10

7.9K 299 0
                                    

လမ်းခွဲကြပြီးနောက်
Part 10
The storm starts

"အခုလို အဆင်ပြေသွားတော့လည်း သူတို့နှစ်ယောက်ထဲ ကမ္ဘာပေါ်မှာ ရှိနေတဲ့အတိုင်းပဲ"
မွန်မွန်က ဆုမြတ်တို့အတွဲရှိရာ ခုံတန်းဆီ ငေးရင်းပြောတော့ သူမက ထိုခုံတန်းဆီ လှည့်ကြည့်မိသည်။ ကန်ရေပြင်ကို ဖြတ်လာသော လေက တစ်ဖြူးဖြူး။ ပုခုံးပေါ်ဝဲနေသည့် ဆံနွယ်ကလေးများက လေတွင် လွင့်နေကြသည်။ ဂါဝန်ပြာနုရောင် အပွင့်နုပ်နုပ်ကလေးက ဒူးဖုံးလောက်ကို ကြိုးသိုင်းဖိနပ်ကလေးနှင့် တွဲဝတ်ထားတော့ ကလေးလေးနှင့်ပိုတူသည်။ ရန်ကုန်ဆောင်းရာသီသည် သိပ်မအေးလှတာမို့ အင်္ကျီလက်ရှည်အဖြူပါးလေးတစ်ထည်ကိုသာ ထပ်ဝတ်ထားသည်။ အချစ်ငှက်တွေများ... ပျော်နေလိုက်ကြတာ။
"မေလေးတို့ဖို့ ကော်ဖီဝယ်ခဲ့တယ် "
မသိမ့်တို့အတွဲက ပြန်ရောက်လာပြီး သူမတို့ခုံတန်းမှာ လာထိုင်လိုက်သည်။
"ကျေးဇူးပဲ မသိမ့်"
သူမက ကော်ဖီကို တစ်ငုံသောက်လိုက်သည်။
မသိမ့်ရည်းစား ကိုကိုနိုင်က ဆုမြတ်တို့အတွဲဆီ လှမ်းကြည့်ရင်း...
"အဆင်ပြေသွားပြီတဲ့လား"
"အံမလေး... ဆုမြတ်လား ပြတ်နိုင်မှာ ဟိုကတောင်းပန်ရှာတော့ မနေနိုင်ပါဘူး အစကတည်းက မပြတ်နိုင်မှာ သိသားကို"
မွန်မွန်ကပြောပြီး ကော်ဖီကို မော့ပစ်လိုက်သည်။
"သူတို့အဆင်ပြေသွားတော့လည်း ဝမ်းသာရတာပေါ့"
မသိမ့်က တကယ် ဝမ်းသာနေဟန်...
"မသိမ့် သိလား... ကိုခန့်ကျော်က အလုပ်ရသွားပြီတဲ့ Sunshine မှာတဲ့။ ဦးစိုင်းနေရောင်တို့ ကုပ္မဏီလေ... အဲ့ဒါ ဆုမြတ်မွေးနေ့မှပြောပြီး surprise လုပ်ဖို့စီစဉ်ထားတာတဲ့။ဒေါ်ဆုမြတ်က စိတ်ဆိုးတော့ အခုပြောလိုက်ရတာပေါ့"
"အယ် ဟုတ်လား Sunshine ဆိုရင် လစာကောင်းတယ်နော်"
"ဟုတ်ပ သူတို့က လက်ထပ်ဖို့ စဉ်းစားနေကြပြီ"
မွန်မွန်၏ ထိုစကားကိုကြားတော့ မသိမ့်မျက်နှာမှာ ဝမ်းနည်းရိပ်များသမ်းသွားသည်ကို သူမက သတိထားမိတော...
"မသိမ့်တို့ကရော..."
သူမက အားနာစွာပဲ ထိုမေးခွန်းကို မေးထွက်ဖြစ်သည်။
"သူက နယ်ပြောင်းရမှာတဲ့"
ထိုစကားမှာ ဆုမြတ်တို့ဆီ အကြည့်ရောက်နေသော မွန်မွန် မျက်လုံးပြူးရသည်။
"ဒါဆို..."
"ဟုတ်တယ် ကိုနိုင်က မကွေးတက္ကသိုလ်ပြောင်းရမယ်တဲ့လေ... သူမရွှေ့ခင် မသိမ့်နဲ့လက်ထပ်ပြီး အဲ့ဆီလိုက်လာခဲ့စေချင်တာ"
"ဒါဆို မေလေးတို့ကျ"
သူမ အသံက မသိမသာ တုန်ရင်နေသည်။ မသိမ့်သိမ့်သူဆိုသည်မှာ သူမ ခင်တွယ်ရသည့် အမရင်းသဖွယ် ချစ်ရသူမို့...
"မေလေးတို့ကို ကျွန်တော် တကယ်အားနာပါတယ်။ ဒါပေမယ့် ကျွန်တော်က သူ့ကိုလည်း မထားခဲ့ချင်ဘူး"
ရုတ်တရက် ခွဲခွာရမှာကို သူမ မခံစားနိုင်။ ကိုကိုနိုင်က မသိမ့်လက်တွေကို ဆုပ်ကိုင်ထားပုံမှာ... ဘယ်တော့မှ မခွဲဘူးဆိုသည့် အဓိပ္ပါယ်များနှင့်...။ သူမက ဘာများတတ်နိုင်သေးလို့လဲ...။
"ဘယ်တော့လည်း "
"ဒီဇင်ဘာ လကုန်ရင်ပေါ့"
မသိမ့်က မင်္ဂလာဆောင်ကို အကြီးအကျယ်မလုပ်တော့ဘူး။ မင်္ဂလာဆွမ်းပဲ အိမ်မှာ ကပ်လိုက်တော့မယ်။ အဲ့ဒါ..."
မသိမ့်က စကားကိုဆက်မပြောတော... သူမကပဲ ဆက်ပေးရသည်။
"အဲ့ဒါ... ဘာလဲပြောလေ မသိမ့်"
"အင်း... မေလေးတို့ကို အားနာလို့။ ဆိုင်ကိုမလာနိုင်တော့ဘူးလို့ ပြောမလို့ မသွားခင် ပြင်ဆင်စရာလေးတွေရှိသေးတာလေ"
မသိမ့်က သူမကို မော့ပင်မကြည့်။ သူမသည်လည်း သီရိမေကို အားနာနေဟန်...
"ဘာအားနာစရာရှိလည်း တစ်နေ့ ဒီလိုပဲ ထွက်သွားကြမှာပဲကို..."
ထွက်သွားကြမှာပဲကိုဆိုသည့် အဖျားခတ်သံလေးမှာ တုန်ရင်စွာ...
"ဘယ်သူက ထွက်သွားမှာတဲ့လဲ"
ဆုမြတ်က သူမတို့ရှိရာဆီရောက်လာကာ တစ်စွန်းတစ်စကြားပြီး အလန့်တကြားမေးတော့
"မသိမ့်က လက်ထပ်တော့မှာတဲ့။ လပ်ထပ်ပြီး ကိုကိုနိုင်နဲ့ သူကျတဲ့ မကွေးဆီ လိုက်ပြောင်းသွားမှာတဲ့"
မွန်မွန်က ကလေးတစ်ယောက်က မိခင်ကို တိုင်သလိုမျိုး တရပ်ဆက် ပြောလိုက်တော့ ဆုမြတ်ဆီမှာ ပြောစရာ စကားတို့မဲ့...။ သူမ ပျော်လာသည့် အပျော်များပင် လေထဲသို့ လွင့်သွားသယောင်... စကားဝိုင်းသည် တိတ်ဆိတ်ခြင်းသို့။ လေသည် တဖြူးဖြူးနှင့် သီရိမေ ဆံပင်တွေကို ကျီစယ်သည်။ ဆုမြတ် လေတွင်ဝဲနေသည့် သူမဆံပင်တွေကို လက်ဖြင့်သပ်နေရင်း... ဦးတည်ရာမရှိ ကန်ရေပြင်ကိုသာ ငေးမောလျက်။
"မင်္ဂလာစကားပါပဲလေ... မေလေးတို့ပျော်ကြရမှာပေါ့ ။
ဒီနေ့ မင်္ဂလာအရှိဆုံးနေ့ပဲ...။ ဆုမြတ်တို့ကလည်း အဆင်ပြေ... လက်ထပ်ဖို့လုပ်နေကြပြီ။ မသိမ့်ကလည်း လက်ထပ်တော့မယ်။ မင်္ဂလာစကားတွေကြီးပဲ ဟုတ်တယ်မလား"
သူမက ပြုံးပြကာ စကားဆိုတော့ မသိမ့်က သူမကို ခလေးငယ်တစ်ယောက်လို ဆွဲဖက်ကာ ငိုသည်။
"မေလေးတို့ကို ထားခဲ့ရမှာ တကယ် စိတ်မကောင်းပါဘူးအေ... အကုန်လုံးကို လွမ်းနေရတော့မှာ"
အဲ့နေ့က သူမတို့ မျက်ရည်များဖြင့် ပြုံးခဲ့ကြသည်။ အဲ့ဒီနေ့ ကန်ဘောင်က ပိုပြီးလေထန်နေသလိုလို.... မှောင်လာတော့ သူမတို့ ပြန်ဖို့ လုပ်ကြသည်။ မွန်မွန်နဲ့ မသိမ့်တို့ အတွဲက အရင်ပြန်နှင့်တာမို့... သီရိမေနှင့် ဆုမြတ်တို့အတွဲက အေးအေးဆေးဆေး ကန်ဘောင်ပေါ်တစ်ပတ် ပတ်ကြသည်။ စကားတွေ ရောက်တတ်ရာရာ... အထူးသဖြင့် ကျောင်းတုန်းက အကြောင်းတွေ စမြုံ့ပြန်ကြရင်း... ခန့်ကျော်ဆိုတာကလည်း သီရိမေနဲ့ ကျောင်းတူတူတက်ခဲ့တဲ့ သူငယ်ချင်းပဲမို့။
"မေ... ဟိုတစ်ယောက်က ဟန်နီချိုမလား"
သူမတို့နှင့် မျက်နှာချင်းဆိုင်မှာလာနေသည့် ပန်းဆီရောင် ဝမ်းဆက်နှင့် မိန်းကလေး။ ရွှေအိုရောင်ဆံပင်ခွေများက လေမှာတလွင့်လွင့်... နေရောင်နှင့် ဟပ်ကာ နတ်သမီးတစ်မျှ လှပနေသော... သူမ။ ဟုတ်ပါတယ်... ဟန်နီချို၊။ ဒါဆို သူမလက်ချိတ်ထားတဲ့အမျိုးသားက
ဦးစိုင်းနေရောင်လား...။ မဖြစ်နိုင်။ ဦးစိုင်နေရောင်က အသက်၂၉နှစ်ပြည့်ပြီးတာမကြာသေးသည့် ကုပ္မဏီတစ်ခု၏ CEOဖြစ်သည့်တိုင် ထိုကဲ့သို့ လူကြီးဆန်သည့် အဝတ်အစားမျိုးက သူ့စတိုင်မဟုတ်။ အနောက်တိုင်း suitများကို နိုင်ငံခြားဧည့်သည်များနှင့် တွေ့ဆုံစရာရှိမှသာ ဝတ်သည်။ ပုံမှန်ဆို သူက ဂျင်းဘောင်းဘီလို တီရှပ်လိုလိုနှင့်သာ ကုပ္မဏီကို သွားလေ့ရှိသည်။ ဂျာကင်ခပ်ဆန်းဆန်း လေးများကိုလည်း ဝတ်တတ်သည်။ သူ့အသက်ရွယ် ရာထူးအားဖြင့် သူ့အဝတ်စားများက မသင့်တော်ဟု ယူဆရသော်လည်း သူ့တိကျပြတ်သားမှုနှင့် တည်ကြည်သော အလုပ်လုပ်သည့် စတိုင်ကြောင့် သူ့မှာ ခန့်ငြားဆဲပင်...။
"မေလေး... အဲ့ဘေးကလူက စိုင်းနေရောင် မဟုတ်ဘူးထင်တယ်"
ဆုမြတ်က တတောင်နှင့်တွက်ကာပြောတော့မှ သူမ အသိပြန်ဝင်သည်။
"မဟုတ်ဘူး"
သူမဖြေနေစဉ်မှာပဲ ဟန်နီချိုတို့က သူမတို့ရှေ့ရောက်လာသည်။ သူမအပြုံးတွေ... မကြိုက်ဘူး... သရော်နေသလိုလို... လှောင်နေသလိုလို။ "ဘယ်သူများလဲလို့ သီရိမေကိုး..."
"ဟုတ်"
သူမ ခေါင်းကို ငုံ့ထားမိသည်။ သူမရှေ့ရောက်ရင် အလိုလို ရှုံးနိမ့်နေရာတာ ဘာကြောင့်လဲ။
"ဒါ တို့နဲ့ စေ့စပ်မယ့်သူလေ ကိုသူတဲ့
ဆရာဝန်ပဲ"
သူမ မော့ကြည့်မိသည်။ ထိုအမျိုးသားသည်လည်း တစ်မျိုး တစ်ဖုံ ခန့်ငြားလှသည်ပဲ။
"မနက်ဖြန် Sundayမှာ စေ့စပ်ပွဲ ရှိတယ်။ ကိုနေနဲ့ လာခဲ့နော် တူတူ... လိုက်ခဲ့မယ်မလား "
"ရှင်..."
သူမက နားမည်နိုင်စွာ... သူမနဘေးက အမျိုးသားက ခဏဆိုကာ ထွက်သွားသည်။
"နင့်အတွက် အခွင့်ရေးရသွားတာပေါ့ သီရိမေ...
ငါတို့နှစ်ယောက်ကြားထဲမှာ ဝင်ရှုပ်ရတာပျော်ရဲ့လား
ဒါပေမယ့် မဆိုးပါဘူးလေ... ကာမပိုင်ယောက်ျားတစ်ယောက်ထက် ကိုသူက အစစအရာရာ သာတာပေါ့။"
အဲ့ဒီ လှပပြီး ကောက်ကျစ်တဲ့ အပြုံးတွေကို မုန်းတယ်။
ပြန်ြေ့ပာချင်နေသည့် ဆုမြတ်လက်ကို သူမ ဖိဆွဲထားရသည်။
"နင်ဖြစ်ချင်တာတွေဖြစ်ရတော့ ပျော်တယ်မလား။
ဒါပေမယ့် သိလား။ စိုင်းနေရောင်က နင့်အပိုင်ဆိုပေမယ့် ငါ့ကိုပဲ ချစ်နေမှာ... နင် ဒီတစ်သက် သူ့ဆီက အချစ်တွေ မျှော်လင့်မနေနဲ့"
ဒီတစ်ခါ ဟန်နီချိုကို စောင့်တွန်းလိုက်သူက ကိုခန့်ကျော်။
"ခင်ဗျား ဘဝင်ရူးမနေနဲ့ မဟန်နီချို"
"နင်က ဘာလဲ"
"ခင်ဗျား ဆရာ့အသဲကို ခွဲပြီးရင် တော်ရောပေါ့။ ဘာကိစ္စ အပြစ်မရှိတဲ့ မေလေးကို ဝမ်းနည်းအောင်လုပ်နေတာလဲ"
"နင်က ဘာမို့လို့ ဝင်လျှာရှည်နေရတာလဲ"
"ကျုပ်က ကိုနေရဲ့အတွင်းရေးမှူး။ မေလေ သူငယ်ချင်း။ ခင်ဗျားလွန်လာလို့ ကျုပ်ပြန်ပြောနေရာတာ ခင်ဗျား လျှာရှည်လို့"
ကိုခန့်ကျော်မျက်နှာမှာလည်း ရဲနေသလို... ဟန်နီချိုမှာလည်း ဒေါသဖြင့် တစ်ဆတ်ဆတ်တုန်နေသည်။
"ကိုခန့် တော်တော့"
ဆုမြတ်က ဝင်တားသည်။ သီရိမေမှာသာ... တွေဝေ ငေးငိုင်လျက်။
"အဲ့ဒီလို သုံးစားမရတဲ့ကောင်မနဲ့ တုပြောမနေနဲ့"
"ဘာရယ်..."
ဆုမြတ်ကို တွန်းဖယ်ကာ...
ထိုအသံနှင့်အတူ...မြှောက်လာသည့် လက်တစ်ဖက်...။ သီရိမေ ဖမ်းဆွဲလိုက်သည်။ သူမချစ်သောသူများကို သူမကြောင့်တော့ မနာကျင်စေရ...။ နောက်လက်တစ်ဖက်မြှောက်လိုက်သည်တွင်တော့...
ဖမ်းဆွဲလိုက်သည့် နောက်ထပ်လက်တစ်ဖက်။ ကိုခန့်ကျော်လက်လည်းမဟုတ်။ သူမ မော့ကြည့်မိတော့...
"ဆရာ..."
ထိုလူ... ထိုပြသနာအားလုံးကို ဖြစ်စေတဲ့သူ...
"ကိုကို"
"တော်လောက်ပြီ ဟန်နီချို...
မင်းရွေးချယ်တဲ့လမ်းကို ဖြောင့်ဖြောင့်တန်းတန်းသွားပါ"
တည်ငြိမ်လွန်းသည်။ မျက်နှာမှာ မည်သည့်ခံစားမှုကိုမျှ မပြတတ်သော အဲ့ဒီလူ...။ သူမလက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး အရာအားလုံးကို ကျောခိုင်းခဲ့လေသည်။ နောက်မှာ မည်ကဲ့သို့ဖြစ်ကျန်ခဲ့သည်ကို သူမသိ။ သိလည်း မသိချင်တော့။ အိမ်ပြန်လမ်းသည် ပို၍ တိတ်ဆိတ်လွန်းသည်။ သူ့အသက်ရှူသံ ပြင်းပြင်းကို ကြားနေရသည်မှာပင်... သူမ အနေခက်ရသည်။
………
"သမီးလေး သမီးပြောတဲ့ ဆိုင်ကိုရောက်ပြီလေ...
မဆင်းသေးဘူးလား"
"ရှင်...ရောက်ပြီလား"
နောက်ဆုံး သူမ ဒီဆိုင်ကို ပြန်ရောက်ရပြီပေါ့...။ ဒီဆိုင်လေးအတွက် သူမတစ်ဘဝလုံး ပေးဆပ်ခဲ့ရတဲ့ဆိုင်။
"ဟိုလေ ဦးလေး... ဒီမှာမရပ်တော့ဘူး လှည်းတန်းဘက်ကိုပဲ မောင်းပေးပါလား"
"ရတယ် ရတယ်"
သူမ ပိတ်ထားတဲ့ဆိုင်ကလေးကို တစ်ချက်သာ ကြည့်လိုက်ပြီး ကျောခိုင်းခဲ့သည်။ မျက်ဝန်းမှာ မျက်ရည်တို့အပြည့်။ လမ်းခွဲခဲ့ပြီးပြီပဲ... ဘာလို့ ထွက်ပြေးနေရသေးတာလဲ...။

လမ်းခွဲကြပြီးနောက်Where stories live. Discover now