လမ်းခွဲကြပြီးနောက် season2
Part 6
Nightmare but it's beautiful because you're in this dreamနောင်တဆိုတာ... လမ်းခွဲပြီး နောက်တစ်ရက်နေမှရတာတဲ့။ ရက်စက်ခဲ့တဲ့အချိန်ကလည်း ရက်စက်ခဲ့ပြီးပြီမို့... တောင်းပန်သင့်တဲ့အချိန်မှာ အမှားတို့ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့်... Ukကိုထွက်သွားတယ်ဆိုတဲ့ ထိုကောင်မလေးက ဘယ်ဆီဘယ်အရပ်မှာ အပုန်းကောင်းနေခဲ့သည်မသိ။ ဤမျှသော ဒဏ်ရာများကိုပိုက်လျက် စိုင်းနေရောင် ရူးမတတ် လန်ဒန်မြို့ကို ပတ်ရှာခဲ့သည်... ပျောက်သောသူမဟုတ်
ပုန်းနေသူမို့ ရှာဖို့ခက်ခဲလျက်...
"ပိုပိုဆုမြတ်... ကျွန်တော် တောင်းပန်ပါတယ်။
သီရိမေရဲ့ လိပ်စာကို ကျွန်တော့်ကို ပေးပါနော်... သူဘယ်မှာရှိတာလဲ ဆက်သွယ်လို့ရတဲ့နံပါတ်ဖြစ်ဖြစ် တစ်ခုခုတော့လုပ်ပါ... ကျွန်တော်... ကျွန်တော် သူ့ကို ထပ်တွေ့ပြီး ပြောစရာတွေ အများကြီးရှိလို့ပါ"
ခန့်ကျော်ကနေတစ်ဆင့် သီရိမေ၏ သူငယ်ချင်းမဆီကိုလည်း သူအရူးအနှမ်းလို ဆက်သွယ်ခဲ့ဖူးသည်။ သို့သော် ဒဏ်ရာများအား ဆားသိပ်သကဲ့သို့သာ...
"ကျွန်မ ခင်ဗျားကို မုန်းတာဟုတ်တယ် ဦးစိုင်းနေရောင်။
ဒါပေမဲ့ ကျွန်မကိုယ်တိုင်လည်း အဲ့အရူးမ ဘယ်ရောက်နေမှန်းမသိဘူး... ထွက်မသွားခင်ကတည်းက ရောက်ရင်သေချာပေါက် ဆက်သွယ်လို့ မှာလိုက်တာကို ဖုန်းလည်းမဆက်ဘူး။ မက်ဆေ့ဂ်ျလည်းမပို့ဘူး... ကျွန်မတကယ်မသိလို့ ပြောတာ"
သူမရှိရာသို့သွားရာလမ်းသည် ထိုကဲ့သို့ မဖြောင့်ဖြူးခဲ့။
ကံတရားက ဒဏ်ခတ်သည်ပဲဆိုပါတော့... သူ လက်ခံရမည်သာ...။ လမ်းခွဲကြပြီးနောက်ပိုင်း ထိုကောင်မလေးအား အူလှိုက်သည်းလှိုက် လွမ်းလာသည့်အခါမျိုးတွင်... သူမကျင်လည်ဖူးသည့် မီးပွိုင့်ဆီသို့ နေ့မရှောင်ညမရှောင် ကားမောင်းသွားတတ်သည်။ သူမ အငွေ့သက်များရှိရာ အလင်းရောင် မိဘမဲ့ဂေဟာ၊ ပိတ်ရက်တိုင်းမှာ သူမ ပျော်မွေ့ခဲ့ဖူးသည့် ဘိုးဘွားရိပ်သာ... ထိုနေရာများသို့ မကြာခဏ သူရောက်ရောက်သွားတတ်သည်။ သူမထွက်သွားပြီးနောက် ဖွားစောက ကလောမပြန်တော့ပဲ အိမ်မှာလာနေပေမည့် အလုပ်တွေဖိလုပ်ရင်း ရုံးမှာညဉ့်နက်သည့်ရက်များက ထပ်လာလျက်။
သူမများ ပြန်ရောက်နေမလားဆိုသည့် မျှော်လင့်ချက်ရေးရေးဖြင့် သူမနှစ်ထပ်အိမ်ကလေးရှေ့ သွားထိုင်ရင်း ညလုံးပေါက်သည့် ရက်များလည်း များစွာ။
ညတိုင်း သူမ၏ ရုပ်ပုံဒိုင်ယာရီကိုဖတ်သည်။ အရင်ကထက် ဆေးလိပ်တွေ ပိုသောက်ဖြစ်လာသည်။ ဆေးလိပ်ငွေ့တွေကြားထဲမှာ ပြုံးနေသည့်အဲ့ဒီကောင်မလေးကို တစ်ခါတစ်ခါ ရှာတွေ့တတ်သည်မို့ ဆေးလိပ်သောက်ရတာ ပိုနှစ်သက်လာသည်။ သူမရှိစဉ်က တစ်ခါမှ စေ့စေ့မကြည့်ဖူးသည့် နံရံပေါ်က မင်္ဂလာဆောင်ဓာတ်ပုံက ပို၍ နာကျင်စေသည်။ ခန့်ကျော်နှင့် ညနက်ရုံးထိုင်ရင်း... တစ်ခါတစ်လေသောက်ဖြစ်ရင်းမှ အခေါက်စိတ်လာသည်။ ဒီနေ့ အိမ်ပြန်ခဲ့နော် ဆိုသည့်ဖွားစောနှင့် အန်တီနွဲ့တို့မှာစကားများအား
"အလုပ်ရှုပ်နေလို့... ကျွန်တော်ပြန်လာဖြစ်မယ် မထင်ဘူး"
ဆိုသည့်စကားနှင့် နေသာသလိုရှောင်ဖယ်ရင်း... နဂိုကမှ တိတ်ဆိတ်လွန်းသည့် စိုင်းနေရောင်သည် ဒဏ်ရာရနေသည့် ကျားနာတစ်ကောင်ကဲ့သို့ အေးစက်သော၊ မာကြောသော၊ ခက်ထန်သော... စသည့်ဂုဏ်ပုဒ်တို့ ထပ်တိုးရရှိခဲ့သည်။
YOU ARE READING
လမ်းခွဲကြပြီးနောက်
RomanceZawGyi code is below. A young normal girl met an old lady and her life changed.