part - 15

84 4 1
                                    

အပိုင်း ၁၅
ကိုယ် ဝပ်နဲ့စကားပြောပြီး စိတ်မထိန်းနိုင်စွာ ရင်ထဲခံစားချက်ကို ကဗျာစပ်တင်မိလိုက်ပြီးမှ ဝပ် မြင်သွားလျှင် ခက်ချည်ရဲ့။သူ ကိုယ့်ကို သံယောဇဉ်အမျှင်တန်း နေမှာ စိုးပါသည်။
ဒါနဲ့ပဲ ကဗျာ postကို ကိုယ်ပြန် ဖျက်လိုက်မိတယ်။
အဲ့နောက်ပိုင်း ကိုယ် ကျောင်းဆက်တက်ဖို့ ကိစ္စအတွက် လေ့လာစရာများ ပိုလေ့လာရသလို အဲ့အချိန်တွင် အဖွား ရုတ်တရက် လေဖြတ်တာမို့
လိုင်းလဲ မသုံးဖြစ်သလို ဘယ်သူ့ကိုမှလဲ မဆက်သွယ်ဖြစ်ခဲ့ တော့ပါ။
ဆေးရုံးဆေးခန်းရှားပါးနေတဲ့ ဒီလိုအချိန်ကြီးမှာ ကိုယ်တို့မိသားစုတွင် ကိုကြီး ရှိနေလို့သာ တော်သေးသည်ပဲ ပြောရမည်။
ကိုကြီးသည် လှိုင်သာယာဖက် တွင် သူတို့ သူငယ်ချင်းများစုပေါင်းဖွင့်ထားသော ကိုယ်ပိုင် ဆေးခန်းထိုင်သူဖြစ်တော့ တစ်အိမ်လုံးရဲ့  ကျန်းမာရေးကို ကိုကြီးပဲ ကြည့်ပေးတာများတယ်။
အဖွားက ကံကောင်းစွာ အချိန်မှီသိလိုက်တာကြောင့် ဘယ်ဖက်ပါးတခြမ်းမဆိုစလောက်ရွဲ့ပြီး ဘယ်ဖက်တခြမ်းလုံး မလှုပ်နိုင်တော့ကာ အပေါ့ အလေး ကိစ္စပါ မေမေတလှည့် ကိုယ်တလှည့်ပြုစု ပေးရသည်။
မေမေက အဖွားကို တခါတခါ ဆူမိတတ်ပါသည်။ ဆူလဲ တူစရာ အဖွားကလဲ အမေ့ကို သမီး ဟု မမှတ်မိတော့ကာ အမေဟုပဲ အ‌မြဲ ခေါ်ကာ တော်ကြာထိုင်ချင်တယ် တော်ကြာထချင်တယ် မျိုးစုံ ဂျီကျတတ်သေးတာကိုး။
ကိုယ်အနားရှိရင်တော့ အဖွားက သိပ်ဂျီမကျတော့သလို ကိုယ့်ကိုတော့ သူ ဘယ်လို ခေါ်ရမလဲ မသိနေတော့ ကိုယ်က လူလည်ကျစွာ အဖွား သမီးကို  မင်းသမီးလေး ဟုခေါ်ခိုင်းလိုက်တယ်။
အဖွားကလဲ တခါပဲ သင်ပေးတဲ့ မင်းသမီးလေး ကို အလွတ်ရကာ သူ့ကို စိတ်ရှည်စွာချော့မော့တတ်တဲ့ ကိုယ့်ကို အရမ်းကပ်ကာ မိုးချုပ်ရင် ပိုဆိုးလာတတ်တာ။
ဒီနေ့ ညနေမှာ မေမေက
"မိဖြူ  အမေ ညီး အဖိုးကိုစိတ်အ‌ ပြောင်း အလဲ ဖြစ်အောင် လမ်းလျှောက် ထွက်ပေး ဦးမယ် အေ...ညီးအဖွား လေဖြတ်ပြီးကတည်းက ညီးအဖိုး စိတ်ဓာတ်ကျနေသလိုပဲ ငြိမ်‌ နေသလားလို့‌‌ အေ။ တအိမ်လုံးလဲ အမေ  လေဖြတ်တာပဲ အာရုံရောက်နေကြတော့  အဖိုးကို ဂရုမစိုက်နိုင်ကြဖူးမလား" ဟု အမေသည် ကိုယ့်ကို ပြောပြီး အဖိုး အခန်းထဲဝင်သွားကာ အဖိုးနဲ့ အပြင်ထွက်သွားကြတော့သည်။
ကိုယ်လဲ အမေ ထွက်သွားတော့ အဖွားနား ထိုင်ကာ အဖွားကို ဘုရားစာရွတ်ပြပေးပြီး အဖွား တရားနာမလားဟု စည်းရုံးရေး ဆင်းရသည်။
အဖွားက အခါကြီး ရက်ကြီး ဥပုာဘ်စောင့်တာနဲ့ လှူတာသာ လုပ်ပြီး တရား ထိုင်ခဲသည်။
ဒါကြောင့်လဲ အဖွားလေဖြတ်တုံးက ခန္ဓာ၏နှိပ်စက်မှူ ဒဏ်ကို သူ သီးမခံ နိုင်ဖြစ်ကာ
အမေက တရားခွေ အမြဲ ဘေးနားဖွင့်ပေးရင်လဲ အဖွား သိပ်မကြိုက်တော့ပဲ သားအမိ နှစ်ယောက် အမြဲရန်ဖြစ်ကြသည်။
အမေကလဲ အဖွားကို အတင်းတရားနာစေချင် တရားမှတ်‌ စေချင်တော့ အဖွားက
"အမေ တရား အမြဲ မနာချင်ဖူးသမီး။ တခါတခါ အမေ့နားတွေ အူလာတယ်။ အမေ့စိတ်ထဲ သတိရတာနဲ့ ဘုရား တရား သံဃာ လို့ စိတ်ထဲမှတ်ပြီး မေတ္တာပို့ပါတယ် သမီးရယ်။ ခဏခဏ အမေ့နား တရားခွေ မဖွင့်ပေးပါနဲ့" ဟု အဖွားအသိစိတ်ဝင်ရင် ပြောရှာတယ်။
အမေကလဲ အဖွား အသိရှိတုံး ပြောရတာဆိုကာ
"အမေ အခု အဲ့ သတိကပ်နေတုံး တရားနာလေ။ ခဏနေရင် အမေ ကိုယ့်သမီးကိုတောင် အမေ.. အမေ.. ‌တပြီး ဟိုဟု လုပ်ခိုင်း ဒီဟာ လုပ်ခိုင်း လုပ်တော့မယ်။ အမေ ဒီ မြေးမနဲ့ တခြားကိစ္စတွေပဲ ခေါင်းထဲ အာရုံ‌ရောက်မနေနဲ့။ အမေ အဲ့လိုဆို ဘဝကူးကောင်းမှာ မဟုတ်ဖူး" ဟု အတင်း ဖိ ပြောတတ်သည်။
ကိုယ်က အဖွားဖက်က လိုက်ပြောပေးရင် ကိုယ်နဲ့ပါ ထပ်ရန်ဖြစ်ရရော။
အဲ့အခါမျိုးမှာ ကိုယ်လဲ အမေ့ကို မတားတော့ပဲ အဖွားကို လက်ကလေးကိုင်ကာ အမေမသိအောင် "အဖွား ခဏ နားထောင်လိုက်‌ နော်။ အဖွားက လိမ္မာတယ်" ဟု တီးတိုးပြောကာ အမေထွက်သွားတာနဲ့ မြေးအဖွားနှစ်ယောက် ပုံပြင်ပြောတမ်း ကစားကြတော့တယ်။
အဖွား သတိဝင်ရင် သူတို့ ငယ်ငယ်က စစ်အတွင်း ဘယ်လို ဗုံးခိုရကြောင်း၊ အမြဲ ပြေးလွှား‌ခဲ့ရ‌ ကြောင်း များ ပြောပြတတ်ပါသည်။
အဖွားငယ်ငယ်က အဖွားရဲ့
အမေသည် တစ်ဦးတည်းသော သမီး ဖြစ်‌သော အဖွားကို ဘာမှ မလုပ်ခိုင်းခဲ့ပဲ သမီးကို လှပေ့ကောင်းပေ့ ညွှန်ပေ့ဆိုသည့် အသုံးအဆောင်များသာ ဆင်ခဲ့ကာ အဖွားသည် ခြေမွှေး မီးမလောင် လက်မွှေးမီးလောင်ဖြင့်ကြီးပြင်းခဲ့ရသူဖြစ်တယ်။
မိဘရဲ့ ချမ်းသာမှူရယ် အဖွားရဲ့ အလှကြောင့် အဖွားသည် မာန်မာနကြီးကာ အရမ်းလဲ အလှကြိုက်သူ ဖြစ်တာများ အသက်ကြီးတဲ့အထိ အဖွားသည် လှချင်နေတုံးပင်။
မြေးတွေက တို့အဖွားများ လှချက်။ငယ်တုံးက ဘယ်လောက်ချောမလဲ မသိဖူးဟု ပြောရင် အဖွားမှာ သဘောကျမဆုံး တပြုံးပြုံးပဲ။
အဖွား အလှကြိုက်တာ ဘယ်လောက်လဲ ဆိုရင်လေကိုယ် ဘွဲ့ယူတုံးက အဖွားအတွက်ပါ အဝတ်အစား ဝယ်ပေးမိကြတယ်။
ကိုယ်တွေ သားအမိက အဖွားသည် အသက်ကြီးပြီမို့ ချိတ်အရောင်ကို ဆင်စွယ်ရောင် အ ဖျော့လေး ရွေးပေးတာကို အဖွားက မကြိုက်ဖူးတဲ့‌‌ လေ။
အဖွား အပြောကိုလဲ ကြည့်ကြပါဦး။
"ကျုပ်‌ မြေးမ ဘွဲ့ယူချိန်မှာ ကျုပ်လဲ ခန့်ခန့်လှလှကြီး ဖြစ်ချင်တာပေါ့အေ။ အဲ့အရောင်သာ ကျုပ်ဝတ်ရင် ကျုပ်ဓာတ်ပုံရိုက်ရင် ဘယ်ပေါ်တော့မလဲ။ ညီးတို့ကအေ ကျုပ်များ အသက်ကြီးပြီဆိုပြီး အရောင် မထွက်စေချင်တာလား။ကျုပ်ကို ပိတောက်ခြောက်ရောင် အစိုလေးသာ ဝယ်ပေး" လို့ ပြောခဲ့ တဲ့ ကိုယ့်အဖွားနော်။ ပေါ့ပေါ့သေးသေးမဟုတ်ဖူး။ ပြီးရင် သူတို့ခေတ်က ဖက်ရှင်ဆိုတာ အားလုံး အရောင်တူ ကိုင်တာဟု ဆိုင်ကာ ဖိနပ်၊အိတ်၊ဆံထိုး၊ ပန်း၊လက်ဝတ်ရတနာ အကုန် ပိတောက်ခြောက်ရောင်တွေချည်းရှာပေးခဲ့ရတာနော်။
ဘွဲ့ယူမယ့် ကိုယ့်ကို‌ တောင် အဖွားက designer လုပ်ကာ ငါ့မြေးက ဖြူဖြုသွယ်သွယ်ရှည်ရှည်လေးမလို့ ပန်းဆီရောင် အစိုလေးဝယ်ဆိုလို့အဖွားစိတ်တိုင်းကျ ဝတ်ခဲ့ရတာ။ အဖွားက အလှကြိုက် ခေတ်အမြင်ရှိသလောက် ကိုယ့်‌အမေနဲ့ကိုယ်က အလှ
မကြိုက် အရောင် ဖျော့ အမှိန်တွေသာ ကြိုက်ကြသူတွေ။
ဒီလိုနဲ့ အဖွား အကြောင်းပြု ပြီး အမေဖွင့်တဲ့ "မိုးကုတ်ဆရာ‌တော်ကြီး၏ ဝိပဿနာ တရား"များကို  ကိုယ်သည်လဲနေ့တိုင်း နာခဲ့ရလေသည်။
တရားနာပါများလာတော့ လူတွေ သေခါနီးရင် စွဲလန်းတဲ့စိတ်‌ ကြောင့် ဒုက္ခရောက်ပုံများကို ပို နားလည်လာကာ ကိုယ်သည် အဖွား တစ်နေ့သေလျှင် ကိုယ့်ကို စွဲပြီး မကျွတ်လွတ်မှာ ကြောက်လာမိသည်။
အဖွားကတော့ တရားခွေ ဖွင့်ပေးထားလဲ စိတ်ထဲ မမှတ်နိုင်တော့ပြီမို့ ကျန်သည့်အချိန်ထက် မိုးချုပ်မှောင်တာနဲ့ "မင်းသမီးလေးရေ အမေ့ဆီလာနော်၊ အမေကြောက်တယ်" ဟု ပြောကာ ကိုယ့်မှာ အဖွားနားက ခွာ မရတော့။
အမေက အဲ့အချိန်တိုင်း
" အေး ညီးတို့က အကဲပိုပြ တော့ ညီးအဖွားက ပိုဆိုးနေတာ။ အခုဆို ထမင်း  ကျွေးရင်တောင် ငါ ကျွေးတာ မစားချင်ဖူး ဖြစ်နေပြီ။ အဲ့ဒါ ငါ့အမေပါအေ။ မသိရင် ငါက နှိပ်စက်နေတာ ကျနေတာပဲ။အမေ အဲ့လို ကြပ်ကြပ် ဆိုး အမေ သေရင် အဲ့ဒါတွေ အမေနောက် မပါဖူးလို့ သမီး ပြောတာ ကို နားမဝင်ဖူး" ဟု အမြဲ မြည်တွန်နေတော့သည်။
နောက်ရက်ကျ အမေ့ အမ( ကိုယ့်အဒေါ်အကြီးဆုံး) က အဖွားကို သူတို့ လဲ တလှည့်ပြုစုချင်သည်ဟု ပြောလေတော့ အမေသည်လဲ အဖွား ကိုယ့်ကို စွဲတာ ကျွတ်အောင်နဲ့ အမေ့အမကို ကြောက်ရသူမို့ ထင်သည် အဖွားကို 'အမေ တလှည့် နေကြည့်' ဟု ဆိုကာ အိမ်က အဒေါ်အငယ်ကိုပါ အဖွားကြည့်ပေးဖို့ ထည့်ပေးလိုက်တယ်။
ကိုယ်ကလဲ ခဏပဲ နေနိုင်မှာဟု သိသူမို့ မတားမိပဲ  ငြိမ်နေလိုက်မိသည်။ အဖွား အဒေါ့်အိမ် သွားနေတုံး ကိုယ်လဲ ကျောင်းဆက်တက်ဖို့ ထိုင်းကျောင်းလျှောက်ဖြစ်သွားသည်။ ကျောင်းကိစ္စများ ရှုပ်နေတာနဲ့ ကိုယ်လဲ အဖွားကို သွားမကြည့်ဖြစ်ခဲ့ဖူး။
တ‌ နေ့ညက‌ တော့ အမေသည် အဖွားကို လွမ်းနေပုံပင် " ဒီတခါ ညီးအဖွား နေသားနော်။ အင်း..သူ့သမီး အငယ်မပါ လို့နေမယ်။ နောက်ရက်တော့ ညီးအဖွားအခန်း မွေ့ရာတွေ ရိုက်ခါထားဦး။တစ်ရက် သွားပြန်ခေါ်ရမယ်" ဟု ပြောနေသေးသည်။
အဲ့နေ့ကို ကိုယ် မေ့မရနိုင်ပါ။ ကိုယ် အပြင်မထွက်တာကြာလို့ ကိုငယ်နဲ့ မြို့ထဲ ခဏ လိုက်သွားရင်း လမ်းမှာ မုန့်ဝင်စားချိန် ဖုန်းမြည်လာတော့ အမေဆက်သည်မို့ တစ်ခုခုမှာသည်ဟုထင်မိကာ ကောက်ကိုင်ရင်း
"ဟုတ်ကဲ့ အမေ..ဘာမှာချင်လို့လဲ..." ဟု ကိုယ့်စကားပင် မဆုံးသေး အမေက ဖြတ်ပြောလိုက်တာက အဖွားဆုံးပြီ ပြောတော့ ကိုယ်သည် ကိုယ့်နားကိုပင် မယုံကာ ကိုငယ်ကို ဖုန်းထိုးပေးလိုက်မိသည်။
အဖွားဆုံးသွားတာကို စိတ်ထဲ ဘယ်လိုမှ ဖြေမရနိုင်ခဲ့သလို ကိုယ့်ကိုကိုယ် အပြစ်ရှိစိတ် ခံစားရကာ ကိုယ်ဟာ အဖွား ရက်လည်‌ နေ့အထိ စိတ်နဲ့လူနဲ့မကပ်ပဲ လုပ်စရာရှိတာ‌တွေ သာ လုပ်ပေးနေဖြစ်သည်။
အဖွား ရက်လည်ပြီးတော့ ကိုယ်ဘယ်လိုမှ တင်းမခံနိုင်တော့ပဲအရုပ်ကြိုးပြတ်လဲကျ‌ တော့ပါသည်။
ယူကြုံးမရစိတ်နဲ့ ဖြေမဆည်နိုင်စိတ်ကြောင့် အိမ်မှာနေလို့မရတော့ကာ တရားစခန်းဝင်ပြီး စိတ်ကို ပြန်တည်ဆောက်ခဲ့ရသည်။
ကံဆိုးရင် ဆက်တိုက်ဆိုသလိုပါပဲ အဖွားဆုံးပြီး ‌နောက် နှစ်လအကြာ အဖိုး ရုတ်တရက်ခါးနာသည်ဆိုကာ မထနိုင်ဖြစ်လို့ ပြင်ပဆေးရုံတင်လိုက်ရပြန်သည်။
ဆေးစစ်ကြည့်‌တော့ အဆုတ်ကင်ဆာ ဖြစ်ကာ ခန္ဓာကိုယ်တွင်းပျံ့နှံ့နေပြီမို့ မရတော့ ပြီဟု သိလိုက်ရပါသည်။အဖိုးရောဂါကို အမေတို့က ကိုယ့်ကို မပြောပြထားလို့ ကိုယ်သည် အဖိုးရိုးရိုးခါးနာတာပဲဟု ထင်ကာ အဖိုးနား တချိန်လုံး နေကာ ပြုစု ပေးခဲ့ပါသည်။
အဖိုးသည် နှစ်ပတ်လောက် ကြာသည့်အခါ သွေးဝမ်းများတရစပ်သွားကာ အခြေအနေဆိုးဖြစ်လာပြီး ဆုံးသွားခဲ့ပါသည်။
ကိုယ့်ရဲ့ ဒုတိယ ရွှေတောင်ကြီး ကို ဆုံးရှုံးလိုက်ရချိန်မှာ ကျောင်းတက်ဖို့ အကြောင်းကြားစာ email ရရှိခဲ့ပါသည်။
ကိုယ်က ကျောင်းသာ လျှောက်ထားတာ လူက အဖိုးအဖွားကို ဆက်တိုက်ဆုံးရှူံးလိုက်ရ‌ တော့ ဘယ်သူနဲ့မှလဲ မ တွေ့ချင် ဘယ်သူ့ကိုမှလဲ စကားပြောချင်စိတ် မရှိဖြစ်လို့ ဆရာ့ကိုလဲ မဆက်သွယ်နိုင်ခဲ့ပါ။
ကျောင်းရ ကြောင်း emailပို့တာကို တောင် ကိုယ်မသိပဲ ကျောင်း register လုပ်ဖို့ တစ်ပတ်အလိုမှ ဆရာအကြောင်းကြားလို့ သိခဲ့ရတယ်။
ဆရာက ကိုယ့် အခြေအနေကို သိထားသူမို့ လိုအပ်သည်များကို သူလုပ်ပေးနိုင်သလောက် လုပ်ပေးကူညီ‌ ပေးခဲ့သည်။
ကိုယ် လုံးဝ ကျောင်းဆက်မတက်ချင်ပေမယ့် အိမ်က ရော ဆရာကပါ ကိုယ့်ကို တက်စေချင်ကြကာ တိုက်တွန်းကြလို့ တက်ဖို့ လုပ်ရတော့သည်။
ကိုယ့်ကို ဆရာ့အိမ်‌ ထောင်ရေး အ‌ခြေအနေ သတင်းပေးလာသူမှာ အရင်တခါ ကိုယ့်ကို လာကြိုပေးသော ဆရာ့ညီ   ဖြစ်သည်။
ဆရာ့သား အကြီးသည်
အမေရိကန်တွင် ပညာသင်ဆုရကာ ကျောင်းတက်ရမှာမို့ ဆရာ့ မိန်းမသည် သားငယ်ကိုပါ ကျောင်းထုတ်ကာ ပြောင်းရွှေ့ဖို့ လုပ်လိုက်ရသည်။
ဆရာကလဲ ဒီဖက်တွင် ဆရာ့အမေ(အဒေါ်) နဲ့ အဖေ နှစ်ယောက်တည်းဖြစ်နေတာမို့ သူ လိုက်သွားလို့ မရသည့်အခြေအနေဖြစ်ကာ လိုက်မသွားနိုင်ခဲ့ချေ။
အမကလဲ ဒီလို အခြေအနေမှာ သူတို့ သားအမိနား နေမပေးတာကို စိတ်ဆိုးကာ ဆရာ့ကို အဆက်အသွယ်ဖြတ်တော့သည်။
ပိုဆိုးတာကတော့ ဆရာ့သား နှစ်ယောက်ကပါ အဖေကို နားလည်မှူလွဲကာ သူတို့ကပါ အဖေကို မဆက်သွယ်ကြ‌ တော့ ခြင်းဖြစ်သည်။
ဆရာသည် မိသားစုက
သူ့အား မဆက်သွယ်တော့တာ ကြောင့် စိတ်ဆင်းရဲခဲ့မှာအ‌သေအချာပဲ။ အဖေနေရာ တာဝန် မကျေဖူးဟု သူ့ကိုသူ
အပြစ်ရှိစိတ်ဝင်နိုင်လောက်တယ်။
ဒါကြောင့်သာ သူ  ညဖက်ကို  အိပ်ဆေး မသောက်ပဲ အိပ်
မရ တော့တာ နိုင် ဖူး တဲ့လေ။
ကိုယ်လဲ ဆရာ ခံစားနေရတာကို မသိယောင်ပဲဆောင်နေပေးကာ ( ဆရာ ရှက်သွားမှာစိုးတာကြောင့်ပါ) ဆရာ့ကို တရားများနာကြည့်ဖို့ တိုက်တွန်း အဖော်လုပ်ပေးဖြစ်တယ်။
ကိုယ် ကျောင်းမတက်ခင်သာ ဆရာ့ကျေးဇူးကို ဆပ်ခွင့်ရ‌တာ့မှာမို့  ဆရာ့ကို တရား အားထုတ်ဖို့ အချိန်ရတိုင်း သတိပေးဖြစ်သလို နေ့တိုင်းလဲ ဆရာစားချင်သည်
မှန်သမျှ မပျက်မကွက် ပို့ပေးဖြစ်တယ်။
ဆရာသည်လဲ သားသမီး အနားမှာ မရှိတော့ ကိုယ့်ကို သမီးလိုပဲ ဖြစ်နေကာ ကိုယ်သွားရမယ့်အချိန်နား ရောက် တော့
"အေး ညီး ကျောင်းဆက်တက်ရတာကို ဆရာ ဝမ်းသာပါတယ်။ ညီးက ငါ့သမီးလိုပဲ မို့ ငါ တော့ ညီး မရှိရင် ပျင်းနေတော့မှာပဲ။ ညီး ဟိုရောက်ရင် ငါ့ကို အားရင် ဖုန်းခေါ်နော်။ စာလုပ်စရာရှိရင် မခေါ်နဲ့ ရတယ် ကြားလား" ဟု ဆရာသည် ယောကျာ်းရင့်မာကြီး ဖြစ်တာတောင် မျက်ရည်ဝဲပြီး ပြောတာမို့ ကိုယ့်မှာ ပို ဝမ်းနဲကာ ငို ချင်စိတ်ကို ထိန်းပြီး
"ဆရာကလဲ သမီးမယ် ဖုန်းဆက်စရာ အိမ်ရယ် ဆရာရယ်ပဲ ရှိတာ။ နောက်မှ ငါ့သမီး ဆက်လွန်းလို့ ဆရာ နားပူ နေပြီ မလုပ်နဲ့။ အရေးကြီးတာ ဆရာတရားထိုင်ဖို့ မမေ့နဲ့နော်" ဟု ပြောဖြစ်ခဲ့သည်။( ဒါသည် ကိုယ့်အတွက် ဆရာ့ကို နောက်ဆုံး ကန်တော့ ရခြင်းလို့ မထင်ခဲ့မိပါဖူး)။
(***ဤစာသည် ကျူးလစ်ရဲ့ ဆုံးသွားသော အဖိုး၊အဖွား၊ ဆရာကြီးတို့ကို သတိရခြင်းများစွာဖြင့် မျက်ရည်များစွာကျကာ ရေးထားခြင်းဖြစ်ပါသည်။အသက်ရှိစဉ် အနားမှာရှိနေခိုက် တန်ဖိုးထား ချစ်မြတ်နိုးပေးကြပါ။****)

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now