အပိုင်း ၂၂

307 42 8
                                    

Unicode

"အဲ့မှာ အပြာရောင်ရှပ်ဝတ်ထားတဲ့လူတွေ့လား"

မီးပွိုင့်မိနေတုန်း သူ့ဘက်ကပလက်ဖောင်းပေါ်ကို လက်ညှိုးထိုးပြရင်း ပြောလာသည်။ဖေးယွီလှမ်းကြည့်တော့ ရှပ်အင်္ကျီအပြာရောင်ဝတ်ထားသည့်လူတစ်ယောက်က သူတို့ကားဘေးဘက်ကနေ လူကူးမျဥ်းကြားရှိရာနေရာကို ခပ်သွက်သွက်လျှောက်သွားတာတွေ့ရသည်။

"အင်း"

"အဲ့လူ လူကူးမျဥ်းကြားကို ညာဘက်ခြေထောက်အရင်ချမလား၊ဘယ်ဘက်ခြေထောက်အရင်ချမလား လောင်းမယ်။ငါက ညာဘက်"

သူဘာသာပြောချင်ရာပြောပြီးတာနဲ့ ထိုင်နေရာကကြွကာ ခေါင်းကိုဘေးမှန်နားတိုးကပ်သွားသည်။
မီးနီနေတာမို့ လူကူးမျဥ်းပေါ် လူဆက်မပြတ်သွားလာနေကြသည်။ခဏနေတော့ ရှပ်အပြာနဲ့လူက လူကူးမျဥ်းဘေးပလက်ဖောင်းပေါ်ကနေ မျဥ်းပေါ်လျှောက်သွားသည်။

"ဟား ဟား ဟား ဟား ငါနိုင်သွားပြီ။ငါခိုင်းတာ မင်းလုပ်ရတော့မယ်"

လက်ခုပ်လက်ဝါးတီးရင်း တဝါးဝါးအော်ရယ်နေသည့်လူကို ဖေးယွီစိတ်လေစွာကြည့်နေလိုက်သည်။

"လောင်းမယ်ပဲပြောတာ။လောင်းကြေးမပြောဘူးလေ"

"ဟမ် အာ ဟုတ်သားပဲ။ဘာဖြစ်ဖြစ် မနက်စာအပြင် နေ့လယ်စာတစ်လချက်ကျွေးရမယ်။ညစာတော့ အလုပ်ပင်ပန်းနေတော့ အလျှော့ပေးလိုက်ပါမယ်"

သဘောထားပြည့်ဝသူကြီးလို ပြောလာသည့်ပုံက အရင်နေ့တွေတုန်းက ဖေးယွီချက်ကျွေးနေတာတွေကို မစားဖူးသည့်အတိုင်း။ရုံးတက်ရက်တွေမို့ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်ဟင်းလျာတွေဖြစ်နေတာကလွဲရင် သူရုံးကန်တင်းမရောက်တာ လချီလို့ နှစ်ပေါက်တော့မယ်လေ။

"ဒါနဲ့ မင်းကျောင်းကိစ္စရော"

"လောလောဆယ်အစီအစဥ်မရှိသေးဘူး"

"ဘာလို့လဲ။တစ်နှစ်ပဲကျန်တော့တာမလား။တက်လိုက်ပါ"

စကားကိုလွယ်လွယ်ကူကူပြောနေလိုက်တာ။ဖေးယွီနှစ်ရက်သုံးရက်လောက်မရှိတာတောင် ကမှောက်ကမဖြစ်နေတာ လနဲ့ချီပြီး ကျောင်းတက်ရင် သူဘယ်လိုကျန်နေခဲ့မလဲ။

Vitamin D on My skinWhere stories live. Discover now