'အရမ်းအောင့်နေတာမလား ဒါလေးသောက်ထားလိုက်လေ'
အိပ်ရာပေါ်တွင် ဒူးကိုကွေးကာ ဝမ်းဗိုက်ကို ညာလက်ဖြင့်ပိုက်ပြီး ဘေးစောင်းလှဲနေသော တိုင်းမဟာ ကို မေ ပြောလိုက်သည်။ သူ လှည့်ကြည့်လိုက်တော့ မေ့ လက်ထဲတွင် ဆေးပြားလေးတစ်ခုနှင့် ရေအပြည့်ပါသည့် ဖန်ခွက်ငယ်တစ်လုံး။
'အဲ့ဒါဘာလဲ'
'အစာအိမ်ဆေးပါ ကျွန်မ ဆောင်ထားတာ...အရင်တုန်းက ထိပ် မှာလဲ အစာအိမ်အောင့်တဲ့ရောဂါရှိတယ်လေ'
ထိပ် ဗိုက်အရမ်းအောင့်နေသဖြင့် ဘာမှမပြောပဲ မေ တိုက်သည့်ဆေးကို ယူပြီးဝါးစားလိုက်ပါသည်။ တနေကုန် ဗိုက်အောင့်နေသဖြင့် ဘယ်မှမသွားရပဲ ထိပ် အိပ်ရာထဲလှဲနေရပါသည်။
'မင်း အလုပ်ကနေ ပြန်လာတာလား'
'ဟုတ်တယ် ရှင် နေမကောင်းဖြစ်နေတော့ ဘယ်သူကပြုစုပေးမလဲ ပြီးတော့ ကျွန်မပဲ အပြစ်အပြောခံရဦးမယ်မလား'
အိပ်ရာအစွန်းတွင်ထိုင်ကာ သူ့ကိုပြောနေသော မေ့ကို ထိပ် စေ့စေ့ကြည့်မိသည်။ ဆံပင်ရှည်တို့ကို အပြောင်သိမ်းကာ Make-up ပါးလေးလိမ်းခြယ်ထားပြီး ဂါဝန်အကြပ်အဝါနုလေးနှင့် ကျက်သရေရှိစွာ လှပလွန်းနေသော မေ မှာ အရင်ကနှင့်မတူပဲ ရင့်ကျက်တည်ငြိမ်လာသယောင်။ တချိန်က သူ့အပေါ်အနိုင်ယူလွန်းပြီး ကတ်ကြေးနှင့်ပင် ထိုးရက်ခဲ့သော မေ က အခုတော့ဖြင့် သူ့ကိုကျိုးနွံစွာ ပြုစုနေသည်တဲ့လေ။ ကံကြမ္မာသည် မျက်လှည့်ပမာပင်။
'ကော်ဖီတွေ သိပ်မသောက်နဲ့လေ အစာကိုပုံမှန်စားရင် သက်သာမှာပါ'
'မင်း ကိုယ့်ကို ဆရာလာလုပ်မနေပါနဲ့ ကိုယ့်ကို မုန်းတယ်မလား အခုကျ ဘာလို့ကြင်နာချင်ဟန်ဆောင်နေပြန်တာလဲ'
'ကျွန်မမုန်းတာ အထက်စီးဆန်ပြီး အတ္တကြီးတဲ့ တိုင်းမဟာကိုပါ နေမကောင်းနေတဲ့ ကျေးဇူးရှင်ကိုတော့ ကျွန်မ မရက်စက်တတ်ပါဘူး ပြီးတော့ ကျွန်မ...ရှင် သိအောင် ပြောပြမယ် ကျွန်မက ထိပ် အပေါ်မှာ မထားသင့်တဲ့ အတ္တမာနတွေ ထားခဲ့မိတယ် ထိပ် လို ဖြူစင်ပြီးစိတ်ထားကောင်းတဲ့သူကို ကျွန်မ ရက်စက်ခဲ့မိတယ် အဲ့ဒါက ကျွန်မဘဝမှာ အနာကျင်ရဆုံးနဲ့ ပြင်မရတဲ့နောင်တပါပဲ ရှင် နဲ့ တွေ့တော့ ကျွန်မ...ထိပ် ကို စာနာတတ်လာတယ် ကျွန်မ မပျော်ရွှင်ရပေမယ့် ကျွန်မနဲ့ သင့်တော်တဲ့ ပြစ်ဒဏ်ကို ခံယူရလို့ ကျေနပ်ပါတယ် ဒါကြောင့် ဘယ်သူ့ကိုမှ ကျွန်မကြောင့် မနာကျင်စေချင်တော့ဘူး အထူးသဖြင့် ထိပ် မိသားစုကို ကျွန်မ ပိုဂရုစိုက်ပေးရမယ်လို့ ခံယူထားတယ် ဒါပေမယ့် ခုချိန်ထိ ရှင့်ကြောင့် ကျွန်မ...ရွှေသွန်းခတ် အနားတောင်ကပ်ခွင့်မရနေဘူးလေ ဒါကြောင့် ထိပ် မိသားစုကို စောင့်ရှောက်ပေးနေတဲ့ရှင့်ကို သည်းခံဖို့ တွေးထားပါတယ်'
YOU ARE READING
"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)
Romanceပန်းခြံထဲက ပန်းကလေး လှပပွင့်ဖူးဖို့ ဥယျာဥ်မှူးဟာ ဆူးစူးလဲခံရဲတယ် မြေဆွေးကိုင်တဲ့လက်ကို သွေးစို့ရလဲဖြစ်တယ် အဓိက ပန်းပွင့်လေး လှပတင့်တယ်စွာ ရှင်သန်ဖို့ပဲ #ထိပ်ဦးတင် ပန်းတစ်ပွင့်လှပဖို့ ဥယျာဥ်မှူးက တာဝန်အရှိဆုံးသူပဲ ပန်းတကာထဲမှာ အလှပဆုံးဖြစ်အောင် ဥယျာ...