S2_13

7.7K 275 0
                                    

လမ်းခွဲကြပြီးနောက် (season 2)
Part 13
Happy birthday to u.

ယနေ့အာဟာရကုသိုလ်ရှင် မသီရိမေ ၂၉နှစ်ပြည့်
မွေးနေ့အလှူနှင့် ဦးစိုင်းနေရောင်+ဒေါ်သီရိမေ ၆နှစ်ပြည့် မင်္ဂလာနှစ်ပါတ်လည် အလှူ...
အလှူရှင် ဘုတ်ကိုကြည့်ပြီး... သီရိမေဆွံ့အသွားသည်။ ဆုမြတ်ကို မွေးနေ့မလုပ်ဘူးဟု ပြောခဲ့ပေမယ့် ဟိုအရင်ကတည်းက လစဉ်ထောက်ပံ့နေကျ ဘိုးဘွားရိပ်သာလေးဆီသို့ ကလေးနှစ်ယောက်နှင့် ရောက်ဖြစ်ခဲ့သည်။သို့သော် ဘုတ်က သူမနာမည်နှင့်သာမက... ထိုစိတ်အနှောက်ယှက်ပေးလွန်းလှသည့်လူသား၏ နာမည်ကို မြင်လိုက်ရသည့်အခါ...
"မေမေ... သွားမယ်လေ"
ချီချီက သူမလက်ကိုဆွဲလှုပ်ကာပြောနေပေမည့် သူမ ရှေ့မတိုးမိ...
ဘာစိတ်ကူးတွေနဲ့ အဲ့ဒီလူက...
"အန်တီ ဒီနေ့ကုသိုလ်ရှင်က..."
ဘေးနားက ဖြတ်သွားသည့် အန်တီကြီးတစ်ယောက်အား သိလိုစိတ်ဖြင့် မေးမိသည်။
"ဪ... ဒီနေ့ကုသိုလ်ရှင်လား... ကုပ္မဏီပိုင်ရှင်တစ်ယောက်ပဲ သမီးရဲ့... Sunshineဆိုလား... ဒီနှစ်ဆို ၅နှစ်မြောက်ပဲ သူ့ဇနီးက နိုင်ငံခြားရောက်နေလို့လေ... အဲဒါ နှစ်တိုင်း တစ်ယောက်တည်းလာပြီး ကုသိုလ်လုပ်နေကြ...။ လူကောင်းလေးပါကွယ်... သူ့မိန်းမကို သိပ်ချစ်ရှာတာ"
ရိပ်သာမှာ အနေကြာဟန်ရှိတဲ့ အန်တီကြီးက သူ့အကြောင်း ဝေဝေဆာဆာ ပြောပြသမျှ... သီရိမေ အံကြိတ်လျက်...
ဘာသာဘောလဲ...
"သမီးက ဘာလာလုပ်တာလဲ... လက်ထဲက ပစ္စည်းတွေက လှူဖို့လား ဝင်သွားလေ... လှူရမယ့်နေရာမသိလို့လား အန်တီလိုက်ပို့ပေးမယ်..."
"နေပါစေ...အန်တီ... နောက်နေ့မှ လာခဲ့တော့မယ်"
သားငယ်နှင့် သမီးငယ်လက်ကိုဆွဲကာ ချာခနဲ လှည့်ထွက်ခဲ့ပေမယ့်... ချီချီလေးက သူမခေါ်ရာဆီပါမလာ...
"မေမေ... ဟိုမှာ ဦးဦးရယ်... ဦးဦးနေ... "
သူမလှည့်ကြည့်လိုက်တော့ စတစ်အဖြူနှင့် ပုဆိုးတွဲဝတ်ထားသည့် အဲ့ဒီလူ... ။ သူမတို့ရှိရာဆီအပြေးလာတော့ လိုက်ဖို့ရန်ငြင်းဆန်နေသည့်ကလေးလက်ကို စောင့်ဆွဲလျက်...
"လာ ချီချီ ပြန်မယ်"
သူမကားရှိရာဆီ ဦးတည်လိုက်သည်။ လင်းလင်းကပါ သူမကို မပြန်ချင်ဘူးဆိုသည့်အဓိပ္ပါယ်များဖြင့် မော့ကြည့်လာတော့... သူမ သက်ပြင်းတစ်ချက်သာ ရှိုက်လိုက်ရင်း...
အချိန်တိုလေးအတွင်းမှာ ဘယ်လိုများ တွယ်တာသွားကြရတာလဲ...
"မေမေက ပြန်မယ်လို့ပြောနေတယ်လေ... ချီချီ လင်းလင်း"
သူမအော်လိုက်တော့ အမွှာကလေးတွေနှစ်ယောက်စလုံး မျက်နှာလေးများ ညိုသွားကြတော့... သူမစိတ်မကောင်းမိ။
"ကလေးတွေကို မဆူပါနဲ့ကွ"
အပြေးလာခဲ့သည်မို့... စိုင်းနေရောင်အသံမှာ မောဟိုက်စွာ...
"သူတို့မှ မပြန်ချင်တာကို... အလှူလုပ်ဖို့လာခဲ့တာမလား။ ဘာလို့ပြန်မှာလဲ..."
ချီချီလေးကိုပွေ့ချီလိုက်ရင်း ပြောတော့... သူမက လင်းလင်းလက်ကိုဆုပ်ကိုင်လျက်...
"မလှူတော့ဘူး ပြန်မယ် လာ လင်းနေခြည်ဦး... မေမေ့စကားနားထောင်"
သီရိမေက လက်ကမ်းပေးပေမည့် သူမလေးက စိုင်းနေရောင်ဆီမှာတွယ်ကပ်လျက်...
"ရောက်နေပြီပဲ... ဘာလို့ပြန်မှာလဲ။ ဟိုမှာ မင်းကိုမှတ်မိတဲ့ အဖိုးအဖွားတွေအများကြီးပဲ... မင်းကိုမေးနေကြတယ်။ အာ... ဟုတ်တယ်။ ဖွားမေကို မင်းသိတယ်မလား...။ ခုနကတောင်မင်းကို မေးနေတယ်...လာ သွားမယ်"
သီရိမေလက်ထဲက အထုပ်တွေကိုယူကာသူမပခုံးလေးကို ဆွဲဖက်လိုက်ပြီး အဆောင်တွေဆီ ဦးတည်လိုက်သည်။ ဒါကို သီရိမေကဘသဘောမကျစွာ လက်တွေကို ဖယ်ချလျက်... နှုတ်ခမ်းလေး ဆူပုတ်နေပုံက ဟိုတုန်းကလို...
"သားကိုကျ မေ့သွားတော့မလို့ပေါ့"
နောက်မှာကျန်ခဲ့သည့် လင်းလင်းက လက်ပိုက်လျက်... မျက်မှောင်ကုပ်ကာ သူတို့သုံးယောက်ကိုကြည့်နေသည်။ "ကိုကို... မီအောင်လိုက်ခဲ့"
စိုင်းနေရောင်ရင်ခွင်ပေါ်ကနေ ချီချီက လှမ်းအော်တော့ လင်းလင်းက မျက်နှာကိုတစ်ဖက်စောင်းလိုက်သည်။
"သားသားကို မေမေချီမှာပေါ့..."
သီရိမေ ကောင်လေးဆီပြေးချီတော့ ကလေးက မျက်လွှာလေးချလျက်...
"ဟင့်အင်... သားက ၅နှစ်ပြည့်တော့မှာ ကလေးမဟုတ်တော့ဘူး။ သားလမ်းလျောက်နိုင်တယ်... သားကို မေ့မသွားရင်ပြီးရော"
သီရိမေ... ကလေးငယ်ကိုကြည့်ရင်းပြုံးလိုက်သည်။ အရာရာမှာ အားနည်းပြီး ဝမ်းနည်းလွယ်လွန်းသည့်ကလေး... တဖြည်းဖြည်းလေး ရင့်ကျက်လာတာကိုကြည့်ရင်း သူမမှာ ပီတိတို့ဖြင့်...
"လာ... သွားကြမယ်"
စိုင်းနေရောင် ကမ်းပေးလာသည့်လက်ကို သူမ မေ့မေ့လျော့လျော့ လှမ်းကိုင်မိလျက်သား...။
………
"မေလေးရယ်... ဖွားမေဆီမလာတာကြာပေါ့...။ ဖွားမေက သမီးလေးကို မျှော်နေတာ... ကြည့်ပါအုံး အရင်က ဆံပင်တိုတိုလေးနဲ့ကောင်မလေးက အခုဆံပင်ရှည်ကြီးနဲ့ လူကြီးကြီးဖြစ်လာပေါ့..."
"ဖွားမေ သမီးကိုတကယ်မှတ်မိတယ်ပေါ့..."
ဆံပင်ဖြူဖြူဖွေးဖွေးနှင့် ပိန်ချိနေသည့်အဖွားအိုရဲ့လက်တွေကို ဆုပ်ကိုင်ရင်း သူမအားတက်သရော...
"အံမလေးအေ ၉၀နားနီးပြီဆိုပေမယ့် ဖွားမေ မအိုသေးပါဘူးအေ့"
သူမက ဘာမှ မပြောပဲပြုံးကြည့်တော့... အဖွားအိုက ပြန်ပြုံးပြသည်။
"ညည်းယောက်ျားက ညည်းကို တော်တော်ချစ်ရှာတာ...
ညည်းလေးက အိမ်ကနေစိတ်ဆိုးပြီး အဝေးကြီးကိုထွက်သွားတာဆို... ညည်းနယ်အေ မောင်စိုင်းနေလေးက သမီးလေးကို သတိရနေရှာတာ... ညည်းမွေးနေ့မှမဟုတ်ဘူး ဖွားမေကို ခဏခဏလာကြည့်တယ်။ အခုလည်း စိတ်ဆိုးမပြေသေးဘူးဆို... လင်မယားချင်းအကြာကြီး ခွဲမနေနဲ့သိလား။ ညည်းယောက်ျားက ခန့်ချောကြီး တစ်ခြားမိန်းမတွေက ယူသွားမှဖြင့်... ကလေးနှစ်ယောက်အမေဖြစ်နေပြီ... ကလေးစိတ်ကုန်တော့"
ဖွားမေက ရှည်ရှည်လျားလျား ဆုံးမဩဝါဒတွေပေးနေသမျှ သူမမှာ မျက်နှာလေးကို ရဲတွတ်လျက်...။ စိုင်းနေရောင်ကတော့ ပြုံးစိစိ... မျက်နှာက မှိုရသည့်မျက်နှာ... သူမမျက်စောင်းထိုးလိုက်တော့ စိုင်းနေရောင် နှုတ်ခမ်းကို စေ့စေ့ပိတ်လိုက်သည်။
"စိတ်ချ ဖွားမေ... ချာတိတ်အကြာကြီးစိတ်မကောက်နိုင်အောင် ကျွန်တော် ချော့မှာ"
ထိုစကားကြားတော့ ဖွားမေက မိန့်မိန့်ပြုံးလျက်... သဘောကျစွာ...
"မေလေးကလည်း သားကိုသိပ်ချစ်တာ ဖွားမေသိတယ်။ မာနကြီးနေလို့ သိလား... ကြည့်ပါလား အမွှာလေးတွေကို... မောင်စိုင်းနေနဲ့တူတာ မျက်လုံးမျက်ခုံးလေးတွေဆို ချွတ်စွပ်။ မိန်းမက ယောက်ျားကို သိပ်ချစ်တဲ့အခါ မွေးလာတဲ့ကလေးတွေက ယောက်ျားနဲ့တူတာတဲ့..."
ရိပ်သာပန်းခြံထဲမှာ ပြေးလွှားဆော့ကစားနေသည့် မောင်နှမနှစ်ယောက်ကို ဖွားမေက သဘောတကျ ခေါင်းတငြိမ့်ငြိမ့်ကြည့်လျက်...။ သီရိမေ အလန့်တကြား စိုင်းနေရောင်ကိုမော့ကြည့်တော့... ထိုလူသားက မျက်ခုံးနှစ်ခု ထိစပ်လုထိ မျက်မှောင်ကြုံ့လျက်...။
မဖြစ်ဘူး... အဲ့ဒီလူ ရိပ်မိလိုမဖြစ်ဘူး...
သီရိမေလက်တွေပင် တုန်ရီလာသည်။ လက်ဖျားမှာ ချွေးလေးများပင် စို့လာသည် ထင်ရသည်။
"ဖွားမေကလည်း... လျောက်ပြောနေပြီ။ မတူပါဘူး... တစ်ခြားစီပါ..."
သူမက တုန်ရီစွာ ပြောမိတော့... ဖွားမေက သူမကို စေ့စေ့ကြည့်ကာ
"ဘာလဲ... ဖွားမေက အသက်ကြီးပြီ မျက်စိမှုန်နေပြီဆိုပြီး အထင်သေးတာလား... ဖွားမေက သီလကောင်းခဲ့လို့ အခုချိန်ထိ စာဖတ်နိုင်အောင်မျက်စိကောင်းသေးတယ်"
စကားဆုံးတော့... သူမ အသက်ရှုများပင် ရပ်ချင်လာသည်။ သည်ကလေးတွေက ဦးစိုင်းနေရောင်နဲ့မဆိုင်ပါဘူးလို့ လိမ်လိုက်ချင်ပေမယ့် ကလေးတွေအဖေဘယ်သူလဲလို့ မေးလာရင် ပိုဆိုးတော့မည်...
"ဖွားမေ... သား အခန်းကိုလိုက်ပို့မယ် အပြင်မှာ လေတိုးတယ်... ကျွန်တော်တို့လည်း သွားစရာရှိသေးတယ်"
စိုင်းနေရောင် အဖွားအိုကိုတွဲလျက် ပြောတော့... အဖွားအိုက ခေါင်းညိတ်ကာ...
"ဟုတ်ပြီ ဟုတ်ပြီ... "
"ချာတိတ်... စောင့်အုံးနော်
ကိုယ်ပြန်လာခဲ့မယ်"
ထွက်သွားပြီဖြစ်တဲ့နောက်ကျောကိုကြည့်ရင်း... သူမ သက်ပြင်းချလိုက်သည်။
သူမှ မမှတ်မိတာ... ဘယ်လိုလုပ် ရိပ်မိမှာလဲ...
စိတ်ထဲကပြောရင်း... မြက်ခင်းပြင်မှာဆော့နေတဲ့ ကလေးတွေဆီ ပြေးသွားလိုက်သည်။
ကလေးတွေက ခင်ဗျားနဲ့လုံးဝမဆိုင်ဘူး ဦးစိုင်နေရောင်
ကျွန်မတစ်ယောက်ထဲပဲ ပိုင်တယ်။
………
အလင်းရောင် မိဘမဲ့ဂေဟာ...
"ခေါ်လာမယ်ဆိုတာက ဒီကိုလား"
ထွက်ပြေးမှာစိုးလို့ဆိုကာ ကားကို သူ့မန်နေဂျာကိုစိုင်းခန့်ကို လာယူခိုင်းပြီး သီရိမေကားကို သူယူမောင်းသည်အထိ စိတ်မချခြင်းများဖြင့် ခေါ်လာသည့်နေရာက ဒီနေရာတဲ့လား...
သီရိမေ သူ့မျက်နှာကို မော့ကြည့်တော့ သူ့မျက်လုံးတွေက ဘယ်ဆီကိုမသိ ငေးလျက်...
ကွယ်လွန်ပြီးဖြစ်ကြသော ဦးငြိမ်းမြင့်+ ဒေါ်အေးချမ်းမေ ၉နှစ်ပြည့်နှစ်လည်ကုသိုလ်...
နေ့လည်စားအာဟာရ ဘုတ်ကိုကြည့်မိတော့ သူမ ထပ်ပြီး အံ့သြရသည်။
ဒါကရော... ဘယ်လို...
"မင်းက ဆရာ့သမီးဆိုတာကို မင်းထွက်သွားပြီးနောက်နေ့မှ သိခဲ့ရတာ...။ မေ၂၅ဆိုတာ... မင်းမွေးနေ့ပြီးတော့ မင်းမိဘတွေနှစ်ပတ်လည်နေ့... အဲ့လိုနေ့မျိုးမှာ မင်းမင်္ဂလာဆောင်ခဲ့ရတယ်။ ဘယ်လောက်နာကျင်လိုက်ရမလဲ... နောက်ကျမှ သိခဲ့ရပေမယ့်....ကိုယ်ပြင်ဆင်ခွင့်ရချင်တယ်"
သူမ ဘာမှပြန်မပြောပဲ... ဂေဟာက ကလေးတွေနဲ့ လင်းလင်းတို့မောင်နှမဆော့နေရာဆီကိုသာ ငေးကြည့်နေမိသည်။
"ပြောစရာရှိသေးတယ်..."
သီရိမေက လှည့်မကြည့်တော့ စိုင်းနေရောင် သူမကို ဆွဲလှည့်လိုက်သည်။ ထူးထူးခြားခြား မြန်မာဝတ်စုံနဲ့ ထိပ်မှာ ဆံထုံးလေးစုထုံးထားပြီး မြင်ရခဲစွာ သနခါးလေးများလည်း လိမ်းထားသေးသည်။ မျက်ခုံးမွှေးရေးရေးကလေးတွေကတန်းလို့...နှုတ်ခမ်းထူထူလေးက ရဲဆွေးနေလျက်...။သူ့ကိုမော့ကြည့်နေပုံက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်နေပုံက အသည်းထဲအူထဲထိ လှိုက်လှဲစွာ...ရင်ခုန်လာစေလျက်။
"မျက်တောင်တွေမခတ်နဲ့...အာရုံစိုက်မရလို့"
ကြည့်နေရင်းပဲ ပါးလေးတွေက နီရဲလာပြီး... မျက်နှာလွှဲသွားသည်။
"ဘာပြောမလို့လဲ"
"ကိုယ်နဲ့ဆရာနဲ့ ukမှာကတည်းက သိခဲ့တယ်။ ပြန်တော့လည်း တစ်လေယာဉ်ထဲပဲ..."
ခေါင်းငုံ့နေရာမှ သူ့ကို မော့ကြည့်လာသည်။
"တကယ်တော့... ဆရာရော... အန်တီရော... ကိုယ့်ကိုကာကွယ်ရင်းဆုံးသွားကြတာ"
သူမ မျက်လုံးမှေးမှေးလေးတွေဝိုင်းစက်သွားတဲ့အထိ မော့ကြည့်နေလျက်...
"သူတို့က မင်းကိုစောင့်ရှောက်ပါတဲ့ မှာသွားကြတယ်။ အဲဒါကြောင့်... ကိုယ်မင်းနဲ့ အမွှာလေးတို့ကို_"
"အဲ့ဒါကြောင့်လား... ရတယ် ကျွန်မဘာသာ ရပ်တည်နိုင်တယ်။ ခင်ဗျားအစောင့်ရှောက်မလိုဘူး..."
"ကိုယ့်ကြောင့် မင်းမိဘတွေဆုံးရတယ်ဆိုပြီး စိတ်ဆိုးတာလား ချာတိတ်"
"ဟင့်အင်..."
ခေါင်းလေးကိုခါရမ်းလိုက်တော့ ဆံထုံးမှာထိုးထားသည့် ဆံထိုးလေးက ခါရမ်းလျက်...
" သူတစ်ပါးကို ကူညီရင်းဆုံးသွားကြတာပဲ...။ ကျွန်မက ဂုဏ်ယူရမှာပေါ့... ခင်ဗျားကိုမကယ်ခဲ့လည်း သူတို့အသက်ရှင်ချင်မှ ရှင်မှာလေ...။ ကံတရားပဲပေါ့...။ ကျွန်မစိတ်မဆိုးပါဘူး"
အသံက အက်ရှလျက်... လွှဲဖယ်သွားသည့်မျက်ဝန်းများမှာ မျက်ရည်စတို့ဝေ့သီးနေတာကို သတိထားမိလိုက်သည်။
သူ့မိဘတွေကိုသတိရသွားတာလား...
ဆံပင်လေးတွေက မျက်နှာကွယ်နေတာမို့ နားရွက်နောက်မှာ ညှပ်ပေးလိုက်သည်။
"ကိုယ် ဒီဂေဟာကိုလည်း ခဏခဏရောက်တယ်။ ကလေးတွေနဲ့ကိုယ်နဲ့တောင် ခင်နေကြပြီ...။ တစ်ခါတလေ ဖွားစောလည်း ဒီကိုလာတယ်။ ဒီဂေဟာလေးက မင်းကြောင့်ဖြစ်ခဲ့တာလေ"
ခေါင်းငုံ့ထားရာမှ သူမလေးက ကလေးတွေဆော့ကစားရာဆီ ငေးကြည့်နေသည်။
"မင်းချစ်တဲ့အရာတွေအားလုံးက ကိုယ့်ကိုအလွမ်းပြေစေတယ်လေ။ အဲဒါကြောင့် မင်းကိုသတိရတိုင်း... ဒီကိုလာဖြစ်တယ်"
"ကျွန်မပြန်တော့မယ်"
မဟုတ်ရင်... ခင်ဗျားလှည့်ကွက်တွေမှာ ကျွန်မကျရှုံးလိမ့်မယ်...
ခုံတန်းပေါ်ကနေ ထိုင်နေရင်း ဆတ်ကနဲ့ထလိုက်တော့ စိုင်းနေရောင် သူမလက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်သည်။
"ဘာလို့လဲ..."
"ပြန်ချင်လို့"
ခင်ဗျားအလိမ်ညာတွေမှာ မသာယာမိအောင်လို့...
နောက်ထပ် နှလုံးသားမှာ ဒဏ်ရမရစေဖို့...။
အစက ခင်ဗျားတကယ်ပဲစောင့်နေခဲ့တာလား ဆိုတဲ့စိတ်နဲ့ မသိစိတ်မှာ ပျော်နေခဲ့တာ...။ ကျေးဇူးဆပ်ချင်လို့တဲ့လား... ရှိပါစေတော့။ ယိမ်းယိုင်ခါနီး ခံစားချက်တို့အားလုံး ရုတ်သိမ်းတယ်...။
ကလေးတွေရှိရာဆီ အပြေးတစ်ပိုင်းသွားတော့ နောက်က စိုင်းနေရောင်က မီအောင်လိုက်လာသည်။
"ဘာလို့ကိုယ့်ဆီကပဲ ထွက်ပြေးချင်နေတာလဲ"
လက်ကိုဖမ်းဆွဲလိုက်တော့ သူမက ရုန်းကန်လျက်...
"မရုန်းနဲ့... မင်းနာရုံပဲ။ ကိုယ်က လွှတ်မပေးဘူး"
ရင်ခွင်ထဲဆွဲသွင်းတော့ သေးကွေးလွန်းသည့်သူမက အလိုက်သင့်ကလေး ပါလာသည်။
"ကိုယ်မင်းကိုလိုအပ်တယ်။ အဲဒါကြောင့် ကိုယ့်ဆီပြန်လာပါနော်။ နာကျင်ခဲ့ရသမျှကို မေ့ပျောက်နိုင်လောက်အောင် ကိုယ်ဂရုစိုက်ပေးမယ်။
နောက်ထပ်မနာကျင်ရအောင် စိတ်ချမ်းသာအောင်ထားပေးမယ်။ မင်းက ကိုယ့်ဘေးနားမှာနေရုံပဲ...
ကလေးတွေအဖေ ဘယ်သူပဲဖြစ်ဖြစ်ကွာ ကိုယ်တာဝန်ယူမယ်... နော် ချာတိတ်"
ကြင်နာယုယဖွယ်စကားတွေပြောနေပေမယ့်... သူမက မျက်ရည်တွေသာ ဝဲလျက်။
"မလိုဘူး... မလိုဘူးလို့ ပြောပြီးပြီလေ... လွှတ် ကျွန်မကို...။ ကလေးတွေကြည့်နေတယ်..."
သူ့ကို တွန်းထုတ်ပြီး ကလေးတွေဆီပြေးတော့ စိုင်းနေရောင်... လက်သီးဆုပ်လျက်...
သည်လောက်ထိ ချော့မော့ပြောနေတာမှ မရလျင်...
"အကြမ်းနည်း သုံးရမှာပေါ့ကွာ..."
သူတီးတိုးရေရွတ်ရင် သူမဆီ ပြေးလိုက်သွားသည်။ သီရိမေက ကလေးနှစ်ယောက်လက်ဆွဲလျက်...
"ပြန်မယ်...ကလေးတို့"
"မပြန်ရဘူး"
စိုင်းနေရောင် သူမကိုယ်လုံးလေးကို ဆွေ့ကနဲ့မချီပြီး ကာဆီသို့...
"ဟေ့... ဦးစိုင်းနေရောင်... ခင်ဗျားဘာလုပ်တာလဲ"
"လင်းလင်းနဲ့ ချီချီ... ဦးဦးတို့အိမ်ကို လိုက်မယ်မလား"
ကလေးနှစ်ယောက်က မျက်လုံးအဝိုင်းသားဖြင့်...
"ကားပေါ်သွားကြမယ်..."
သည်လောက်ထိ အလျော့ပေးထားပြီးပြီ... ကတိတွေအထပ်ထပ်နဲ့ အနာဂါတ်ကို ဆေးခြယ်ပေးနေတာတောင်မှ မင်းက လက်မခံသေးရင်...။ မလုံလောက်သေးဘူးလား ချာတိတ်။ နှလုံးသားကို နှလုံးသားနဲ့မှ အနိုင်ယူလို့မရရင်... ဘယ်လိုနည်းနဲ့ သိမ်းပိုက်ရ သိမ်းပိုက်ရ....။

လမ်းခွဲကြပြီးနောက်Where stories live. Discover now