လမ်းခွဲကြပြီးနောက် (season 2)
Part 9
She tried to be strong."လန်ဒန်ကို ၃ရက်ပဲနေခဲ့တာ။ အစကတည်းက အဲ့ဒီမှာနေဖို့ စီစဉ်ခဲ့တာမဟုတ်ဘူးလေ။ အားလုံးကို အဆက်သွယ်ဖြတ် မျက်ခြေပြတ်ဖို့ဆိုရင်... ပုန်းမယ့်နေရာကို ဖြောင့်ဖြောင့်သွားလို့မဖြစ်ဘူးမလား။ အဲ့ဒီကနေ နင့်ဆီကို မှာစရာရှိတဲ့စကားတွေနဲ့ လိုအပ်မယ်ထင်တဲ့စာရွက်စာတမ်းတွေကို ချောပို့ပြီးတာနဲ့ ပါရီကို တန်းထွက်လာခဲ့တာ... သွေးအေးလိုက်တာလို့ ဆိုချင်ဆိုကွာ... အဲ့ဒီအချိန်တွေတုန်းက အဲ့ဒီလိုမျိုး လုပ်ဖြစ်သွားတယ်။ နင့်ကိုအသိမပေးပဲ ငါတစ်ယောက်ထဲ ဆုံးဖြတ်ချက်တွေချမိလို့တောင်းပန်းပါတယ်။ နင်စိတ်ဆိုးရင်လည်း ငါခံပါ့မယ်။ရိုက်မှာဖြင့်လည်း ရိုက်ကွာ... ဒါပေမယ့် အခုလိုမျိုးကြီးတော့ စကားမပြောပဲ မနေပါနဲ့ နော်... နော်လို့ ဆုမြတ်"
သီရိမေ ဆုမြတ်၏လက်မောင်းကိုကိုင်ကာ ကလေးလေးသဖွယ် ချွဲ့ကြည့်သည်။ ဆုမြတ်က တုတ်တုတ်မျှပင်မလှုပ်...။ သူမထွက်သွားသည့်တိုင် ဆိုင်ကို ဆုမြတ်ကပဲဆက်ထိန်းပေးထားပါလို့ တောင်ဆိုခဲ့သဖြင့် ဆိုင်ကိုမပိတ်ခဲ့သလို... မွန်မွန်သည်လည်း သစ္စာရှိစွာ ဒီဆိုင်လေးမှာပဲ ဆက်အလုပ်လုပ်နေသည်ကို တွေ့ရတော့ သီရိမေမှာ အတိုင်းမသိ။ ဆိုင်ရှေ့ရောက်ပြီဆိုတာနှင့် အူယားဖားယားပြေးဆင်းကာ ကြိုဆိုပွေ့ဖက်ရင်း မျက်ရည်စက်လက်စကားတွေပြောခဲ့ခြင်းက သံယောဇဉ်ဟူသော မပြတ်လွယ်သည့် နှောင်ကြိုးများကြောင့်။ ထို့နောက်တော့ လင်းလင်းနှင့် ချီချီသည် ခဏအတွင်းပင် သူမ၏အချစ်တော်လေးများ ဖြစ်သွားရသည်။ ထိုကဲ့သို့အလွယ်တကူပင် ပတ်ဝန်းကျင်နှင့်ရင်းနှီးကျွမ်းဝင်သွားရခြင်းကြောင့် သီရိမေစိတ်တွင် ချမ်းမြေ့ရသည်။ ခက်နေသည်က သူမအား စိတ်ဆိုးကာ စကားမပြော ရေငုံနှုတ်ပိတ်နေသည့် ချစ်လှစွာသော ပိုပိုဆုမြတ်။
"ငါ့မှာ ပြောစရာတွေအများကြီးနော်... နင်နားမထောင်ချင်ဘူးလား"
နှုတ်ခမ်းလေးကို တင်းတင်းစေ့ကာ သူမကပြန် စိတ်ဆိုးဖို့ရန် စိုင်းပြင်ပြတော့ ဆုမြတ်ဆက်၍ မတင်းနိုင်တော့...
"နင် ပင်ပန်းလာတယ်မလား ညကျမှ အေးဆေးပြောကြမယ်။ ဒီည အိမ်မပြန်တော့ဘူး... ဟိုတုန်းကလို ခေါင်မိုးထပ်မှာ ကော်ဖီသောက်ရင်း ပြောကြတာပေါ့..."
ဖြေပုံက ဘောက်ဆက်ဆက်။ သီရိမေက ဆုမြတ်ပါးကို ဆွဲနမ်းပစ်လိုက်သည်။
"မွ... ငါသိတယ်။ နင်ငါ့ကို အကြာကြီးစိတ်မဆိုးဘူးဆိုတာငါသိတယ်။ အဲ့လိုမျိုး ခွင့်လွှတ်မယ့်သူငယ်ချင်းမျိုးမို့ ငါဆိုးရဲတာပေါ့... နော်"
"ငါနင့်ကို စိတ်ဆိုးပြေတာမဟုတ်သေးဘူးနော်။ နင့်ကို ရိုက်ချင်နေတာ..."
ဝါးစားမတတ် မျက်စောင်းထိုးကာ ဆိုလေတော့ သူမက သွားလေးစိကာ ပြန်ရယ်ပြလိုက်သည်။
ကြည့်စမ်း မေ... ကလေး၂ယောက်အမေက အခုချိန်ထိ ဒီလိုမျိုး ကလေးဆန်ဆန် အပြုမူတွေနဲ့ ချစ်စရာကောင်းနေတုန်းပဲလား...။ တတ်လည်း တတ်နိုင်ပါ့...။
"ငါ စဉ်းစားလို့မရဘူးအေ။ ဘယ်လိုစိတ်ကူးတွေနဲ့များ အဲ့လောက်အကြာကြီး ပုန်းနေနိုင်ရတာပါလိမ့်...။ များလှပါပြီဆိုတဲ့ သံယောဇဉ်တွေကို တိခနဲ့ဖြတ်ဖို့ ညည်းမို့ ရက်စက်ရက်တယ်"
"သံယောဇဉ်တွေကို အပြီးပိုင်ဖြတ်ခဲ့တာမှမဟုတ်တာ... အဆက်သွယ်ပဲဖြတ်တာ... ခဏတဖြုတ်ပေါ့ကွာ
အဲ့လိုလုပ်နိုင်ခဲ့ရတဲ့ အကြောင်းပြချက်တွေ ခိုင်လုံခဲ့လို့ပဲဆိုပါတော့..."
"သွေးအေးလိုက်တဲ့ မိန်းမ"
ထိုစကားအဆုံးမှာ သူငယ်ချင်းနှစ်ဦး၏ စကားဝိုင်းသည် တိတ်ဆိတ်ခြင်းသို့...။
"တီတီအပျိုကြီး...ချီချီ့ကိုလေ ဒီမုန့်ထုပ်လေးဖွင့်ပေးပါလား"
မျက်လုံးဝိုင်းလေးနဲ့ သူမလေးက မြင်ရသူတိုင်း ချစ်မိသွားနိုင်သည့် အစွမ်းစများဖြင့်...
"ငါ့ကို ဘယ်လို ခေါ်လိုက်တယ်..."
"တီတီ အပျိုကြီး "
မြန်မာစကားမပီ့တပီက ချစ်စဖွယ်ပေမယ့်...
"ဟေ့... ဟေ့... သီရိမေ။ နင်ကလေးကို မဟုတ်တာတွေ သင်ပေးထားတယ်ပေါ့ ဟုတ်လား"
ပြောရင်း သူမက မုန့်ထုပ်ကို ဖွင့်ပေးလိုက်တော့ ကလေးမက သူမအကိုရှိရာဆီ မုန့်ထုပ်ဆွဲလျက် ပြန်ပြေးတော့သည်။
"နင့်ကိုပြောဖူးပါတယ်။ ငါ့မင်္ဂလာဆောင်မှာ ငါ့အချစ်ဆုံးသူငယ်ချင်းတွေရှိနေစေချင်တယ်လို့...။ မူလတန်းကနေ ကျောင်းပြီးတဲ့အထိ အချိန်ကြာကြီး ပေါင်းခဲ့တာဆိုလို့ နင်ပဲရှိတာ မေ...။ နင်ပြန်မလာမချင်း ငါမင်္ဂလာမဆောင်နိုင်ဘူးလို့ ကိုခန့်ကိုပြောထားပြီးသား။ ရက်စက်တဲ့သူက ရက်စက်ပေမယ့်... သစ္စာရှိမိတဲ့ငါက စောင့်ရတာပေါ့လေ..."
ထိုကဲ့သို့ သူတစ်ပါး ဘဝတွေကို နှောင့်နှေးမိစေခဲ့ပါလားဆိုတဲ့စိတ်ဖြင့်... သီရိမေ အားနာမိရသည်။ ခွင့်လွှတ်ဖို့ပင် မတောင်းဆိုရဲတော့သည်အထိ...။
…………
အရှေ့နဲ့အနောက်မို့ နေ့နဲ့ည အချိန်ကာလ လွဲနေပေမယ့် ပြန်ရောက်ရောက်ချင်း ဗြောင်းဆန်အောင်နေခဲ့တာမို့... ခလေးနှစ်ယောက်က အိပ်ချိန်တွင် အလွယ်တကူပင် အိပ်မောကြသွားကြသည်။ ယခင် သူမနေခဲ့သည့်အခန်းက တစ်ယောက်အိပ်ကုတင်လေးမို့ သူမမိဘများရှိစဉ်က နေခဲ့သည့်အခန်းကို နေရာချထား စီစဉ်ရသည်။ နေ့လည်က မမွန် အခန်းရှင်းပေးသွားသည်မို့ အိပ်လို့ရပေမယ့် ဖုန်နံ့က ရနေ သေးသည်။ သံပုရာနံ့ပါသည့် ဖယောင်းတိုင်လေးထွန်းပေးထားခဲ့ပြီး အောက်ထပ်သို့ သီရိမေ ကော်ဖီဖျော်ဖို့ရန် ဆင်းလာခဲ့သည်။ လှေကားနားက သူမအခန်းဟောင်းနားရောက်တော့ အာရုံက အခန်းထဲဝင်သွားဖို့ ဆွဲခေါ်နေသောကြောင့် တံခါးဖွင့်ကြည့်မိသည်။ မျှော်လင့်ထားသည်ထက် ပို၍ သန့်ရှင်းသပ်ရပ်နေသည့် အခန်းလေးကြောင့် သီရိမေ အံ့ဩရခြင်းများစွာ။အထဲဝင်သွားကြည့်တော ဖုန်နံ့လည်းမရသလို မကြာခဏဆိုသလို လူအဝင်အထွက်ရှိသည့်အခြေနေ..။ အခန်းအနှံ့ လှည့်ပတ် ကြည့်မိတော့ လွန်ခဲ့သော ၅နှစ်က အပြင်အဆင်အတိုင်း နည်းနည်းမှ မပြောင်း တသွေမတိမ်း...။
ဆုမြတ်တစ်ခါတလေ ဝင်အိပ်တာနေမှာပေါ့လို့တွေးရင်း ပြန်ထွက်လာခဲ့သည်။

DU LIEST GERADE
လမ်းခွဲကြပြီးနောက်
RomantikZawGyi code is below. A young normal girl met an old lady and her life changed.