S2_16

8.7K 279 1
                                    

လမ်ခွဲကြပြီးနောက် (season 2)
Part 16
There should be a reason for everything.

"သူက ဒီလာချင်တာနဲ့ပဲ... ကိုဥာဏ်လင်းက ဒီကို ခေါ်လာခဲ့ရောလား"
လူမှန်းသူမှန်းမသိအောင်မူးနေပြီး သူမအရင်အခန်းဟောင်းက ကုတင်လေးပေါ်မှာ နေရာယူထားပြီဖြစ်တဲ့ စိုင်းနေရောင်ကို အလိုမကျစွာ ကြည့်လျက်...
"မလာလို့မရတာ... ညီမက ဒီကောင့်အကြောင်း မသိဘူးလား... လိုက်မပို့ရင် သူဘညသာရအောင်လာမှာ... ချာနေအောင်မူးနေတာ လမ်းမှာ တစ်ခုခုဖြစ်နေမှ...."
သီရိမေ သက်ပြင်းကို အသာချလိုက်သည်။ သူ့ကြောင့် ကိုယ်နာကျင်ခဲ့ရတာတွေရှိခဲ့ပေမယ့် ကိုယ်က အသာစီးရတဲ့အလှည့်မှာ ပြန်ပြီး ထပ်တူခံစားရပါစေလို့ စိတ်မျိုးမရှိခဲ့...။ ဒီအတိုင်း သူနဲ့အဝေးမှာနေပြီး သူနဲ့မပတ်သတ်ချင်ခဲ့ရုံလေးတင်... ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ...။ ကိုယ်က သူနဲ့မဆိုင်ချင်လည်း သူ့အပိုင်ဖြစ်နေခဲ့ပြီးသား...။ ခလေးတွေက အဲ့ဒီလူနဲ့မဆိုင်ပါဘူး ဇွတ်ငြင်းနေပေမယ့်... သွေးရင်း သားရင်းဆိုသည်...
"မေမေ့ကိုချစ်ရင် မေ့မေ့စကားကို နားထောင်နော်"
ဆိုပြီး ကလေးကလားဆန်သည့်နည်းလမ်းတွေဖြင့် သူတို့ကိုခွဲထားလို့ရခဲ့ပေမယ့်... သူတို့အဖေမှန်းမသိသေးတာတောင် သိပ်ကိုခင်တွယ်နေကြတာကိုမြင်မိတော့လည်း... စိတ်ထဲမှာ အပြစ်ရှိသလို...။ ဆုမြတ်မင်္ဂလာပွဲမှာ စိတ်ကိုထိန်းပြီး ပြီးအောင်နေခဲ့ရပေမယ့် အိမ်ပြန်ရောက်တော့ လူမှာ ချုံးချုံးကျလို့...
ကိုယ့်ကြောင့်တစ်ခြားတစ်ယောက်နာကျင်သွားခဲ့ပြီလား တွေးရင်း ကိုယ့်ကိုယ်ကိုအပြစ်တင်လိုက်... သူနာကျင်ထိုက်ပါတယ်လို့ ဖြေတွေးလိုက်နဲ့...
ဥာဉ့်နက်ကြီးမှာ ထိုလူသားက အိမ်တံခါးလာခေါက်ခဲ့သည်။
"ချာတိတ်ရေ... ကိုကို့ကို တံခါးဖွင့်ပေး"တဲ့။ ချာတိတ်လို့ခေါ်ခံရတိုင်း မသိစိတ်က အလိုက်မသိစွာပျော်ခဲ့ဖူးမေယ့်... ကိုက်ုဟူသော အသုံးနှုန်းမှာ ဘဝမကျခြင်းများနှင့်... တံခါးဖွင့်ပေးဖို့ တွန့်ဆုတ်နေခဲ့သည်။ သို့သော် ဘယ်ကတည်းက သူ့ဆီမှာ ရှိနေသည်မသိသော သော့ပိုတစ်ချောင်းဖြင့် ထိုလူသားက ခေါင်းငိုက်စိုက် အိမ်ထဲသို့ရောက်ခဲ့သည်။
"ကိုကို့ကို ခွင့်လွှတ်ပါကွာ"ဆိုသည့် စကားတစ်ခွန်းသာ ပြောနိုင်လျက်... ခန္ဓာကိုယ်တစ်ခုလုံး သူမပေါ် ပုံကျလာတော့သည်။ ဥာဏ်လင်းအကူညီဖြင့် သူမအခန်းဆီရောက်အောင်လာခဲ့ပြီး ကုတင်ပေါ်မှာ တိတ်ဆိတ်စွာ အိပ်ပျော်သွားသည်ထိ သူမမှာ မောဟိုက်လျက်...။ ခြေအိပ်တွေဖိနပ်တွေချွတ်ပေးပြီး အခန်းထောင့်မှာသွားထားလိုက်သည်။ လည်ပင်းက နက်ခ်တိုင်ကို ချွတ်ပေးပြီး ဗီရိုထဲက စောင်ပါးလေးတွေထုတ်ကာ သူ့အပေါ်လွှားပေးလိုက်ပြီးမှ အခန်းထဲမှာ ဥာဏ်လင်းရှိနေသေးတာကို သတိရသည်။ ထင်ထားသည့်အတိုင်း ဥာဏ်လင်းက သီရိမေကို ပြုံးစိစိငေးနေလျက်...
"ဟို... မေလေးက အကျင့်ဖြစ်နေလို့... အရင်တုန်းက သူသောက်လာရင် အဲ့လိုမျိုးလုပ်ပေးနေကျ... သူ သက်တောင့်သက်သာဖြစ်စေချင်လို့..."
"ဟုတ်ပါပြီ ကိုယ်ဘာမှမပြောပါဘူး..."
ဒီအခန်းထဲမှာသာ မှန်ရှိလျင်... သူမမျက်နှာရဲတွတ်နေတာကို မြင်နေရမှာ သေချာသည်။ "တကယ်က မနက်က မင်္ဂလာဆောင်မှာကတည်းက ပြောမလို့ပဲ... ညီမက ပြောချင်ရာစွတ်ပြောပြီး... ကိုယ်ပြောမယ့်ဟာကို နားထောင်မသွားဘူး"
"ဘာပြောမလို့လဲ..."
"ကိုနေ့အကြောင်း... ညီမဘက်ကတွေးကြည့်ရင် စိတ်နာစရာတွေကြီးဆိုပေမယ့်... ကိုနေ့ဘက်ကအကြောင်းလေးလည်း နည်းနည်းနားထောင်ပေးစေချင်တယ်..."
သူမ ဖုန်းစခရင်ကနာရီကို ကြည့်လိုက်ပြီ...
"မေလေး... နောက်တစ်နေ့မှာ နားထောင်ပေးမယ်လို့ ကတိပေးတယ်... ဒီနေ့က အရမ်းနောက်ကျနေပြီ..."
"အိုကေ... ကတိတည်နော် ကိုယ်သွားမယ်..."
သီရိမေ တံခါးပေါင်ထိလိုက်ပို့ပြီး သော့ခတ်လိုက်သည်။
"နှစ်ယောက်သား သာယာတဲ့အချိန်လေးတွေ ပိုင်ဆိုင်ကြပါစေ..."
ပြန်ခါနီး စနောက်သွားပြီးမှ ကားမောင်းထွက်သွားတာကြောင့် သူမမှာ ဘာပြောရမှန်းမသိ ကြောင်တောင်တောင်နဲ့ ရပ်ကျန်ခဲ့ရသည်။
ဒီလူနဲ့ ဒီလူ... ပေါင်းမိတာ မဆန်းပါဘူး...
ကလေးတွေအခန်းထဲ ပြန်ဝင်ဖို့ပေမယ့် သူ့အခန်းထဲက ညည်းသံကြားတာကြောင့်...
"ရေ..."
လင်းလင်းကညညရေတောင်းတတ်တာကြောင့် အသင့်ခပ်ပြီးသားပါလာတဲ့ ရေကရားထဲကနေ ငှဲ့ပြီး ကမ်းပေးလိုက်တော့ ထလာပြီး သောက်သည်။ ရီဝေသောမျက်ဝန်းများဖြင့်... မော့ကြည့်လာပြီး ကလေးငယ်ကဲ့သို့ ပြုံးနေလျက်...
"မေ... ဟုတ်တယ်နော် ချာတိတ် ဟုတ်တယ်နော်...
ကိုကို့အိပ်မက်ထဲ အလည်လာတာပေါ့..."
သီရိမေ ဘာမှမပြောပဲ လှည့်ထွက်ဖို့ပြင်လိုက်သည်။
"မသွားပါနဲ့..."
လက်ကို ဖမ်းဆွဲလာတာကြောင့် အတင်းရုန်းမိပေမယ့်... " ချာတိတ်ကိုတွေ့ရဖို့က သိပ်ခက်တာ... အိပ်မက်ထဲထိ လိုက်မစိမ်းကားပါနဲ့... ကိုကိုရင်တွေနာတယ်ဗျ"
အားနဲ့ဆွဲလိုက်တာမို့ သူမ ကုတင်ပေါ် ပုံလဲသွားသည်။
စိုင်းနေရောင် မျက်လုံးပိတ်လျက်သားနဲ့ သူမခန္ဓာကိုယ်လေးကို တင်းတင်းဖက်လာတာကြောင့် သူမအသက်ရှုတွေ့မြန်လာလျက်... တွန်းထိုးရုန်းကန်နေပေမယ့် သူကတော့ ဆိတ်ဆိတ်ကလေး အိပ်ပျော်သွားခဲ့သည်။ ပွေ့ဖက်ထားသည့်လက်တွေကို ဖြေချမပေးခဲ့ပဲ...
အိပ်ပျော်ပြီအထင်နဲ့ အသာလေးထသွားဖို့ကြိုးစားကြည့်သော်လည်း... ချုပ်နှောင်ထားသည့်လက်များက တင်းကြပ်စွာ...
"ကိုကိုက မင်းကို လွမ်းနေခဲ့ရတာ..."
ဗလုံးဗထွးသံကြောင့် သူ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေရင်း သူ့မျက်နှာကို ငေးကြည့်မိသည်။ အိပ်ပျော်နေတာတောင် ကျုံ့ထားဆဲ... မျက်ခုံးမွှေးထူထူလေး... ယောက်ျားလေးတန်မဲ့ရှည်လျားနေသည့် မျက်တောင်များ... အရင်လိုရဲမနေတော့ပဲ အညိုဘက်လုနေ သည့် နှုတ်ခမ်းများ... သူ့မျက်နှာကို အနီးကပ်ကြည့်ရင်း သီရိမေ ရင်ခုံသံတို့ မြန်လာခဲ့တော့... သူ့ရင်ခွင်ထဲက ထထွက်သွားလိုက်ချင်သည်။ ကုတင်သေးသေးလေးပေါ်မှာ နီးနီးကပ်... ပထမဆုံးအတူရှိဖူးတာတော့မဟုတ်...။ လွန်ခဲ့တဲ့၅နှစ် သူ့မွေးနေ့... မိုးတွေရွာတဲ့နေ့တုန်းကလည်း  ကုတင်ကျဉ်းကျဉ်းလေးမှာ နှစ်ယောက်အတူ အိပ်ခဲ့ကြဖူးသည်။ အခုလိုမျိုး သူ့လက်မောင်းကိုခေါင်းအုံးပြီး ပူပူးကပ်ကပ်မဟုတ်... တစ်ယောက်စီ... ကုတင်စွန်းမှာ...။ သီရိမေ အရင်ကအကြောင်းတွေတွေးရင်း သူ့မျက်နှာကို ငေးကြည့်နေခဲ့တာ အတော်ကြာသွားသည်။ စိုင်းနေရောင် လူးလွန့်လာပြီး သူမကို တင်းတင်းထပ်ဖတ်တော့... အလိုက်မသိ သူမ ပြုံးလိုက်မိသည်။
"ကိုကို့ကို မမုန်းနဲ့နော်..."
မုန်းနိုင်ဖို့ကြိုးစားခဲ့တာတောင်... မုန်းမရခဲ့တဲ့အကြောင်း... နောက်တော့ ပြောပြဖို့ကြုံအုံးမည် ထင်ပါသည်။ ထိုနေ့ညက... သူ့ရင်ခွင်မှာ... နှစ်ခြိုက်စွာ... အိပ်ပျော်ခဲ့မိသည်။ သူမ ထိုကဲ့သို့  အိပ်မပျော်တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ ပါရီမှာနေခဲ့သည့်ကာလများမှာ... ကလေးတွေတစ်ဖက်ကျောင်းတစ်ဖက်နဲ့ နေ့ခင်းမှာ ပင်ပန်းသလောက် ညကျတော့လည်း သူတို့လေးတွေ မအိပ်မချင်း... အိပ်သွားကြတော့လည်း ဒီပလိုမာပရောဂျက်နဲ့ မပြီးပြတ်သေးတဲ့ ကျောင်းစာတွေ။ ဒီလိုနဲ့ နှစ်ခြိုက်စွာအိပ်စက်ခြင်းတို့နဲ့ ဝေးခဲ့သည်မှာ... ဒီအိမ်ကို ပြန်ရောက်တဲ့အထိ...။ သို့သော် ထိုနေ့ညက အိပ်စက်ခြင်းမှာ... ချိုမြိန်သော အိပ်မက်တို့ပင် မက်နေခဲ့သေးသည်။ ချစ်တဲ့သူက ပေးသော အနမ်းတို့ဖြင့် လှပသော အိပ်မက်...။
………
အာခေါင်မှာ ပူလောင်ခြောက်ကပ်လွန်းတာကြောင့် မျက်လုံးတွေ ဆက်မပိတ်နိုင်တော့ပဲ ဖွင့်ကြည့်မိတော့... အခန်းငယ်လေး...။ ချာတိတ်ရဲ့အခန်း... သူသောက်ဖြစ်တဲ့နေ့တိုင်း ဖွားစောစိတ်ဆင်းရဲမှာစိုးလို့ ချာတိတ်ရဲ့အခန်းကို လာအိပ်နေကျ...။ အိမ်ကိုသိမ်းထားတုန်းက သော့ပိုလေးကို ပြန်မပေးပဲ ထားလိုက်မိရာက... လွမ်းတိုင်း ဒီကိုလာဖြစ်ခဲ့သည်။
ဒီအခန်းလေးက သူမငယ်ဘဝတစ်လျောက်လုံး နေလာခဲ့သည့်အခန်းလေး...။ မနေ့ညက သူတော်တော်သောက်မိပြီး ဒီကိုရောက်လာခဲ့တာဖြစ်မည်။စားပွဲပေါ်က ရေကရားကို လှမ်းယူဖို့ထလိုက်ပေမယ့် ခေါင်းက မိုက်ကနဲ့...။ ဘယ်ဘက်လက်ကလည်း တစ်ခုခုက ဖိထားသလိုဖြစ်နေတာမို့ကြည့်မိတော့... မေ...။ ကွေးကွေးကလေး သူ့ဘေးမှာ အိပ်နေပုံက အူယားစရာ... ဆံရစ်ညီညီလေးအောက်က မျက်လုံးလေးတွေ... ဖွေးဖြူနေသည့် ပါမို့မို့လေး... နှာတံလုံးလုံးသေးသေးလေး... စိုင်းနေရောင် လက်ချောင်းကလေးနဲ့ လိုက်တို့ထိရင်း တစိမ့်စိမ့်ကြည့်နေမိသည်။ သူ့ကိုမြင်လိုက်တာနဲ့... စူးရှသည့်မျက်ဝန်းများနှင့် တင်းသွားတဲ့ မျက်နှာလေးကြောင့် စေ့စေ့မကြည့်ရဲ... ရင်မဆိုင်ရဲခဲ့တာကြာပြီ... သူ့လက်ချောင်းက နှုတ်ခမ်းဖူးဖူးကလေးဆီရောက်တော့ ရပ်တန့်သွားသည်။
မဖြစ်သေးပါဘူးလေ...ဆိုကာ စိတ်လျော့ပြီး ရေကရားဆီ လက်လှမ်းလိုက်ပေမယ့်...
"လင်းလင်း မစနဲ့ကွာ... မေမေထပ်အိပ်ချင်သေးတယ်"
အိပ်ချင်မူးတူးသံလေးနှင့်ပြောပြီး သူမက သူ့ကိုဆွဲဖက်လိုက်တာမို့... စိုင်းနေရောင် ရင်ဘက်တစ်ခုလုံးဗြောင်းဆန်လို့...
မင်းဘက်က စခဲ့တာ... ပြီးကျမှ ကတ်ကတ်လန် မစွာကြေး...
ရဲရဲဆွေးနှုတ်ခမ်းဖူးဖူးလေးကို ဖိကပ်နမ်းလိုက်သည်။ ပါးကလေးတွေ... နှဖူးကလေးတွေ မျက်လုံးကလေးတွေ...ပြီးတော့ လည်တိုင်ကလေးတွေဆီ...။ နောက်တော့ နှုတ်ခမ်းလေးတွေဆီ... အနမ်းတို့ ပြန်ဦးတည်ရင်း...။
မနက်ခင်းတိုင်း ထိုကဲ့သို့ နိုးထခွင့်ရှိမည်ဆိုလျင်...
"ဟေ့... ခင်ဗျားကြီး... အိပ်နေတဲ့သူကို..."
နိုးလာပြီး မျက်လုံးပြူပြူးကလေးနဲ့ သူ့ကိုကြည့်နေသည့် ကောင်မလေး...။
"မင်းဘက်က စတာ..."
"ဘာရယ်..."
စိုင်းနေရောင် သူ့ကိုထွေးပွေ့ထားသည့်လက်တွေကို မေးထိုးပြတော့ သူမက အလန့်တကြား...။ သူ့ကို ခြေရောလက်ရော အကြောက်အကန် တွန်းလွှတ်လိုက်တာမို့ ကုတင်သေးသေးလေးပေါ်က ပြုတ်ကျတော့သည်။
"သေပါပြီဗျာ...
သူပဲ... အတင်းဖက်တုန်းက ဖက်ပြီး... အခုကျမှ... ကျွန်တော်က ဘာကြီးလဲဗျ"
"သေ... အဲ့ဒါ မူးရူးပြီး သူများအိမ်လာပြီး ရှုပ်လို့... ပြီးတော့ အိပ်ပျော်နေတဲ့သူကို အခွင့်ကောင်းယူလို့"
သီရိမေ ကုတင်းပေါ်ကနေပြေးဆင်းကာ တံခါးပေါက်ဆီပြေးလိုက်သည်။
"ဟေ့... ဟေ့... နေအုံးလေ အစောကြီး ထတော့မှာလား ပြန်အိပ်ရအောင်..."
"ရှင်နော်... စကားကိုကြည့်ပြော..."
"ဟောဗျာ... ကျွန်တော်က ဘာပြောမိလို့တုန်း"
လဲကျနေရာက ထပြီး သူမဆီသွားတော့ သူမက အပြင်ဘက်ပြေးထွက်ပြီး တံခါးကိုဇွတ်ပိတ်ပစ်သည်။
"ထပ်အိပ်လိုက်အုံး... အခုမှ ၄နာရီရှိသေးတာ... လင်းလင်းတို့ကို သွားကြည့်မလို့... ထွက်လိုက်မလာနဲ့"
စိုင်းနေရောင် တံခါးကိုဖွင့်တော့ သူမလေးက တံခါးကိုတွန်းထားရင်း...
"ခင်ဗျားအပြစ်လုပ်တာတွေများနေပြီးနော် ပြစ်မှုထပ်မတိုးချင်ရင် အခုချက်ချင်းပြန်အိပ်... ခင်ဗျားမနေ့ညက ညဉ့်နက်တယ်... သောက်ထားတာလည်းများတယ်... ပြန်အိပ် သွား"
တံခါးကိုစောင့်ပိတ်သွားပြီးနောက် ခြေသံသဲ့သဲ့လေးပျောက်သွားတဲ့အထိ စိုင်းနေရောင် တံခါးကိုမှီရင်း ရပ်နေမိသည်။ လက်ညှိုးကလေးတထိုးထိုးနဲ့... အမိန့်ပေးသွားတဲ့ မဟေသီမလေး...။
ပွစိပွစိ မင်းစကားတွေနားထောင်ရင်း လက်ကျန်အချိန်တွေ ကုန်ဆုံးခွင့်ရချင်တယ်...
………
"လင်းလင်... ချီချီ... မနက်အစောကြီး တိုးတိုး ဟိုဘက်ခန်းမှာ ဧည့်သည်အိပ်နေတယ်... နိုးသွားလိမ့်မယ်"
"ဧည့်သည်... ဘယ်သူလဲ... ဘယ်သူလဲ"
"ချီချီ... မေမေ တိုးတိုးနေလို့ပြောနေတယ်လေ...
မနက်စာစားရအောင် သွားတိုက်ချည် သွားသွား"
"ဟုတ်..."
နှစ်ယောက်ပြိုင်တူအော်ကာ ရေချိုးခန်းဆီ ပြေးဝင်သွားကြသည်။ ခဏကြာတော့ လင်းလင်းလေး ပြန်ရောက်လာတော့ သီရိမေ မျက်နှာသုန်ပဝါဖြင့် မျက်နှာသေးသေးလေးကို သုပ်ပေးနေတုန်း... ကောင်လေးက သူမကို မျက်လုံးဝိုင်းလေးများနဲ့ မော့ကြည့်နေသည်။
"ဘာပြောချင်လို့လဲ သားသား... ပြောစရာရှိရင် မေမေ့ကိုပြောလေ..."
ကလေးလေးမျက်လွှာကလေးချလျက်...
"သားတို့က ဘာလို့ ဦးဦးနေကို စကားပြောလို့မရတာလဲ..."
"ဟင်... ဘာလို့လဲ... သားက အဲ့ဒီဦးဦးနဲ့ စကားပြောချင်လို့လား"
ခေါင်းကလေးကိုပါ ဆတ်ကနဲ့ငြိမ့်ရင်း...
"ဟုတ်... သားသား အဲ့ဒီဦးဦးကို ချစ်တယ်။ အဲ့ဒီဦးဦးက လူကောင်းပါ... မေမေကို့လည်း ဂရုစိုက်တယ် ဘာလို့ ဦးဦးကိုမကြိုက်တာလဲဟင်..."
"အင်... ဘာလို့မကြိုက်တာလဲဆိုတော့..."
သူမ အကြာကြီးစဉ်းစားပြီးမှ
"မေမေလည်းမသိဘူး... ဒီတိုင်းမကြိုက်လို့"
"မေမေပြောဖူးတယ်လေ... သားတို့ကို...
ချေညကလက်တွေကြိုက်ရင်စားလို့ရတယ်...  ချောကလက်တွေအများကြီးစားရင် သွားကျပိုးစားတတ်တယ်... သွားတွေလှချင်ရင် နည်းနည်းပဲစားရမယ်။ အဲ့လိုမျိုးပြောဖူးတယ်လေ။ ပြီးတော့... အမှိုက်တွေကို အမှိုက်ပုံးထဲပစ်ရမယ်... ဒီတိုင်းပစ်လိုက်ရင် သားတို့နေတဲ့ပတ်ဝန်းကျင်က ရုပ်ဆိုးသွားလိမ့်မယ်... အဲ့လိုမျိုး...ပြောခဲ့တာလေ။ ဒါဆိုဘာလို့ ဦးဦးကိုစကားမပြောရတာကျ အကြောင်းပြချက်မရှိရတာလဲ..."
သီရိမေ ကလေးပါးကို ဖျစ်လိုက်ရင်း...
"ဟုတ်ပြီ... မေမေမှားသွားတယ်။ အဲ့ဦးဦးကိုချစ်ရင် စကားပြောလို့လည်းရတယ်... တွေ့လို့လည်းရတယ်။ မေမေနောက်ခါ အကြောင်းမခိုင်လုံပဲ စည်းကမ်းတွေမချတော့ဘူး ဟုတ်ပြီလား"
သီရိမေ သက်ပြင်းချလိုက်မိသည်။ ကိုယ်ကခေါင်မာပြီး သူတို့ကိုခွဲထားချင်ရင်တောင် ဘယ်လောကြာကြာထိ ခွဲထားနိုင်မှာမို့လို့လဲ...

လမ်းခွဲကြပြီးနောက်Where stories live. Discover now