Chapter_7 [ Unicode ]

2.5K 196 18
                                    

မျှော်လင့်ချက်ထားခြင်းသည်
မိမိစိတ်ကိုမိမိကိုယ်တိုင်သတ်ခြင်းဖြစ်လေသည်။
.............................။

"ဒယ်ဂူဘက်ကဆောက်လက်စအဆောက်အဦးပြိုလို့ ငါလိုက်သွားရမယ်။ အနည်းဆုံးနှစ်ရက်၊အများဆုံးလေးရက်လောက်ကြာလိမ့်မယ်။"

မောင့်၏အပြောကြောင့် ကော်ဖီခွက်ထဲကော်ဖီထည့်ပေးနေသည့်ထယ်ယောင်း၏လက်များ တုံ့ဆိုင်း၍သွား၏။ မောင့်မျက်နှာကိုဖျက်ခနဲငဲ့ကြည့်မိတော့ အလုပ်ကိစ္စကိုသာအာရုံထားပုံဖြင့် ကော်ဖီခွက်အား‌ခပ်တွေတွေငေးကြည့်နေလေသည်။ သက်ပြင်းတစ်ချက်ကြိတ်ရှိုက်လို့ ကော်ဖီကိုဆက်ထည့်‌ပေးလိုက်ပြီး ကရားအိုးလေးအားစားပွဲပေါ်ပြန်ချလိုက်၏။

"အခုသွားရမှာလား။"

"အလုပ်ကအပြန်တစ်ခါတည်းသွားမှာ..."

ကော်ဖီအားတစ်ငုံမျှငုံလိုက်ပြီးပြန်ဖြေလာပုံက အေးဆေးစွာ။ မာမီကတော့ထူးခြားစွာပင် နံနက်စာအားတိတ်ဆိတ်စွာစားနေခဲ့၏။ ဘာမှဆက်မေးချင်၊ပြောချင်စိတ်များမရှိတော့သည်မို့ အဝတ်အစားထည့်ပေးဖို့ကိုသာစိတ်ထဲတွေးပြီး အပေါ်သို့တက်ခဲ့လိုက်၏။

အဝတ်အစားထည့်နေရင်းတွေးမိသည်တစ်ခုက မောင်သည် သူ့အားညဈေးလိုက်ပို့မည်ဟုပြောထားခြင်းအား မေ့နေခဲ့လေသလားဆိုတာကိုပင်။ မောင်ကိုယ်တိုင်လိုလိုလားလားနှင့်စိတ်လိုလက်ရ‌ပြောခဲ့သည့်စကားမို့ သူ့မှာတော့မျှော်လင့်ချက်တွေထားလိုက်ရတာ။ မောင်ကတော့ဖြင့် ထိုစကားအားသတိရဟန်မရှိတော့ပဲ အလုပ်ကိစ္စကိုသာအာရုံရှိနေခဲ့လေသည်။

"မာမီနဲ့အဆင်ပြေအောင်နေ...ငါပြန်လာရင် ဘာတိုင်သံတောသံမှမကြားချင်ဘူး။"

ကားပေါ်မတက်ခင် သတိတရနှင့်မောင်ပြောလာသည့်စကား‌သည် ဘာကြောင့်များထိုကိစ္စဖြစ်နေခဲ့ပါသလဲ။ သက်သောင့်သက်သာမရှိလှသော မချိတရဲအပြုံးကလေးအားနှုတ်ခမ်းထက်ချိတ်ဆွဲလိုက်ကာ...။

"စိတ်ချပါ‌ မောင်၊ ဟန်နီ..."

'သည်းခံမှာပါ'ဟုပြောမည်ပြင်လိုက်သော်လည်း အိမ်ထဲမှထွက်လာကာမောင့်ထံလှမ်းသွားသောမာမီ့၏ခပ်သွက်သွက်ခြေလှမ်းများကြောင့် စကားမဆက်ဖြစ်လိုက်တော့။ မောင့်အားထွေးဖက်ကာ အမှာစကားတွေတလှေကြီးဆိုနေသောမာမီ့အား ထယ်ယောင်းပြုံး၍သာကြည့်နေမိပါသည်။ မိဘမေတ္တာတဲ့...။ ဘေးကကြည့်ရတာတောင် နွေးလိုက်တာ...။  မောင့်အားဂရုစိုက်နေခြင်းသည် ဟန်ဆောင်နေခြင်းမဟုတ်မှန်း မာမီ့၏အပြုံးများကြောင့်သူသိရပါ၏။ စိုးရိမ်ပူပန်နေသည့်မျက်ဝန်းများသည် အရောင်ဖျော့သော်ငြား အပြုံးများက‌တော့ဖြင့်တောက်ပ၍နေသည်။ ထိုနေ့ကအဖြစ်အပျက်ကြောင့် မောင်သည်အမေချစ်သားကလေးဖြစ်ကြောင်း သူလက်မခံချင်ပေမယ့်လက်ခံခဲ့ရ၏။

Sad But True (Toxic Love) [Completed]Where stories live. Discover now