Chapter_10 [Unicode]

2.7K 202 21
                                    

"ကားခနလောက်ရပ်ပေးပါ။"

ကားလမ်းမကြီးဘေးတွင်ရှိနေသော wedding dress‌ရောင်းသည့်ဆိုင်ဘေးရှိ လက်ဝတ်ရတနာဆိုင်လေးရှိရာသို့ သူလမ်းဆင်းလျှောက်လာခဲ့သည်။ လှပလွန်းသောလက်စွပ်ကလေးများမှာ သူ့အာရုံအလုံးစုံကိုဖမ်းစားလိုက်နိုင်၏။ ထိုထဲမှာမှ အနားများကိုစိန်ပွင့်သေးသေးလေးများဖြင့်စီခြယ်ထားသည့်ငွေရောင်ဆင်တူလက်စွပ်ကလေးနှစ်ကွင်းအား သူပို၍နှစ်ခြိုက်မိသွားလေသည်။

"ဒါလေးကြည့်လို့ရမလား။"

"ဟုတ်ကဲ့ ရပါတယ်ရှင်..."

တလက်လက်တောက်ပနေသောလက်စွပ်ကလေးသည် သူ့ဆီကိုလိုက်ချင်၍ပဲလားမသိ သူ့လက်သန်းကြွယ်နှင့်ကွက်တိဖြစ်လို့နေသည်။ ‌ကျန်တစ်ကွင်းကိုတော့ သူကိုင်ပင်မကြည့်ခဲ့သလို မောင်နှင့်တော်မတော်လည်း သူမစဉ်းစားဖြစ်ခဲ့ပါချေ။ မောင်ကဝတ်မှာမှမဟုတ်တာပဲ။

ဒီလိုဆို ဘာကြောင့်ဆင်တူကွင်းကိုမှလဲဆိုလျှင် သူ့မှာပြန်ဖြေစရာကတစ်ခွန်းထဲသာ။ ထိုလက်စွပ်ကလေးအား သူကြိုက်နှစ်သက်လို့သာဖြစ်၏။

"ဒါလေးထုတ်ပေးပါ။"

ကျသင့်ငွေကိုရှင်းပြီး ကားရပ်ထားရာနေရာသို့ပြန်လျှောက်လာခဲ့သည်။ မနေနိုင်စွာထုတ်ဝတ်မိသော လက်သန်းကြွယ်မှလက်စွပ်ကလေးကတော့တလဲ့လဲ့တောက်ပလို့နေကာ လက်ချောင်းရှည်သွယ်သွယ်များနှင့်ပနံသင့်စွာလှပလို့နေ၏။

...............................။

အချိန်အားဖြင့် ည(၉)နာရီကျော်ခဲ့ပြီဖြစ်၏။ မာမီတို့ညစာဘာနှင့်စားလိုက်ကြသလဲမသိပေမယ့် သူ့ကိုအတော်လေးစိတ်ဆိုးနေမှာ‌တော့ အသေအချာပင်။

ခြံထဲမှ အပေါ်ထပ်ရှိသူတို့အခန်းကိုလှမ်းကြည့်တော့ မီးလင်းနေသေးသည်ကိုတွေ့ရသည်။ ဒီအချိန်ဆိုမောင်ဘယ်အိပ်လောက်ဦးမလဲ။ နဖူးမှဒဏ်ရာကိုသိပ်မသိသာ‌အောင် လမ်းမှာဆေးဆိုင်တစ်ခုသို့ဝင်ပြီးပလာစတာဝယ်၍ကပ်ထားကာ ဆံပင်ဖြင့်ဖုံးထားလိုက်သည်။ ဘယ်ဘက်ပါးပြင်ပေါ်မှလက်ဖဝါးရာကိုတော့ ကားပေါ်တွင်ကြပ်ထုပ်ထိုးလာခဲ့တာကြောင့် အနည်းငယ်အရောင်သက်သာသွားပြီဖြစ်၏။ သို့သော် ဖြူနုနေသောပါးပြင်မို့လက်ချောင်းရာများကတော့အထင်းသားပင်။

Sad But True (Toxic Love) [Completed]Where stories live. Discover now