Chapter_8 [ Unicode ]

2.6K 197 37
                                    

ကွာရှင်းကြရအောင်တဲ့လေ။

မောင့်နှုတ်ဖျားကထွက်ကျလာခဲ့တဲ့ အဲ့ဒီနာကျင်ဖွယ်စကားစုကလေးဟာ သူ့အပေါ်အတော်လေးသက်ရောက်မှုရှိခဲ့ပါသည်။ သို့ကြောင့်လည်း ထိုနေ့မှစပြီးသုံးရက်မြောက်ကျော်လွန်ပြီးသည့်ယနေ့မနက်အထိ‌ မောင့်အားစကားတစ်ခွန်းမှမပြောဖြစ်ခဲ့။ သူ့နည်းတူပင် မောင်သည်လည်း ယနေ့အထိတိတ်ဆိတ်၍နေခဲ့ပါသည်။

"မောင့်ဆီကအဲ့ဒီစကားကိုထပ်မကြားချင်ဘူး။ ဟန်နီ့ကိုနားလည်ပေးပါ မောင်..."

ကုတင်ပေါ်တင်ပါးလွှဲထိုင်လိုက်ကာ အိပ်မောကျနေသောမောင့်အား ငေးစိုက်ကြည့်နေမိပါသည်။ အိပ်နေရင်းတောင်မှမျက်ခုံးတန်းတွေအားတွန့်ချိုးထား‌သောမောင်သည် ဘာတွေကိုများအလိုမကျဖြစ်နေပါသလဲလေ။ မျက်ခုံးတန်းတွေအားပြေလျော့သွား‌စေရန်အလို့ငှာ လက်လှမ်းလိုက်ပေမယ့် လှုပ်ခတ်လာသောမျက်တောင်ဖျားကလေးများကြောင့် လမ်းတစ်ဝက်မှာတင်ရပ်တန့်လိုက်ရချေသည်။

ထိတ်လန့်စွာဖြင့် 'မောင်မနိုးလာပါစေနဲ့'လို့ စိတ်ထဲကြိတ်ပြီးဆုတောင်းလိုက်ပေမယ့် သူ့ဆုတောင်းတွေပြည့်ဟန်မရှိချေ။ ခပ်မို့မို့မျက်ခွံက‌လေးများဖျက်ခနဲပွင့်အာလာပြီး‌နောက်တွင်တော့ မောင်သည်နှုတ်ဆတ်လျက်ပင် သူ့အားခပ်တွေတွေကလေးငေးကြည့်လာခဲ့ပါသည်။

"ဆောရီး...မောင်"

မောင်ကြားသည်ဆိုရုံ တိုးတိတ်စွာရေရွတ်လိုက်ပြီးထထွက်ဖို့ပြင်လိုက်ပေမယ့် လက်ကောက်ဝတ်ကိုဆုပ်ကိုင်လာသောမောင့်လက်ဖဝါးနွေးနွေးကြောင့် မအောင်မြင်လိုက်။ သူအတော်လေးထိတ်လန့်သွားမိပါသည်။ တစ်စုံတစ်ရာကိုပြောဖို့ရာမောင့်နှုတ်ခမ်းဖျားတွေပွင့်ဟလာချိန်မှာတော့...။

"မပြောနဲ့မောင်၊ ဟန်နီမောင့်ဆီကဘာစကားမှမကြားချင်ဘူး။"

လွတ်နေသည့်လက်ဖြင့်မောင့်လက်ဖဝါးကိုဆွဲခွာကာ အသည်းအသန်ဟန့်တားလိုက်မိပါ၏။ ထိုအခါမောင်သည် မျက်ခုံးတန်းများကိုတွန့်ချိုးကာ စုပ်တစ်ချက်သပ်‌လေသည်။ လက်ကောက်ဝတ်ကိုမြဲမြံစွာဆုပ်ကိုင်ထားသော မောင့်လက်များအားဆွဲခွာနေ‌ပေမယ့် အားချင်းမမျှသည်ကြောင့် ခရီးမတွင်။ မရသည့်အဆုံးမှာတော့ လက်လျှော့ကာ မောင့်အားကျောခိုင်းပစ်လိုက်‌တော့၏။ မောင့်မျက်နှာကိုမြင်နေရတာဟာ သူ့စိတ်ကိုအတော်လေးအဆင်မပြေဖြစ်စေပါသည်။

Sad But True (Toxic Love) [Completed]Where stories live. Discover now