"ဟိတ်! သီဟနိုင်၊ ဒီနေ့အားတယ်မလား"
ခြံထဲမှာ အပင်တွေရေဖျန်းနေတုန်း ဟိုဘက်အုတ်တံတိုင်းကနေ ခေါင်းထွက်လို့ နှုတ်ဆက်လာပြန်တဲ့ ကိုနေလင်းကြောင့် ကျွန်တော်လန့်သွားရတယ်။
"ဟာ ကိုနေလင်း ခင်ဗျားကို အဲ့ဘက်ကနေ ဒီလိုရုတ်တရက်မခေါ်ဖို့ ကျွန်တော် ပြောမထားဘူးလား"
"မင်းတို့အိမ်ဘက်လာရမှာ ဝေးလို့ကွ။ မင်း ဒီနေ့အားတယ်မလား။ ငါတို့ စကိတ်သွားစီးရအောင်"
"ဟာ မစီးချင်ပါဘူး"
"မစီးချင်လည်း အဖော်လိုက်ခဲ့ပေး။ အဲ့ကအကိုကြီးတွေက အလန်းကြီးတွေကွ"
"ခင်ဗျားဗျာ ပြီးရင် ဘာမှလည်းဟုတ်တာမဟုတ်ဘဲနဲ့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် နာမည်အပျက်ခံပြီး ချဥ်ကောင်ဖြစ်အောင် လုပ်နေရတာတုန်း"
ကျွန်တော်ပြန်ပြောလိုက်တော့ ပြုံးစစဖြစ်နေတဲ့ ကိုနေလင်းရဲ့မျက်နှာက တည်သွားတယ်။ ပြီးတော့ "ကိုဝဏ္ဏလာသွားတာလား"တဲ့ ကျွန်တော့်ကို ပြန်ပြီးတော့မေးတာကြောင့် ကျွန်တော်က ခေါင်းညိတ်ပြလိုက်တယ်။
"သြော်..."
ကိုနေလင်းက သြော်ဟုဆိုကာ ဘာမှဆက်ပြောမလာတော့။ အဲ့ဒါနဲ့ ကျွန်တော်ကပဲ ဆက်ပြီး
"အကိုဝဏ္ဏကြီး သနားပါတယ်ဗျာ။ ခင်ဗျား ဘာလို့ သူ့ကိုဖြတ်ရတာတုန်း။ တကယ်ဆိုရင် သူမှားခဲ့တာမရှိဘူးလေ"
တကယ်ပါ။ ကျွန်တော် အကိုဝဏ္ဏကို တကယ်သနားတာ။ သူ့ခများ ကိုနေလင်းကို ဘယ်လောက်ချစ်လဲဆိုရင် ကိုနေလင်းက ယောက်ျားတကာနဲ့ အတူအိပ်ခဲ့တယ်ဆိုတာကိုတောင် ဂရုမစိုက်ခဲ့ဘူး။ ဟိုတစ်ခါ အိမ်လာတုန်းကလည်း ကိုနေလင်းက သူ့ကိုဖြတ်လို့တဲ့ ငိုတောင်ငိုတာ။
"အဲ့ဒါက..."
ဒီတစ်ခါလည်း ကိုနေလင်းက ဘာမှ ဆက်မပြောပြန်ဘူး။ ဒါပေမဲ့ သူတစ်ခုခုဖြစ်နေတာ သေချာတယ်။ ခါတိုင်း သူ့ပုံစံက ဒီလိုမှမဟုတ်ပဲလေ။
"ဘာလို့လဲ"
ကိုနေလင်းကို သေချာကြည့်ပြီး ကျွန်တော်ဆက်မေးလိုက်တယ်။ ကျွန်တော် စိတ်ထင်လို့ပဲလားတော့မသိဘူး၊ ကိုနေလင်းရဲ့မျက်နှာက ရဲနေသလိုလို။