ကျွန်တော် မနက်ခင်း အိပ်ရာနိုးလာတော့ ဘေးမှာ သီဟနိုင်ကို မတွေ့ရတော့တာကြောင့် ကျွန်တော့်စိတ်တွေ ထူပူသွားတယ်။ ကျွန်တော့်ကိုများထားခဲ့ပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကျွန်တော် အိပ်ရာထဲကနေ အမြန်ထပြီး အောက်ထပ်ကို အပြေးတစ်ပိုင်း ဆင်းလာမိတယ်။
"ကလေးလေး..."
"ဗျာ..."
ကြောက်ရွံ့စိတ်နဲ့ ကျွန်တော် အကျယ်ကြီး အော်ခေါ်ကြည့်တော့ မီးဖိုထဲမှ ပြန်လည်ထူးသံကြားရတာကြောင့် ကျွန်တော် ဝမ်းသာအားရနဲ့ မီးဖိုချောင်ဘက်ကို အပြေးလေးလှမ်းလာမိတယ်။
မီးဖိုခန်းထဲရောက်တာနဲ့ ကျွန်တော် သီဟနိုင်ကို တင်းတင်းဖက်ပစ်လိုက်တယ်။ ကျွန်တော့်ရဲ့ ရုတ်တရက် အပြုအမူကြောင့် သီဟနိုင်က ခဏတော့ အိုးတိုးအမ်းတမ်းဖြစ်သွားတယ်ထင်၊ ဘာစကားမှမပြောနိုင်သေးဘဲ ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။ နောက် အချိန်နည်းနည်းကြာမှ သူ သတိပြန်ဝင်လာပြီး ကျွန်တော့်ကို စကားပြောနိုင်တယ်။
"အကိုသူရစိုး နိုးလာပြီလား။ ဖယ်ဦး ကျွန်တော် မနက်စာပြင်နေတာ"
သူပြောမှ ကျွန်တော် သေချာကြည့်မိတယ်။ သီဟနိုင်က ဟင်းတွေချက်နေတာပဲ။
"ဘာတွေများ ပြင်နေတာလဲ ကလေးလေးရဲ့"
သိချင်စိတ်နဲ့ ကျွန်တော်မေးကြည့်လိုက်တယ်။
"အဲ့ဒါ... ကြာဇံဟင်း ကျွန်တော်သောက်ချင်လို့"
"ဟမ်! ကလေးလေး စျေးသွားထားတာလား။ ကိုယ့်ကိုမနှိုးဘူးကွာ။ ကိုယ်လိုက်ဝယ်ပေးမှာပေါ့။ ကလေးလေးက စျေးနေရာလည်း သိတာမဟုတ်ဘဲနဲ့ကို ဒုက္ခတွေရောက်နေတော့မှာပဲ"
"အဲ့ဒါကလေ..."
သီဟနိုင်က ပြောစရာရှိတာကို ဆက်မပြောဘဲ တွန့်ဆုတ်တွန်ဆုတ်နဲ့ လုပ်နေလေတယ်။
"ဘာဖြစ်လို့လဲ။ တစ်ခုခုဖြစ်လို့လား"
ကျွန်တော် မေးနေတုန်းမှာပဲ အပြင်ဘက်ကနေ "ငါလာပြီ"ဆိုတဲ့အသံနဲ့အတူ လူတစ်ယောက် အိမ်ထဲဝင်လာတာကို တွေ့လိုက်ရတယ်။ ဘယ်သူလဲ လှည့်ကြည့်လိုက်တော့