Chapter_4 [ Unicode ]

2.9K 192 8
                                    

Weddingသည် သူထင်ထားခဲ့သလိုခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ်မဟုတ်ခဲ့ပါချေ။ အိမ်၏ဧည့်ခန်းတွင်သာ နှစ်ဖက်မိဘများနှင့်‌ရှေ့နေတစ်ဦးရှေ့ စာချုပ်ပေါ်လက်မှတ်ထိုးကာ လင်မယားဟုအမည်တွင်စေခဲ့ခြင်းသာဖြစ်၏။ သိပါသည်။ ကြီးကြီးကျယ်ကျယ်မလုပ်ရခြင်းအကြောင်း၏တရားခံဟာ သူသာဖြစ်မည်မှန်း မပြောလဲသိနေပါ၏။

"လက်ထပ်ပွဲကလူသိရှင်ကြားမဟုတ်ပေမယ့် လက်ထပ်ပြီးခဲ့တာကိုတော့ လူသိရှင်ကြားဖြစ်အောင် သတင်းစာထဲရောဆိုရှယ်မီဒီယာမှာပါကြေညာပေးမယ်။"

ဂုဏ်သိက္ခာကို လွန်စွာမှတန်ဖိုးထားသည့်ဖေဖေ့နှုတ်ဖျားမှထွက်ကျလာသော အေးစက်ပြတ်သားသည့်စကားသံနောက် မေမေနှင့်စကားစမြည်ပြောနေပါသောမောင့်မိဘများပါမက သူနှင့်သူ့အမျိုးသားကလေးပင် ကြောင်အသွားရပါသည်။ လူသိရှင်ကြားဆိုသည့်စကားသည် သူ့အားထိတ်လန့်စေရုံမက သတို့သား၏မိသားစုကိုပါ ထိတ်လန့်သွားစေပုံရပါ၏။

"ဟို...အဲ့လောက်ထိမလုပ်လည်းရပါတယ်။"

မည်သူမှမလုပ်ရဲသည့်အထွန့်တက်ခြင်းကို သူလုပ်မိလိုက်ပြီ။ အလိုမကျဟန်တွန့်ချိုးသွားသည့်မျက်ခုံးတန်းများကြောင့် ပေါင်ပေါ်တင်ထားမိသည့်လက်ဖဝါးနှစ်ဖက်ကို အချင်းချင်းမီးပွင့်မတတ်ပွတ်တိုက်နေမိ၏။

"ငါက ဒါဆိုဒါလိုက်၊ မိဘကလက်နဲ့ရေးတာကို‌ခြေနဲ့ဖျက်ဖို့နည်းနည်းမှမစဉ်းစားနဲ့..."

ဘာဆက်ပြောနိုင်မှာတဲ့လဲ။ အကုန်လုံးတိတ်နေသည်မို့ သူလည်း တိတ်‌ဆိတ်နေလိုက်ရုံသာပေါ့။ လူသိရှင်ကြားကြေညာလိုက်လို့လည်း ထူးပြီးအရှက်ကွဲဖို့၊သိက္ခာကျဖို့မရှိပါချေ။ အမှန်ပြောရရင် လက်ထပ်ပွဲကိုတောင် ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားဖြစ်မည်ဟု ထင်မှတ်မျှော်လင့်ထားခဲ့သေးတာပဲလေ။ တစ်ဖက်လူအတွက်ကိုတော့ စိတ်ရင်းနှင့်သိပ်ကိုအားနာမိသည်ပင်။

..................................။

"နာမည်ဘယ်လိုခေါ်လဲ။"

ဝရန်တာတွင်မတ်တပ်ထွက်ရပ်နေသူဘေးရပ်ကာ အမေးထုတ်လိုက်မိခြင်း။ သူတို့နှစ်ဦး၏အဖြစ်ကဆန်းသည်။ လက်ထပ်ပြီးသွားသည့်တိုင် တစ်ယောက်နာမည်တစ်ယောက်မသိသလို၊ စကားလည်း ယခုအချိန်ထိတစ်ခွန်း၊တပါဒမျှမပြောဖူးခဲ့ပါချေ။

Sad But True (Toxic Love) [Completed]Where stories live. Discover now