည်း ခွဲနိုင်တာလဲမဟုတ်ပဲနဲ့..."

လမ်းခွဲကြပြီးနောက်Where stories live. Discover now