S2_1

9.9K 336 4
                                    

လမ်းခွဲကြပြီးနောက် (season 2)
Part 1
The absence of her
"ဟိုရောက်ရင် ဖုန်းဆက်နော် ကိုနေ"
"အင်း..."
"ငါ့ကို မဆက်သွယ်လို့ကတော့နော် မင်း..."
"အေးပါ"
စိတ်မချနိုင်စွာ တစ်တွတ်တွတ် မှာတမ်းချွေနေသည့် စကားသံများကို အင်းတစ်ချက်လုပ်လိုက်... အဲတစ်ချက်လုပ်လိုက်ဖြင့်...
"ဟိုရောက်ရင် ငါမရှိဘူးကိုနေ... မင်းအခုလိုကြီး အေးတိအေးစက် လုပ်နေရင်_"
"ငါသိပါတယ်..."
"သိရင် ပြင်ကွာ... ဟိုမှာ မင်းက စီးပွားရေးလုပ်မှာ။ အဓိက က social ကောင်းဖို့... နောက်ပြီး_"
"ငါသွားတော့မယ်"
ဗျစ်တောက်ဗျစ်တောက်သံတွေနဲ့ ဝေးရာဆီ... ဆူညံသံတွေမုန်းတယ်။ အလင်းရောင်ပျိုးလာပြီဆိုကတည်းက တစ်လောကလုံး ဆူညံလာလိုက်တာ... ခဏလေးပဲဖြစ်ဖြစ် တိတ်တဆိတ် နေလို့မရဘူးလား...။
"Have a safe flight စိုင်းနေရောင် "
သူတိတ်ဆိတ်တာကို ကြိုက်မှန်းသိပြီးသား... ဥာဏ်လင်းက အော်ပြောဖြစ်အောင် ပြောလိုက်သေးသည်။ လေယာဉ်ပေါ်ရောက်တော့ ပြတင်းပေါက်ဘေးက ခုံမှာ သူထိုင်လိုက်သည်။ သူ့ဘေးက နှစ်ခုံတွဲနေရာသို့ အမျိုးသားနှင့် အမျိုးသမီးတစ်ဦး လာထိုင်လိုက်တာကိုသိပေမယ့် လှည့်မကြည့်မိ။ သို့သော်... ထိုလူများထံမှ မြန်မာစကားသံများကြားလိုက်ရသည်မို့... လှည့်ကြည့်မိတော့...
"ဟာ ဆရာ ငြိမ်းမြင့်
မြန်မာပြည် ပြန်တာလား"
ဘေးခုံမှ ဆရာနှင့် သူ့ဇနီးသည် သူ့ဘက်သို့ လှည့်ကြည့်ပြီး အံ့သြဝမ်းသာစွာ...
"ဟာ မောင်စိုင်းနေရောင်...
မင်းက ပြန်ပြီပေါ့။ ဆရာက အပြီးပြန်တာမဟုတ်ဘူး။ သမီးလေးကို ပြန်ခေါ်ဖို့လေ... ဒီမှာကျောင်းတက်ဖို့"
ထိုဆရာငြိမ်းမြင့်သည် အရွယ်အားဖြင့် သူ့အဖေအရွယ်သာရှိအုံးမည်။ လူမျိုးတူတာရော... သဘောကောင်းတာရောနှင့် သူတစ်ပါးနိုင်ငံမှာ စာလာသင်ရသည့်ကျောင်းသားတိုင်းအတွက် ဆရာသည် အားကိုရာဖြစ်သည်။ စိုင်းနေရောင်သည်လည်း ဆရာငြိမ်းမြင့်အား လေးစားချစ်ခင်ရသည်ပင်။
ဆရာ့ဇနီးသည် မျက်နှာကို ပြုံးထားကာ မသိမသာသူ့အား အကဲကာ တိုးတိုးမေးနေသည်။
"အဲဒါ ကိုယ်တို့မြန်မာပြည်ကပဲလေ...
ကိုယ်သင်တဲ့ management က deplomaကျောင်းသား။
မောင်းစိုင်းနေ ဒါက ဆရာ့အမျိုးသမီး ဒေါ်အေးချမ်းမေတဲ့။
မြန်မာပြည်ရောက်ရင် ဆုံကြသေးတာပေါ့ကွာ"
ဆရာသည်... အေးချမ်းစွာ။ ထိုဆရာတို့အတွဲ၏ အေးချမ်းမှုများ၊ ဖော်ရွေမှုများ... မြန်မာပြည်ရောက်ရင် ဆုံကြမယ်တဲ့... သူတို့ ထပ်ပြီးမဆုံဖြစ်တော့။
"သား... စိုင်းနေရောင် ဒါ ဆရာ့သမီးလေးပဲ။ လောကကြီးထဲ သူတစ်ယောက်ထဲ ကျန်ခဲ့တော့မှာ သူ့ကိုစောင့်ရှောက်ပေးပါ"
ဓာတ်ပုံလေးတစ်ပုံကို လက်ထဲထိုးထည့်ပေးပြီးနောက် ငြိမ်သက်သွားသည့် ဆရာ...။
"မဟုတ်ဘူး... ဆရာ အသက်ရှင်အုံးမှာ။ ဆရာမသေပါဘူး။ ဆရာ့သမီးလေးကို ကျောင်းတက်ဖို့ ပြန်ခေါ်ရအုံးမှာလေ..."
စိုင်းနေရောင် အာခေါင်ခြစ်အော်သော်လည်း  တုတ်တုတ်မျှမလုပ်တော့။
မဟုတ်ဘူး... မဟုတ်ဘူး...။ ပတ်ပတ်လည်တွင် မီးသည် စတင်လောင်ကျွမ်းလာလျက်... အသက်ရှင်သေးသည့် လူတစ်ချို့၏ ငြီးတွားသံ၊ အော်ဟစ်အကူညီတောင်းသံများ... သူ့နားထဲတွင် ဝေးသွားလိုက် နီးသွားလိုက်။ မြန်မာပြည်ရောက်ပြီဆိုကာမှ... လေယာဉ်ကွင်းကို ဆင်းပြီဆိုကာမှ.... ဘယ်လိုဖြစ်တာလဲ...။ သူသည် မိန်းမောစွာ...။လေယာဉ်မျက်နှာကျက်တစ်ခုသည် တဖြေးဖြေး ပဲ့ကျလာသည်ကိုပင် သတိမထားမိ။ စိုင်းနေရောင်ကဲ့သို့ တွေဝေစွာရပ်နေသည့် အမျိုးသမီးသည် ရုတ်တရက် နိုးထလာပြီးစိုင်းနေရောင်အား ထိုမီးစွဲနေသည့် မျက်နှာကျက်အပဲ့ဆီမှ လွတ်မြောက်စေရန် အားဖြင့်တွန်းလိုက်သည်။ စိုင်းနေရောင် ထိုအမျိုးသမီးမျက်နှာအားကြည့်လိုက်တော့... ဆရာ့ဇနီး။
"မေလေးကို စောင့်ရှောက်ပေးပါ..."
ထိုစကားတစ်ခွန်းကိုသာပြောနိုင်လျက်... အပျက်စီးပုံထဲသို့ နစ်မြုပ်ပျောက်ကွယ်သွားသည်။ ထို့နောက်.... မီးခိုးငွေ့များဖြင့် နေရာအနှံ့ မွန်းကြပ်လာကာ အသက်ရှုရခက်လာသည်။
သူသေတော့မှာလား လာကယ်မယ့်သူမရှိတော့ဘူးလား... ဘဝတစ်ခုရဲ့အဆုံးသတ်က ဒီလိုမျိုးလား။
ချစ်ရမယ့်သူမရှိတဲ့ဘဝမို့... အသက်ရှင်ရတာကိုပျော်နေတဲ့သူမဟုတ်ပေမယ့် ရုတ်တရက် သေရတော့မယ့် ဆိုတော့လည်း... လက်ထဲတွင် တစ်စုံတစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိလျက်... ဆရာ့သမီးလေး။
စောင့်ရှောက်စရာ... လူကျန်သေးပါလား...။ သူကာကွယ်ရမယ့်လူ အသက်ရှင်လျက်ကျန်သေးပါလား။ ထိုအသိက သူ့ကို ဆက်လျက် အသက်ရှင်စေဖို့ တွန်းအားပေးနေသည်။ ဖွားစော... သူအသက်ရှင်လျက်ပြန်လာတာကို စောင့်နေမယ့်သူ ရှိသေးသည်။ သူကြိုးစားကာ မျက်လုံးကို ဖွင့်သည်။ လှုပ်ရှားကြည့်သည်...။ သို့သော် မရ။ နောက်ဆုံးအားကုန်သုံးကာ ဖွင့်ကြည့်တော့ မီးတောက်မီးလျံများ... ပြီးတော့ မီးခိုးများ။ လက်ထဲမှ ဓာတ်ပုံလေးကို လှမ်းကြည့်မိတော့ ရယ်နေတဲ့နှုတ်ခမ်းလေး...။ အမြင်အာရုံများက ဝေဝါးနေသည်မို့ ရှင်းရှင်းလင်းလင်းမမြင်ရသည့်တိုင်... အဲဒီနုတ်ခမ်းဖူးဖူးကလေးများ။ ပြီးတော့ မျက်လုံးမှေးမှေးလေး။ ထို့နောက်တော့ သူ့တွင် တက်လက်အားတင်းထားနိုင်စွမ်းများမရှိတော့....။
ကျွန်တော် မသေချင်... သေး...ဘူး။
အဝေးမှ အရေးပေါ် ဥသြွးဲသံများကိုကြားရသည်။ ထို့နောက် လူသံတစ်ချို့...
"ဒီမှာ အသက်ရှင်သေးတဲ့ လူတစ်ယောက်"
ကယ်ဆယ်ရေးတွေရောက်ပြီလား...
"ဒီမှာ လေယာဉ်ကွင်းအဆင်းမှာ စက်ချို့ယွင်းတဲ့ လေယာဉ်ပျက်ဒုက္ခသည်ပါတယ်... ဒေါက်တာ ဒီကိုတစ်ချက်ကြည့်ပေးပါ..."
ဆေးရုံ... သူအသက်ရှင်ရအုံးမှာလား။
"ဆရာမ ဟန်နီ... ဆရာမ ဒီလူနာရဲ့ သွေးခုံနှုန်းက..."
အသံများသည် တဖြေးဖြေးဝေးသွားပြီးနောက်... အားလုံးသည် တိတ်ဆိတ်သွားသည်။ သေသွားပြီလား။ သေခြင်းတရားဆိုတာ ဒီလိုမျိုးလား... တိတ်ဆိတ်နေတာမျိုး...။ ထိုကဲ့သို့ တိတ်ဆိတ်နေရမည်ဆိုလျင်... သေလိုက်ရကောင်းမလား။ ထိူနူးညံ့စွာတိတ်ဆိတ်နေမှုမှာ သူအကြာကြီး ပျော်မွေ့နေခဲ့ပြီးနောက်...မဖြစ်သေးဘူး... အဲဒီရယ်နေတဲ့ ကောင်မလေး။ သူ့မှာ စောင့်ရှောက်စရာ ဘဝများကျန်သေးသည်။ ထို့နောက် တစ်စုံတစ်ယောက်က သူ့ကို လှုပ်နှိုးနေသလို... နှလုံးသားနေရာသို့ ဖိနေသည့် အရာတစ်ခု။ သေချာခံစားကြည့်တော့ လက်ဖဝါးလေး။ အေးစက်နေသော လက်ဖဝါးလေး။ သူမျက်လုံးများကို ကြိုးစားဖွင့်ကြည့်မိသည်။ သူပထမဆုံးမြင်မိသည့်အရာက အနီရောင်...။ ကြာ်လင်ပြတ်သားလာသည့် ပုံရိပ်တွင် ထိုအနီရောင်သည် တုန်ရီနေသည့်နုတ်ခမ်းပါးနီနီလေး။  ပြီးတော့ ဝိုင်းစက်နေသည့် မျက်လုံးအစုံ... မောဟိုက်စွာ သူ့နှလုံးကို ခုံအောင်လုပ်နေသည့် အလုပ်သင်ဆရာဝန်မလေး...
"ဟန်နီ... သူအသက်ရှင်ပြီ"
ဟန်နီ... သူမက ဟန်နီလား။
"ဟန်နီ"
သူ့နှုတ်ခမ်းက အသံထွက်ခေါ်မိသည်။ ထို့နောက် အလင်းရောင်တန်းသည် စူးရှစွာ...တောက်ပလျက်။ သူမျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ဖွင့်ကြည့်လိုက်တော့ အန်တီနွဲ့။ လိုက်ကာစများကို ဆွဲဖွင့်နေသည်။ သူအိပ်မက်ရှည်ကြီးတစ်ခု မက်နေခဲ့တာပဲ။ အန်တီနွဲ့ဆီလှမ်းကြည့်တော့ မျက်လုံးများ အနည်းငယ် ရဲနေသည်။ မျက်စိမှားတာတော့မဟုတ်... အန်တီနွဲ့ ငိုထားသည့်ဟန်။ သူ အိပ်ယာထဲကထလိုက်တော့ မိုက်ခနဲ့...။ ဟုတ်သားပဲ သူမနေ့ညက သောက်လာခဲ့တာ။ မနေ့ညက... သီရိမေ။ အဲဒီကောင်မလေး... ထွက်သွားပြီလား။ အိပ်ယာဘေးက စားပွဲပေါ်မှာ စာရွက်နှစ်ရွက်။ ကွာရှင်းစာချုပ်နဲ့ လက်ထပ်စာချုပ်.... အဲ့ဒီမှာ ထိုမာနကြီးသည့် မိန်းကလေး၏ လက်မှတ်...။ သူတို့ လမ်းခွဲပြီးကြပြီပဲ...
"နေနေ နိုးပြီလား။ ၈နာရီထိုးနေပြီ။ စနေနေ့မို့ ရုံးမသွားရဘူးထင်လို့ သားကိုမနှိုးတာ...
မျက်နှာသစ်ပြီးအောက်ဆင်းခဲ့လေ ဒေါ်လေးနွဲ့ မနက်စာပြင်ထားလိုက်မယ်"
ဒေါ်လေးက သူ့မျက်နှာကို စေ့စေ့မကြည့်ပဲ အပြင်သို့ထွက်သွားသည်။ သူက လက်နှစ်ဖက်ကိုထောက်ပြီး ကုတင်ပေါ်က ဆင်ဖို့ပြင်လိုက်ရင်းမှ... သူ၏ ဗလာဖြစ်နေသည့် လက်များကို သတိထားမိလိုက်သည်။ ဓာတ်ပုံ... အဲ့ဒီရယ်နေတဲ့ကောင်မလေးပုံ။ သူအသက်ရှင်ဖို့ရွေးချယ်စေခဲ့သည့် မျှော်လင့်ချက်ကောင်မလေး။ သူ့ပုံဘယ်ရောက်သွားတာလဲ။အဲ့ဒီလေယာဉ်မတော်တဆမှုမှာ အသက်ရှင်တဲ့သူ လူအနည်းစုထဲ သူပါဝင်ခဲ့သည်။ ဆေးရုံရောက်ပြီးနောက် သူ၁၅ရက်ခန့် ကိုမာဝင်ခဲ့သည်လို့ပြောကြသည်။ သူ သတိရပြီးနောက် အရေးကြီးသည့် အရာတစ်ချို့ကို မေ့လျော့ခဲ့မိသည်မှာ ယခု အချိန်ထိ။သေချားစဉ်းစားကြည့်တော့ အဲ့ဒီလေယာဉ်မတော်တဆမှုက May 25ရက်နေ့ပဲ... တိုက်ဆိုင်လိုက်တာ။၄နှစ်ကြီးများတောင်ရှိသွားပြီ။ သူ့အသက်ကိုကယ်ခဲ့သည့် ဆရာတို့မိသားစု။ သူ့သမီးလေး...။ အဲဒီကောင်မလေး ဘယ်လိုအသက်ရှင်နေသလဲ...။ သူဘာကြောင့် အဲဒီအရေးကြီးတဲ့ဖြစ်ရပ်ကို မေ့နေခဲ့ရတာလဲ။ ပြီးတော့ အဲ့ဒီ ဓာတ်ပုံ။ ဘယ်ရောက်သွားတာလဲ...။ မေးခွန်းတွေတန်းစီကာ ကိုယ့်ကိုကိုယ် မေးမြန်းနေရင်းဖြင့် မိမိကိုယ်ကိုယ် သန့်ရှင်းခြင်းကိစ္စပြီးသွားသည်။ အောက်ထပ်သို့ သူဆင်းလာတော့... မနက်ခင်းသည် ပုံမှန်နေ့တစ်နေ့လို တိတ်ဆိတ်မြဲ...။ သို့သော် ပို၍ အေးစက်နေသော လေထု။
အခုမှ ပြန်စဉ်းစားမိတော့ သီရိမေရောက်လာခြင်းသည် သူ့အတွက်အနှောက်အယှက်မဖြစ်လှ။ ထိုမိန်းကလေး ဒီအိမ်မှာ ရှိနေခြင်း ရှိမနေခြင်းသည် သူ့အတွက် အနည်းငယ်မျှ ထူးခြားမနေခဲ့ခြင်း။ အဲဒီကောင်မလေးသည် ထိုကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ခဲ့သည်။ သို့သော် တိတ်ဆိတ်ခြင်းတွေက ပုံစံမတူခြားနားသည်ဟု ဘာကြောင့်ထင်နေရတာလဲ။ သူထွက်သွားကာမှ ဘာလို့ အထီးကျန်သလို ခံစားနေရတာလဲ...။ တစ်နှစ်ထဲပါ... သူမဒီအိမ်မှာ နေထိုင်သွားတာ။ သူမ၏ ရုတ်တရက်ဆန်သော ရောက်ရှိလာခြင်းသည် အနှောက်အယှက်မဖြစ်ပဲ မသိမသာစွာ... နူးညံ့နေသလောက် ထွက်သွားမှ တစ်ခုခု လစ်ဟာသွားသလို... ဘယ်လို နေသားမကျမှုကြီးလဲ...။
ရှေ့တွင်ရောက်လာသည့် ရှမ်းခေါက်ဆွဲကို စားလိုက်တော့ အနည်းငယ် ငန်နေသလိုလို။ ကော်ဖီကတော့ ပုံမှန်ပါပဲ။သူ့အကြိုက် ခါးသက်သည့်အရသာ။ ဒါပေမယ့် အေးစက်လွန်းသည်။ အဆင်မပြေဘူး ထိုဘာမဟုတ်သည့်ကောင်မလေး ထွက်သွားခြင်းက ဒီလိုမျိုး သူ့ဘဝကို ဗရမ်းဗတာဖြစ်သွားစေသတဲ့လား... သူရယ်လိုက်ချင်ပေမယ့် ရယ်နေကျမဟုတ်သော မျက်နှာကြွက်သားများသည် လွယ်ကူစွာ ပြေလျော့မသွားခဲ့။
"ဒေါ်လေး လက်ရာပြောင်းသွားတာလား "
အလှပန်းအိုးမှာ နှင်းဆီပန်းအဝါတွေထိုးစိုက်နေရင်းက အန်တီနွဲ့က သူ့အား မော့ကြည့်သည်။ ပြီးမှ ပန်းအိုးဆီ အာရုံပြန်စိုက်ပြီး...
"စားလို့မကောင်းဘူးလား...
ဒေါ်လေးလက်ရာက မပြောင်းပါဘူးကွယ်...
ကြည့်ရတာ သားကပဲ ခံတွင်းပြောင်းသွားတာနေမှာ"
ဒေါ်လေးမျက်နှာမှာ သူမတွေ့ဘူးသော အပြုံးမျိုး...
"ဘယ်လိုမျိုးလဲ ကျွန်တော် နားမလည်ဘူး"
အန်တီနွဲ့က သူ့မေးခွန်းကိုမဖြေပဲ နှင်းဆီတစ်ပွင့်ကို ပန်းအိုးထဲ ထိုးစိုက်လိုက်သည်။ ပြီးမှ သူ့ကို မော့ကြည့်ကာ အနည်းငယ် အရည်လဲ့နေသော မျက်ဝန်းများဖြင့် စကားဆိုသည်။
"ပြီးခဲ့တဲ့ ၁နှစ်လုံး မနက်စာနဲ့ ညနေစာကို မေလေး ပြင်ပေးခဲ့တာလေ။ သားသတိမထားမိခဲ့ဘူးလား။ ဒီနေ့ သူထွက်သွားပြီဆိုတော့ ဒေါ်လေးပဲ ပြင်ပေးထားတာလေ... သားက မေလေး လက်ရာကို စွဲသွားပြီထင်တယ်...
ကော်ဖီကတော့ သူထွက်မသွားခင်ဖျော်ပေးထားခဲ့တာ " "သူထွက်မသွားခင်"ဆိုတဲ့နေရာမှာ ရှိုက်သံစွက်လျက်... သို့သော် ပြုံးထားဆဲ။ အရင်က မနက်စာနဲ့ ညနေစာကို အဲ့ဒီကောင်မလေး ပြင်ပေးခဲ့တာတဲ့လား။
မာနကြီးတဲ့ကောင်မလေး... အဲ့လိုမျိုး မင်းက ကြင်နာမှုကို ထုတ်မပြခဲ့ဘူးတဲ့လား...။ မင်းကိုမင်း အဲ့လိုမျိုးလုပ်ရတာကို မှန်ပြီ ထင်နေတာလား သီရိမေ...။ တစ်ဘဝလုံး လုပ်မပေးနိုင်ပဲနဲ့များ ဘာလို့များ ငါ့ကို ဂရုစိုက်ပေးခဲ့ရတာလဲ... အခုမင်းထွက်သွားတာ တစ်မနက်ခင်းပဲရှိသေးတယ်။ ငါ့ဘဝကြီး ဗရမ်းဗတာတွေဖြစ်လို့... ခြောက်ကပ်ကပ်နဲ့။

လမ်းခွဲကြပြီးနောက်Место, где живут истории. Откройте их для себя