"သီဟနိုင်... ဟာ ဟိတ်ကောင်... ငါ့ကိုစိုကုန်ပြီကွ"
ခြံထဲကပန်းပင်တွေကို ရေဖျန်းနေတုန်း တစ်ဖက်အုတ်တံတိုင်းပေါ်ကနေ ခေါင်းတစ်လုံးထွက်လာပြီး ရုတ်တရက် ကိုယ့်နာမည်ခေါ်လိုက်တာကြောင့် ကျွန်တော့်မှာ လန့်ဖျန့်သွားရတယ်။ အဲ့တော့ လက်ထဲမှာ ကိုင်ထားတဲ့ ရေပိုက်ကလည်း အလိုလို သူ့ဆီကို ဖျန်းမိပြီးသားဖြစ်သွားပါရော။
"ဘာတုန်း"
အားနာပြီးတောင်းပန်ဖို့ပြင်လိုက်ပေမဲ့ တစ်ဖက်လူမှာ ကိုနေလင်းဖြစ်နေတာကြောင့် တောင်းပန်ဖို့ကို စိတ်မပါတော့...
"ဟိတ်ကောင် ငါ မင်းထက် ခြောက်နှစ်လောက်ကြီးတယ်နော်။ ရိုရိုသေသေဆက်ဆံ"
"မသိဘူးဗျာ သွား"
ပြောပြီး ကျွန်တော် လှည့်ထွက်ဖို့ပြင်လိုက်တယ်။
"ဟာ ဟိတ်ကောင် ပြောမလို့ကွ နေဦး"
"ဘာတုန်းဗျာ ဘာတုန်း... ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်တာမဟုတ်ဘူးနော်"
တကယ်ပါ။ အဲ့ အကိုနေလင်းကို ကျွန်တော် နည်းနည်းမှကြည့်မရပါဘူးဆို၊ သူနဲ့ပဲ လာလာတိုးနေတယ်။
"ကြက်တောင်သွားရိုက်ရအောင်"
"ဟာ မရိုက်ချင်ပါဘူး။ ဝါသနာလည်း မပါဘူး"
ကိုနေလင်းက ကျွန်တော့်ကို သနားစရာလေးဆိုတဲ့အကြည့်မျိုးနဲ့ ခြေဆုံးခေါင်းဆုံးကြည့်တယ်။ ပြီးတော့...
"မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး။ ဒီကိုရောက်တာ ဘယ်နှစ်ရက်မှမကြာသေးဘူး ဗိုက်ကထွက်ချင်ချင်ဖြစ်နေပြီ။ ဒီပုံစံအတိုင်းသာ ဆက်သွားလို့ကတော့ သေချာတယ် နောက်ဆို ကိုသူရစိုးက မင်းကို ချီနိုင်မှာမဟုတ်တော့ဘူး။ အဲ့တော့ လေ့ကျင့်ခန်းလေးဘာလေးလုပ် ဟိတ်ကောင်။ ငါက စေတနာနဲ့ ခေါ်နေတာကို"
ကိုနေလင်းရဲ့အပြောကြောင့် ကျွန်တော် ကိုယ့်ဗိုက်ကိုကိုယ် ပြန်ငုံ့ကြည့်လိုက်မိတယ်။ ဒါပေမဲ့ သူပြောသလောက်ကြီးလည်း မပူသေးပါဘူး။ အဲ့ဒါနဲ့ ကျွန်တော် ငြင်းမလို့ပြင်လိုက်တုန်းမှာပဲ သူ့ဆီကနေ စကားသံထပ်ထွက်လာတယ်။