ညနေရောက်တော့ ကျွန်တော် သီဟနိုင်ကို ကျောင်းသွားကြိုဖြစ်တယ်။ သီဟနိုင်က ကျွန်တော့်ကို စကားမပြောပေမယ့် ကျွန်တော့်ဆိုင်ကယ်နောက်ကနေ လိုက်တော့လိုက်လာတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော့်ကို အဖက်မလုပ်။ အခန်းထဲတန်းဝင်ပြီး စာတွေဘာတွေကောက်လုပ်နေတယ်။
"ကလေးလေး... ပင်ပန်းနေပြီလား။ ဒါလေးစားလိုက်ဦး"
စတော်ဘယ်ရီအခဲလေးတွေ သူ့ရှေ့ချပေးတော့ ကျွန်တော့်ကို ပြန်မော့ကြည့်လာတယ်။ ပြီးတော့ ခေါင်းကိုပြန်ငုံ့ပြီး စတော်ဘယ်ရီအသီးတွေကို တစ်လုံးချင်းယူစားနေလေရဲ့။
"ဘယ်လိုလဲ ကောင်းလား"
"အင်း"
သီဟလေးက နောက်ဆုံးတော့ ကျွန်တော့်ကို စကားပြန်ပြောခဲ့ပြီ။ ဒါပေမယ့် အခြေအနေတော့ သိပ်မကောင်းသေး။ စားနေတဲ့ စတော်ဘယ်ရီတွေကုန်ရင် ကျွန်တော့်ကို စကားပြန်ပြောတော့မယ့်ပုံမပေါ်။ ဒီတော့ စတော်ဘယ်ရီသီးတွေ မကုန်ခင်မှာ ကျွန်တော်သူ့ကို ချော့ဖို့လိုတယ်။
"ကိုယ်စဉ်းစားနေတာ။ ခြံတစ်ခြံလောက်ထပ်ဝယ်ပြီး စတော်ဘယ်ရီပင်တွေ စိုက်မလားလို့"
ကျွန်တော်ပြောတော့ ကျွန်တော့်ကို ဖျတ်ကနဲ တစ်ချက်မော့ကြည့်တယ်။ ဘာမှတော့မပြော။
"ဒီတစ်ခါ မြေဝယ်ပြီးရင် ကလေးကို တစ်ဧကချင်း လက်ဆောင်ပေးမယ်။ ကလေးစိုက်ချင်တဲ့ အပင်ကိုစိုက်။ ကလေးလုပ်ချင်သလိုလုပ်။ အကုန်လုံး ကလေးစိတ်သဘောအတိုင်းပဲ"
"ဘာလို့ပေးတာလဲ?"
"ဒီတိုင်း ချော့တဲ့အနေနဲ့"
ကျွန်တော်ပြောတော့ သီဟက မျက်နှာကိုမဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို မော့ကြည့်လာပြီး
"အကိုသူရစိုး... ခင်ဗျား ကျွန်တော့်ကို ဘယ်လိုအတန်းစားထင်နေတာလဲ။ လုပ်သမျှခံပြီး ပေးသမျှယူရအောင် ကျွန်တော်က ဖာခေါင်းလားပြော..."
"ဟာ ကလေးရာ... ကိုယ်က အဲ့လိုသဘောနဲ့ပေးတာ မဟုတ်ပါဘူး။ ကိုယ်ကဒီတိုင်း ချစ်..."
"တော်ပြီဗျာ။ ခင်ဗျားဘာမှထပ်ပြောမနေနဲ့တော့။ ကျွန်တော်စာလုပ်မလို့။ အဲ့တော့ ခင်ဗျားဝေးဝေးနေ"