လမ်းခွဲကြပြီးနောက် (season 2)
Part 12
I'll make you smile."အင်္ကျီက အပြီးမသတ်သေးတာတောင် တော်တော်လှနေပြီ... မွန်မွန်တောင် မင်္ဂလာဆောင်ချင်သွားပြီ..."
မွန်မွန်က ဂါဝန်အနားမှာ ပုလဲလုံးတွေ လိုက်ကပ်နေရင်း ပြောလိုက်တော့... သီရိမေ စက်ချုပ်နေတာကို ရပ်လိုက်သည်။ စက်ခုံပေါ် လက်ထောက်လိုက်ပြီးမှ...
"ယူစရာ ယောက်ျားရှိလို့လား မွန်မွန်... ရှိရင် လုပ်လိုက်တော့နော်။ မေလေးက မမွန်မင်္ဂလာဆောင်ကျလည်း အဲ့လိုမျိုး လှအောင် ချုပ်ပေးမှာ..."
သူမက ရယ်ရယ်မောမောဆိုတော့ မွန်မွန် ခေါင်းခါ လက်ခါနဲ့...
"တော်ပါ့ မေလေးရယ်... မွန်မွန်က စကားအဖြစ်ပြောပြတာ... တကယ်မယူဘူး သိလား။ ယောက်ျားတွေက ကောင်းတာမဟုတ်ဘူး... မေလေးရ။ မရခင်တစ်မျိုး... ရပြီးတစ်မျိုးဟာတွေ..."
မွန်မွန်က ထိုသို့ အပျိုကြီးတရားတွေဟောပြတော့ သီရိမေ ခန္ဓာကိုယ်လေး လှုပ်ခါနေအောင်ရယ်ရသည်။ အသက်က သူမထက် တစ်နှစ်သာကြီးပေမယ့် သီရိမေထက်များစွာရင့်ကျက်သော... သူမအောက်က ညီမလေးက ကျောင်းပြီးသွားပြီး အလုပ်နှင့်အကိုင်နှင့်ဖြစ်သွားသည့်တိုင်... ကျောင်းမပြီးသေးသည့်မောင်လေးကို ထပ်ပြီး ထောက်ပံ့နေရဆဲဖြစ်သော မွန်မွန်... သီရိမေမရှိသည့်ကာလများမှာပင်... ဒီဆိုင်ကလေးအပေါ် သစ္စစောင့်သိမှုများနှင့်... သူမကို စောင့်နေခဲ့သူ...။ ကြိုက်တဲ့သူတွေရှိပေမယ့်... ၂၉နှစ်သာရှိသေးသည့်သူ့အသက်ကို အပျိုကြီးစာရင်းမှာ ဇွတ်သွင်းရင်း...
"ရည်းစားလည်း မထားချင်ပါဘူး မေလေးရာ... ချိန်းတွေ့ရတာနဲ့... အလှပြင်ရတာနဲ့... ပြီးကျ ဟိုပွတ်သည်သပ်နဲ့... ပါးလေးမွှေးပါအုံး နှုတ်ခမ်းလေးနမ်းပါအုံးနဲ့... ရှုပ်နေတာပဲ"
မွန်မွန်က ပုလဲလုံးလေးတွေလိုက်ချုပ်နေရင်း ပြောချင်ရာပြောနေရာက သီရိမေရှိရာဆီလှမ်းကြည့်မိတော့... သူမက ပါးတွေကို ရဲလျက်...။ သီရိမေ ဟိုနေ့ညက အကြောင်းဆီ ပြန်တွေးမိတော့... အသက်ရှုပင် ကြပ်ချင်ချင်...။ အဲ့လိုမျိုး... လူကို အနိုင်ကျင့်တာတွေကို မုန်းတယ်... တကယ်။
"အဟမ်း... ဘာတွေ ဆွေးနွေးတိုင်ပင်နေကြတာလဲ... မမတို့"
ဆုမြတ်က တံခါးဖွင့်ကာဝင်လာရင်း အော်လိုက်တော့ သီရိမေနဲ့ မွန်မွန် နှစ်ယောက်သား... သူမရှိရာဆီ ပြေးဖက်ကြသည်။ မင်္ဂလာဆောင်ရက်က ၁၅ရက်လောက်ရှေ့တိုးသွားတာကြောင့်... ဆုမြတ်က ပြင်စရာဆင်စရာရှိတာတွေ လုပ်နေရသည်မို့မလာအားတာ ကြာပြီမို့...
"ဘယ်နှစ်ရက်ရှိသေးလို့ နင်တို့က အဲ့လိုဖြစ်ပျက်နေကြတာလဲ... နင်တို့ မိန်းကလေးတွေကို မပြောချင်ဘူးဟာ"
ခန့်ကျော်က မုန့်ထုပ်တွေ သယ်လာရင်း ဝင်လာတော့ သီရိမေ မျက်လုံးများပျောက်အောင် ရယ်လိုက်သည်။
"ဘာလဲ... နှမျောတာလား ကိုယ့်မိန်းမကို... မရဘူးနော် မေလေးနဲ့ ဆုမြတ်က ပေါက်စိနကတည်းက သူငယ်ချင်း။ ကိုခန့်ကျော်ကြီးနဲ့ ဆုမြတ်က တက္ကသိုလ်ကျမှ တွေ့ရတာ... သံယောဇဉ်ချင်းယှဉ်ရင် မေလေးတို့ကြိုးက ပိုရှည်ပြီး ခိုင်တယ် သိရဲ့လား"
သူမက ဆုမြတ်ကို တင်းတင်းဖက်ကာဆိုတော့... ဆုမြတ်က ပြုံးစိစိဖြစ်နေသလောက် ကိုခန့်ကျော်မှာ မျက်နှာကြီး ပုပ်သိုးလို့...။
"တော်ပြီ တော်ပြီ... ငါ့သတိုးသမီးလေးဖို့ အင်္ကျီချုပ်နေရတာဆိုပြီး... ငါကတော့ သူတို့စားဖို့မုန့်ဝယ်လာတာ နင်တို့မကျွေးတော့ဘူး လင်းလင်းနဲ့ ချီချီပဲ ကျွေးတော့မယ်"
အထုပ်တွေကိုင်ကာ... ဆိုင်ထဲကို မျက်စိကစားကာ ကလေးတွေကိုရှာဖွေနေလျက်...
"စတာကို ကိုခန့်ကျော်က အတည်ယူတယ်... အမွှာနှစ်ကောင်က ဆော့လွန်းလို့ မောပြီး အပေါ်ထပ်မယ် အိပ်နေကြပြီ..."
"ကလေးတွေနဲ့ အလုပ်ကဖြစ်ရဲ့လား... ငါလာမယ်ဆိုတော့လည်း မလာရ... ကလေးတွေကို မေမေ့ဆီပို့ထားဆိုတော့လည်း မဟုတ်..."
ဆုမြတ်က ဂါဝန်ဆီမျက်စိဆွေကြည့်လျက်...
"ပြီးပါတယ်ကွာ... ပါရီမှာတုန်းက ဒီလိုပဲ ကလေးတွေနဲ့ လုပ်လာတာ... diplomaတောင်ရခဲ့ပြီ... နင့်ဝတ်စုံပြီးတယ် စိတ်ချ..."
သီရိမေ လက်ပိုက်လျက်... မျက်နှာကလေးကို ချီထားလိုက်သည်။ မွန်မွန်က ဂါဝန်ဖြူလွလွဆီ လှမ်းကြည့်လျက်...
"ပြီးပါတယ် ဆုမြတ်ရ... ဂါဝန်အနားမှာ ပုလဲလုံးတွေတပ်တာရယ်... ရင်ဘက်မှာ စီးကွင့်ထိုးတာရယ်... လက်တပ်တာရယ်... ပြီးတော့_"
"မင်္ဂလာဆောင်က ဇွန်လ ၇ရက်နော် မမတို့ရဲ့...
မနက်ဖြန်လည်းစနေတနင်္ဂနွေမို့ နားကြအုံးမယ် အခုတောင် မေ ၂၄ ရှိပြီ..."
ဆုမြတ်က ပြောရင်းက တစ်ခုခုကို သတိရသွားဟန်...
"မေ... နင့်မွေးနေ့... မနက်ဖြန်..."
"ငါမလုပ်ဘူး... ဆုမြတ်... သွား...သွား သတို့သမီးက အခုချိန် ဒီလာနေရမှာမဟုတ်ဘူး။ ပူတယ်... အိမ်ပြန်ပြီး အသားရည်ထိန်းသိမ်းနေ... သွား"
သီရိမေ ဆုမြတ်ကို တံခါးပေါက်ဆီကို တွန်းလွှတ်တော့ ကိုခန့်ကျော်က ခါးထောက်လျက်...
"သီရိမေနော်... ငါမပြောချင်ဘူး။ အခုတစ်မျိုး တော်ကြားတစ်မျိုး... ဆုမြတ်လာ ပြန်မယ်"
မုန့်ထုတ်တွေကို ဆိုဖာပေါ် ပစ်ချထားခဲ့ပြီး တကယ်ကြီး ထွက်သွားကြတော့မည့်ဟန်... လက်တွေကို တွဲလျက်... " တကယ်က သီရိမေကို ပြောစရာရှိလို့လာတာ...
ခေါင်မိုးထပ်သွားရအောင် ကိုခန့်နင်နေခဲ့အုံး..."
ပြောပြီး ဆုမြတ်က သူမလက်ကိုဆွဲခေါ်သွားတော့... နောက်မှာကျန်ခဲ့သည့် ခန့်ကျော်ကို သူမ လျှာထုတ်ပြောင်လိုက်သေးသည်။ ခန့်ကျော်က လက်သီးပြန်ရွယ်ပြတော့... ဆုမြတ်က နှစ်ယောက်စလုံးကို မျက်စောင်းခဲလျက်...
"ဟာ... ဒီနှစ်ကောင် မပြောချင်ဘူး တွေ့လိုက်တာနဲ့ကိုက်နေကြ"
ထိုအခါမှ သီရိမေ ဇက်ကလေးပုကာ အေးအေးဆေးဆေး ဆုမြတ်နောက်က လိုက်သွားတော့သည်။ အခုချိန်ထိ ကလေးဆန်နေတုန်း... အမွှာနှစ်ယောက်အမေတဲ့... ကျိန်ပြောရင်တောင် ယုံကြမှာမဟုတ်...။
မွန်မွန် ခေါင်းခါရမ်းလျက် ဂါဝန်ရှိရာဆီသာ ဦးတည်လိုက်သည်။
………
"ဘာပြောမှာမို့လို့လဲ... ဒီမှာထိ လာပြောရအောင်" စကားသာပြောနေပေမယ့်... သီရိမေ ရှားစောင်းပုပင်လေးတွေကိုသာ အာရုံရလျက်...
"ကလေးတွေအဖေ ဘယ်သူလဲ"
"ဟမ်..."
အရင်းမရှိအဖျားမရှိ အမေးကြောင့် သီရိမေ ကြောင်သွားသည်။
"အချိန်မတန်သေးဘူးလား... နင်ပြောပြမယ်ဆိုတဲ့အချိန်..."
"နင့်မင်္ဂလာဆောင်ကိုသာ အာရုံစိုက်စမ်းပါကွာ..."
"အာရုံစိုက်လို့မရဘူး... ငါစဉ်းစားနေတာ....နင့်ကလေးတွေ။ ဟိုနေ့က ချီချီကိုမေးကြည့်တာ... သူတို့မွေးနေ့က December တဲ့... ငါ တွက်ကြည့်လိုက်တော့ကွာ... ဘယ်လိုမှမဖြစ်နိုင်ဘူးမလား..."
"ဘာက မဖြစ်နိုင်ရတာလဲ..."
"နင်... ဟိုရောက်မှ ကိုယ်ဝန်ရတာ ဘယ်လိုမှမဖြစ်န်ုင်ဘူး... နင့်ကိုယ်ဝန်က ဒီက ထွက်မသွားခင်ကတည်းက ရှိနေတာ...မလား"
ဆုမြတ်မျက်နှာက မာတင်းလျက်... သူမ လိမ်လို့မရတာ... ဒီကမ္ဘာမှာ ဆုမြတ်တစ်ယောက်သာ... "အင်း..."
"ဘယ်သူနဲ့လဲ... နေအုံး နေအုံး မဖြေနဲ့... နင့်အလိမ်ညာစကားတွေ ထပ်နားမထောင်ချင်ဘူး။ ငါပဲပြောမယ်... "
ဆုမြတ်က လက်ကာလျက်...
တကယ်... ငါ့ကိုနားအလည်ဆုံးက နင်ပဲရှိတယ်...
"နင်ဘယ်လိုလူမျိုးလည်းဆို ငါသိတယ် မေ... လူတွေက ဘယ်လိုပြောကြပြောကြ... နင်တစ်ဇွတ်ထိုးခေါင်းမာပြီး လုပ်ချင်ရာလုပ်တာ ငါအသိဆုံး... မဖြစ်နိုင်မှန်းသိပေမယ့်... နင်ဆိုရင် အဲ့လို လုပ်ရဲမယ့်သူမျိုးမို့...ဒါပေမဲ့ မဖြစ်နိုင်လောက်ပါဘူးဆိုပြီး ငါမပြောပဲထားမလို့ပဲ... ဒါပေမယ့် မရဘူး။ ပြောမှ ဖြစ်တော့မယ်... ခလေးတွေအဖေက... စိုင်းနေရောင်လား"
"အင်း..."
ကြာကြာလိမ်ထားလို့မရမှန်း သိပြီးသား... တစ်နေ့ ကလေးတွေအဖေဘယ်သူလဲဆိုတာ ပထမဆုံးသိမယ့်သူက ဆုမြတ်ဖြစ်လိမ့်မယ်ဆိုတာ ကြိုတွက်ထားပြီးသား... အဲဒီတစ်နေ့က ဒီလိုမျိုး မြန်မြန်ဆန်ဆန်ရောက်လာပြီဆိုတော့လည်း... ဘာမှ ဆက်ပြီး လိမ်ညာစရာမရှိတော့...
" ကလေးတွေလည်ပင်းက လက်စွပ်ကလေးတွေက နင်တို့လက်ထပ်လက်စွပ်တွေမလား... ပြီးတော့ မျက်ခုံးမျက်လုံးလေးတွေ... ကလေးတွေကလည်း ကိုနေ့ကိုဆို သိပ်ခင်တွယ်တာပဲ... ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး... ဘယ်ကနေ ဘယ်လို..."
ဆုမြတ်က သူမကို နားမလည်နိုင်စွာ ကြည့်လျက်...
"သူနဲ့ လက်ထပ်ခဲ့တဲ့၁နှစ်အတွင်းမှာ ငါ ဆိုင်ကိုမလာတာ ၁ရက်ပဲရှိတယ်မလား...။ မဟန်နီချို မင်္ဂလာဆောင်ပြီး နောက်တစ်နေ့... ဟုတ်ပါတယ်... အဲ့ဒီတုန်းက ငါတို့မျက်နှာချင်းဆိုင်တွေ့ရင်တောင် ရှောင်သွားကြတဲ့ ဆက်ဆံရေးတွေ... ဘယ်လိုမှ ဖြစ်လာစရာအကြောင်းမရှိဘူးထင်ရပေမယ့် ဖြစ်ခဲ့တယ်။ အဲ့ဒီနေ့က မဟန်နီမင်္ဂလာဆောင်က အပြန်... အရက်တွေမူးလာခဲ့တယ်။ ပြီးတော့... ဟန်နီအမှတ်နဲ့ ငါကို... ထွက်သွားဖို့ ၁လကျော်လေးပဲ လိုခါမှကွာ..."
တိမ်ဝင်သွားသည့်အသံကလေးကို ပြန်တင်းယူရင်း...
"... တစ်ခါဆိုတစ်ခါလေးပါပဲ။ဒါပေမယ့်... ကိုယ်ဝန်ရသွားတယ်...အဲဒါ..."
စကားတို့ ရှေ့ဆက်မလာ... ဆွံ့အရခြင်းတွေမှာ သီရိမေ လက်ကလေးတွေ တုန်ရီစွာ...
"နင်ထွက်သွားတော့... ရှိမှန်း... သိလား..."
ဆုမြတ်က မဝံ့မရဲ မေခွန်းထုတ်တော့... သူမ အသံတိတ်မျက်ရည်တွေကျရင်း... ခေါင်းညိတ်လိုက်သည်။ ဆုမြတ်က သူမပခုံးကို လှုပ်ခါလျက်...
"သီရိမေ... နင်ရက်စက်လိုက်တာဟာ...။ သွေးအေးလိုက်တာ... ရှိမှန်း သိရက်နဲ့..."
ထိုစကားကိုပြောလိုက်သူက... ကိုခန့်ကျော်...။
"ကိုခန့်... နင်..."
"အောက်မှာ ဧည့်သည်ရောက်လို့ လာခေါ်တာ...ခိုးနားထောင်တာမဟုတ်ဘူး။ အစက ငါမသိချင်ယောင်ဆောင်သွားမလို့ပဲ... ဒါပေမယ့် သီရိမေနင်ဟာ..."
ကိုခန့်ကျော်က သီရိမေရှေ့မှာ လက်တရွယ်ရွယ်ဖြင့်...
ဆုမြတ်ကတော့ တိတ်ဆိတ်စွာ...
"ဘာစိတ်ကူးတွေနဲ့... ဘာအကြံတွေနဲ့... နင့်ရင်သွေးလေးတွေကို သူတို့ဖခင်အရင်းနဲ့ခွဲဖို့ ကြိုးစားရတာလဲ ဟင်... သီရိမေ...။ ပြောပါအုံး ဘာစိတ်ကူးတွေနဲ့ အဲ့လို လုပ်ရဲရတာလဲ... ငါတို့ကို ဆိုးကောင်းမတိုင်ပင်ပဲ... နင်မို့ လုပ်ရဲတယ် သွေးအေးလိုက်တာဟာ..."
ဆုမြတ်ပြောပြီး အရုပ်ကြိုးပျက် ကွပ်ပျစ်ပေါ် ထိုင်ချလိုက်သည်။ သီရိမေ... လက်ကလေးများတုန်ရီစွာ... နှုတ်ခမ်းလေများသည်လည်း တဆတ်ဆတ်တုန်လျက်... ငါ့အကြောင်းပြချက်နဲ့ငါ... အဲ့ဒီအချိန်တွေတုန်းက ငါမှန်တာလုပ်ခဲ့သလို... အခုထိလည်း ငါမှန်တယ်... ဆုမြတ်။
**********
"ကိုနေ..."
"ဪ... ညဏ်လင်း ဘယ်ကနေ လှည့်လာတာလဲ"
အလုပ်စားပွဲကနေ မထပဲ... ထိုင်ဆိုသည့်သဘောဖြင့် မေးငေါ့ကာ စာရွက်စာတမ်းတွေကိုသာ ဆက်ကြည့်နေလိုက်သည်။ ဒါကို ဥာဏ်လင်းက မကျေမနပ်ဖြင့် စာရွက်တွေကို ဆွဲယူလိုက်ပြီးမှ...
"ဒီကို သပ်သပ်လာတာ... ငါ့ဆီမှမလာပဲ... ငါကိုယ်တော်ကပဲကြွလာရတာပေါ့..."
ပြောရင်း ဆိုဖာပေါ်သွားထိုင်တော့ စိုင်းနေရောင်ကပါ နောက်က လိုက်သွားရသည်။
" နည်းနည်း အလုပ်ရှုပ်နေလို့ပါကွာ..."
ခေါင်းက ဆံပင်တွေကို ထိုးဖွရင်းပြောတော့ ဥာဏ်လင်းက သူ့ကို စိုက်ကြည့်လျက်...
"ကြားတယ်... မင်းအလုပ်ရှုပ်နေတာကို... မအားတဲ့ကြားက စက်ချုပ်ဆိုင်မှာ ခြေရှုပ်နေတာကိုရော... ပြီးတော့ အမြွှာလေးတွေအမေဆီမှာ တွယ်ကပ်နေတာကိုရော... ငါအကုန်ကြားတယ်"
သူ့ကို စိုက်ကြည့်ရင်း ပြောတော့ စိုင်းနေရောင် နှုတ်ခမ်းများတွန့်သွားရုံပြုံးလိုက်သည်။ စီးကရက်ဘူးထဲက ဆေး
လိပ်တစ်လိပ်ထုတ်ပြီး မီးညှိကာ တစ်ချက်ဖွာလိုက်ပြီးမှ...
"သိတယ်ဆိုရင်လည်း ဘာလို့လာနေသေးလဲ။ မအားဘူး ပြန်ကွာ"
"ဟေ့ရောင် လာချင်လွန်းလို့များမှတ်နေလား..."
"ဒါပေမယ့် မင်းလာနေတယ်လေ..."
"ကိုနေ... ငါ အတည်ပြောစရာရှိလို့ လာတာ"
"ဘယ်တုန်းက တည်ဘူးလို့လဲ..."
စိုင်းနေရောင် ဆေးလိပ်ပြာကို တောက်ချရင်း... ဥာဏ်လင်းကို ကြည့်တော့... တကယ်ပဲ လေးလေးနက်နက်...။
ဘာတရားတွေ လာဟောအုံးမှာလဲ...
"ဘာလဲပြော..."
ဥာဏ်လင်းက သူ့ဆီက ယူသွားတဲ့ စာရွက်တွေကိုစားပွဲပေါ်တင်လိုက်သည်။ ဒူးနှစ်ဖက်ပေါ်မှာ လက်တင်လိုက်ပြီး သက်ပြင်းတစ်ချက်လည်း... ချလိုက်သေးသည်။
"ငါတို့တွေ ငယ်ငယ်ကတည်းက ခင်ကြတာမဟုတ်ပေမယ့် ပြည်ပမှာ ငါတို့အတော်ခင်ခဲ့ကြတယ်နော် ကိုနေ...။ မင်းခေါင်းမာခဲ့တာတွေ အေးတိအေးစက်နိုင်တာတွေ... ဘာတစ်ခုမှ ငါဝင်မပြောခဲ့ဘူးနော်...။ မင်း တစ်ဇွတ်ထိုး လုပ်တတ်တာကိုလည်း... ငါ ဝင်မပြောသင့်မပြောခဲ့ဘူး။ ဘာလို့ဆို... မင်းကို ငါယုံလို့..."
"စကားပလ္လင်တွေခံမနေပါနဲ့... မင်းဘာပြောချင်တာလဲ"
"ပြောမှာပါ... ခုပြောနေတာတွေက နောက်ပြောမှာတွေနဲ့ ဆက်စပ်နေလို့...။ မင်းပြန်သွားပြီး ၄နှစ်နေမှ ငါမြန်မာပြည်ကိုပြန်လာခဲ့တာနော်... လေးနှစ်အတွင်း မင်းကတော့ ဖြစ်ချင်သလို ဖြစ်ပျက်နေနှင့်ပြီ... ငါသိထားတဲ့မင်းကောင်မလေးက တစ်ခြားတစ်ယောက်နဲ့မင်္ဂလာဆောင်သွားပြီး မင်းကတော့ ကွာရှင်းပြီး မိန်းမပစ်သွားတာ ခံနေရတဲ့ကောင် ဖြစ်နေရော...။ အသဲတွေကွဲ... အရက်တွေသောက်။ ပေချင်သလိုပေနေခဲ့တာ... အဲဒါလည်း ငါမတားခဲ့ဘူး... မင်းကိုယ့်ကိုကိုယ်ထိန်းနိုင်မယ်ဆိုတာ သိလို့"
"မင်း ဘာပြောချင်တာလဲ"
ဥာဏ်လင်းက ခေါင်းကို တဆတ်ဆတ်ငြိမ့်လျက်...
"အားလုံးကိုသိပြီးတော့ သီရိမေကို သနားသလို မင်းကို တော်တော်စိတ်ပျက်မိတာ...။ အဲ့ကောင်မလေး ပြန်လာဖို့... ငါကိုယ်တိုင်က စောင့်နေမိတာ... ပြန်လာပြီးရင်... မင်းတို့ ပြန်ပေါင်းထုပ်ဖို့ ငါဘာပဲလုပ်ရ လုပ်ရလို့ တွေးခဲ့တာ... ဒါပေမယ့် အခုလိုကျတော့ မဟုတ်သေးဘူးလေကွာ..."
"ဘာကိုလဲ..."
စိုင်းနေရောင် ဆေးလိပ်ကို ထပ်ပြီး ဖွာရှုက်လိုက်ရင်း... အငွေ့တွေကို ငေးကြည့်လျက်...
"သူက အရင်က သီရိမေမဟုတ်တော့ဘူးလေကွာ... ကလေးနှစ်ယောက်အမေဖြစ်နေပြီ... ပြီးတော့ သူက single mother... လက်ရှိ ယောက်ျားမရှိဘူးဆိုပေမယ့်...တစ်နေ့ ကလေးတွေအဖေပေါ်မလာဘူးလို့ ပြောနိုင်သလား... ပတ်ဝန်းကျင်ဆိုတာကလည်း ရှိသေးတယ်။ မင်း ရပ်သင့်နေပြီ... ကိုနေ...။ ဟိုကလေးမကလည်း မင်းကို လက်မခံဘူးမလား...။ မင်း နားလည်တော့လေ...။ သီရိမေဆိုတာက မင်းနဲ့မဆိုင်တော့ဘူးလေကွာ... ပြန်ပေါင်းထုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့တာကြီးလေ... နောင်တစ်ချိန်... မင်းတို့စိတ်အခန့်မသင့်ကြလို့ ရန်ဖြစ်ကြရင်... နောက်ထပ်ခလေးများ ထပ်ယူဖြစ်ခဲ့ရင်... နစ်နာမှာက ကလေးတွေပဲ..."
"ငါသိပါတယ်..."
"သိရင်... မင်း ရပ်တန်းက ရပ်လေကွာ..."
"သူ့အပေါ်မှာ အကြွေးတွေအများကြီး တင်နေတယ်... ဆရာတို့လင်မယားက သေခါနီးမှာ... ငါ့ကို သေချာမှာသွားကြတာ... သူတို့သမီးလေးကို ဂရုစိုက်ပါလို့.... အဲဒါကို ငါက ဂရုစိုက်ရမယ့်အစား ဒဏ်ရာတွေ တစ်ပုံကြီးပေးခဲ့မိတယ်"
"တစ်ခြားနည်းနဲ့ စောင့်ရှောက်လို့ ရတယ်လေ...
အခု... သူလည်း သူ့မိသားစုနဲ့သူ ပျော်နေပြီ... မင်းသာ"
ထိုစကားကိုကြားတော့ စိုင်းနေရောင် ဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။
"မင်းက အဲ့ကလေးမအကြောင်း ဘယ်လောက်သိလို့လဲ... သူပျော်နေတယ် ပြောရအောင်"
"မင်းကရော..."
"မင်းထက်တော့ ပိုတယ် ဟေ့ရောင်"
စိုင်းနေရောင် စာရွက်တွေကို ကောက်ယူပြီး... အလုပ်စားပွဲဆီ ပြန်သွားလိုက်သည်။
"ငါသူ့ကို လိုအပ်တယ် ဥာဏ်လင်း...။ ငါ သူ့ကိုလိုအပ်နေမှတော့... သူနဲ့သက်ဆိုင်သမျှအရာအားလုံး ငါလက်ခံနိုင်ရမှာပဲ...။ တစ်နေ့ မင်းပြောတဲ့ ကလေးတွေအဖေပေါ်လာရင်တောင်... ငါ အဲ့ကလေးမကို ဆွဲထားမှာ...။ ပစ်ထားတုန်းက ပစ်ထားပြီးမှ... ငါ ပြန်မထည့်လိုက်နိုင်ဘူး"
စိုင်းနေရောင် ပြောရင်း ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်သည်။ စားပွဲပေါ်မှာ မင်္ဂလာဆောင် ဓာတ်ပုံထဲက ကောင်မလေးက သူ့ကို ပြုံးကြည့်နေလျက်...။ ပြက္ခဒိန်ကိုကြည့်လိုက်တော့ အသည်းပုံအမှတ်သားလေးနဲ့ အကွက်မှာ မေ၂၅ မနက်ဖြန်...။
စိတ်ချမေ...
အဲ့ဒီအပြုံးတွေထက်... ပိုလွတ်လပ်ပြီး လှပတဲ့အပြုံးတွေ ငါဖန်တီးပေးမယ်...

ESTÁS LEYENDO
လမ်းခွဲကြပြီးနောက်
RomanceZawGyi code is below. A young normal girl met an old lady and her life changed.