ကားပေါ်မှာ စကားတပြောပြောနဲ့ လိုက်လာလိုက်တာ နောက်ဆုံးတော့ မကွေးကိုရောက်လာခဲ့ပြီ။ ကျွန်တော်အာရုံလွှဲတာ ကောင်းတယ်လို့ပြောရမယ်ထင်တယ်။ အခုမကွေးကိုရောက်တော့ သီဟတစ်ယောက် မအန်တော့ဘူး။ ခေါင်းလည်း နည်းနည်းပဲမူးတော့တယ်တဲ့။ တော်ပါသေးတယ်။ နို့မို့ဆို ကျွန်တော်စိတ်ဆင်းရဲနေရမှာ။
"ကလေး ဘာစားအုံးမလဲ"
"ခင်ဗျားစားချင်စားလေ။ ကျွန်တော်က မြေပဲပြုတ်တွေနဲ့တင် ဗိုက်ပြည့်နေပြီ"
"ဒါဆို ဟိုထောင့်ကဆိုင်မှာ ခဏဝင်ထိုင်ရအောင်။ ကိုယ် ဗိုက်နည်းနည်းဖြည့်ချင်လို့"
"အင်း ရတယ်။ ထိုင်လေ"
ဆိုင်ရောက်တော့ ကျွန်တော့်အတွက် ဆီချက်ခေါက်ဆွဲတစ်ပွဲနဲ့ ကျဆိမ့်တစ်ခွက်မှာလိုက်ပြီး သီဟအတွက်တော့ မန်ကျည်းအချိုရည်တစ်ဗူး မှာပေးလိုက်တယ်။
"ကိုယ့်အဒေါ်တို့အိမ်က ဒီနားလေးမှာပဲကလေး။ ဆယ်မိနစ်လောက် လမ်းလျှောက်ရင်ရောက်ပြီ။ ကလေး ဆက်ပြီးလျှောက်နိုင်သေးလား။ ဒါမှမဟုတ် ကယ်ရီတွေဘာတွေခေါ်လိုက်ရမလား"
"ရတယ် ရတယ်။ မခေါ်နဲ့။ ကျွန်တော်လမ်းလျှောက်နိုင်တယ်"
"အင်း အင်း ကလေး။ မလျှောက်နိုင်ရင်ပြောနော်"
"အင်း"
စားလို့သောက်လို့ပြီး ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးတော့ အဒေါ်တို့အိမ်ကိုရောက်တယ်။ အိမ်ထဲရောက်တော့ အဒေါ်က ဖော်ဖော်ရွေရွေနှုတ်ဆက်တယ်။ ဆောင်တွေ၊ ခြင်ထောင်တွေထုတ်ပေးတယ်။ ကျွန်တော်တို့လည်း တစ်လမ်းလုံးကောင်းကောင်းမအိပ်ရသေးတာမို့ မျက်နှာသစ်၊သွားတိုက်ပြီး အိပ်ရာဝင်လိုက်ကြတယ်။
နောက်နေ့ရောက်တော့ ကျွန်တော်တို့နှစ်ယောက်စလုံး နေ့လယ်(၁၁)နာရီထိုးမှ အိပ်ရာထဖြစ်ကြတယ်။ ဒါတောင် အဒေါ်က လာနှိုးလို့။ နို့မို့ဆို ဘယ်အချိန်ထိအိပ်မိမလဲမပြောတတ်ဘူး။
နေ့လယ်စာစားပြီးတော့ အဒေါ်နဲ့ မြေကိစ္စအကြောင်း စပြီး စကားပြောဖြစ်ကြတယ်။ မြေတွေကို အပြီးရောင်းမယ့်ကိစ္စကို အဒေါ်က သဘောမကျဘူး။ ဘိုးဘွားပိုင်မြေဖြစ်တာမို့ မရောင်းစေချင်ဘူးလို့ အဒေါ်ကပြောတယ်။