"ဒီခြံပဲကလေး"
ခြံအကျယ်ကြီး တစ်ခြံရဲ့ရှေ့မှာ အကိုသူရက ဆိုင်ကယ်ကိုရပ်လိုက်ပြီး ပြောလာခြင်းဖြစ်တယ်။ ကျွန်တော် ခြံကိုအကဲခတ်ကြည့်တော့ အတော်လေးကျယ်နေတာကို တွေ့ရတာကြောင့် စိတ်ထဲကနေ ကျိတ်ပြီး ကျေနပ်သွားရတယ်။
"အင်း မဆိုးဘူး။ အတော်ကျယ်တာပဲ"
"ဟုတ်တယ်။ အိမ်ဆောက်တဲ့အခါကျရင် ကလေးသဘောကျ ဆောက်လို့ရအောင်လို့ သေချာကျယ်ကျယ်ဝယ်လိုက်တာ။ ကလေးလေးက ဘယ်လိုအိမ်ပုံစံမျိုးကို သဘောကျလဲ"
"ရပါတယ်။ အကိုသူရကြိုက်သလိုသာဆောက်။ ကျွန်တော်က ပြင်ဦးလွင်စတိုင်လ် ခေါင်မိုးလှလှလေးဆို အဆင်ပြေပြီရယ်"
"ဒါဆို ကိုယ်တို့က နှစ်ယောက်တည်းဆိုတော့ ခေါင်မိုးလှလှလေးနဲ့ တစ်ထပ်တိုက်ကို ကျယ်ကျယ်လေး ဆောက်လိုက်မယ်"
"အမ်! တစ်ထပ်တည်းလား။ နှစ်ထပ်ဆောက်ပါ။ ကျွန်တော် ဝရံတာကနေပြီး ရှု့ခင်းတွေလည်း ကြည့်ချင်သေးတယ်"
"အင်း။ အဲ့ဒါဆို နှစ်ထပ်ဆောက်လိုက်မယ်။ ဆေးရော ဘာအရောင်သုတ်ချင်လဲ"
"ရပါတယ်။ ခင်ဗျားကြိုက်တဲ့အရောင်သုတ်လိုက်။ ကျွန်တော်ကတော့ မိုးပြာရောင်ကြိုက်တာရယ်"
"ဟုတ်ပြီ။ ဒါဆို မိုးပြာရောင်လေး သုတ်လိုက်မယ်"
"အင်း။ ဟီးဟီ... အကိုသူရ ကျွန်တော် ခင်ဗျားကို သဘောကျလိုက်တာဗျာ"
"ဒါဆို ကိုယ့်ကိုနမ်း"
"....."
အကိုသူရက မျက်လုံးတွေကိုမှိတ်ပြီး မျက်နှာကို အရှေ့တိုးပေးတာကြောင့် ကျွန်တော့်မှာ အယောင်ယောင်အမှားမှားနဲ့ အနောက်ကို ခြေနှစ်လှမ်းလောက် ဆုတ်မိသွားတယ်။
"လူမြင်ကွင်းကြီးလေဗျာ"
ကျွန်တော်ပြောလိုက်တော့ အကိုသူရက အလိုမကျစွာနဲ့ နှုတ်ခမ်းကိုစူတယ်။
"ကလေးက အဲ့လိုချည်းပဲ။ ကိုယ့်ကိုဆို ဘယ်တော့မှ မနမ်းချင်ဘူး"
"ဟာ မဟုတ်တာ။ ခင်ဗျားနမ်းရင် ကျွန်တော်ပြန်နမ်းတယ်လေဗျာ"