ဆိုင်ကယ်စီးလာတဲ့ တစ်လျှောက်လုံး သီဟနိုင်က ကျွန်တော့်ကို စကားမပြောပါ။ အိမ်ရောက်တော့လည်း ကျွန်တော့်ကို အဖက်မလုပ်။ ရောက်တာနဲ့ အခန်းထဲကို တန်းပြီး ဝင်သွားတာကြောင့် ကျွန်တော်က အနောက်ကနေ လိုက်ဝင်လိုက်ရတယ်။
အခန်းထဲရောက်တော့ သီဟနိုင်က အဝတ်ဗီရိုရဲ့ အံဆွဲကိုဖွင့်ပြီး ဘာရှာနေတာလဲ မသိဘူး။ ဟိုဟိုဒီဒီ မွှေနှောက်နေတယ်။ နောက်တော့ သူ့လက်ထဲမှာ ဘဏ်စာအုပ် ပါလာတယ်။
ဘဏ်စာအုပ် ?
"ကလေးလေး ဘဏ်စာအုပ်က ဘာလုပ်ဖို့လဲ"
ကျွန်တော် မေးလိုက်ပေမယ့် သီဟနိုင်က ကျွန်တော့်ကို အဖက်မလုပ်။ ဘဏ်စာအုပ်ကိုပဲ ဖွင့်ပြီး ပိုက်ဆံတွေကို ရေတွက်နေတာကြောင့် ကျွန်တော် နည်းနည်းတော့ နေမထိထိုင်မသာတွေ ဖြစ်နေမိပြီ။
'မောင်သူရစိုးက နှိပ်စက်ရင် ဒီပိုက်ဆံတွေကို လမ်းစရိတ်လုပ်ပြီး ပြန်ခဲ့'ဆိုတဲ့ သူ့အမေရဲ့ အမှာစကားလည်း ရှိနေသေးတယ်မလား။
"အကိုသူရ ကျွန်တော်တို့ နှစ်ခါလောက် လုပ်ကြရအောင်လား"
"ဟမ်!!."
သူ အခု ဘာပြောလိုက်တာလဲ။ မဟုတ်မှ ကျွန်တော်များ နားကြားမှားမိတာလား။
"အင်း။ ငါးဆယ်ပြည့်ဖို့ နှစ်သိန်းလောက် လိုနေလို့"
"ငါးဆယ်။ ဘာလုပ်ဖို့လဲ"
"ခင်ဗျား ခြံဝယ်ဖို့ ငွေချေရဦးမှာမလား။ အဲ့ခြံက ကျွန်တော်ရော နေမှာဆိုတော့ ပိုက်ဆံစိုက်မလို့"
"ဟာ မလိုပါဘူး ကလေးရဲ့။ ကလေးပိုက်ဆံတွေကို ကလေးဘာကလေး မုန့်စားဖို့သိမ်းထား ဟုတ်ပြီလား"
ကျွန်တော်ပြောတော့ သီဟနိုင်က အလိုမကျသလို မျက်မှောင်ကြုတ်တယ်။
"ရတယ်။ ကျွန်တော် စိုက်မှာ။ ကျွန်တော်က ငါးဆယ်စိုက်မှာမို့ ခင်ဗျားက လိုတာလေး နည်းနည်းဖြည့်လိုက်"
"....."
ကျွန်တော် ဆွံ့အ,စွာနဲ့ ဘာမှ ပြန်ပြီး မပြောနိုင်တော့။
"ဘာလဲ? မြေစျေးက ငါးဆယ် မပေးရဘူးလား။ အဲ့ဒါဆိုလည်း ခင်ဗျားမပေးနဲ့တော့ ကျွန်တော်ပဲ ပေးလိုက်တော့မယ်။ ပြီးရင်တော့ အဲ့မြေကို ကျွန်တော့်နာမည်နဲ့ စာချုပ်ပေး"