ကျွန်တော့်ဘဝမှာ အမှားပြင်ဆင်ခွင့်ဆိုပြီး တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် အခွင့်အရေးရရှိခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲလို့ ကျွန်တော် အကြိမ်ကြိမ်တွေးခဲ့ဖူးတယ်။ အထူးသဖြင့် ကျွန်တော့်ဘေးမှာ သီဟနိုင်ရှိနေတဲ့ အချိန်တွေမှာပေါ့။ တကယ်လို့ အဲ့လိုသာ ပြင်ဆင်ခွင့်ရခဲ့ရင် ကျွန်တော် ဟိုးအတိတ်ကို ပြန်သွားပြီး နေလင်းနဲ့မအိပ်မိအောင် ဆင်ခြင်မယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် အနာဂတ်မှာ ကျွန်တော့်ကလေးလေးကို မျက်နှာမငယ်စေရဘူး။
ကျွန်တော် အမှန်တိုင်းဝန်ခံရရင် ကျွန်တော့်ကလေးလေးကို ကျွန်တော် အရမ်းချစ်တယ်။ သူ့နာမည်လေးရေရွတ်လိုက်တာနဲ့ ရင်ခုန်သံတွေမြန်လာတဲ့အထိကို ချစ်တာ။ သူ့ကို ကျွန်တော့်အနားမှာတွေ့လိုက်ရတိုင်း ကျွန်တော်ပျော်တယ်။ အတိုင်မသိကိုပျော်တာ။ အဲ့တော့ ကျွန်တော့်အနေနဲ့ သူ့ကို အကောင်းဆုံးဆိုတာတွေကိုပဲ ပေးချင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း သူ့အတွက်အရေးကြီးဆုံးဖြစ်တဲ့ ကျွန်တော်ဆိုတဲ့ သူရစိုးကတော့ အကောင်းဆုံးဖြစ်မနေခဲ့ဘူး။
သူ့အတွက် ကျွန်တော်ဟာ ပထမဆုံးဆိုပေမဲ့ ကျွန်တော့်အတွက်ကျတော့ သူဟာ ပထမဆုံးဖြစ်မနေခဲ့ဘူး။ ဒီအကြောင်းကိုတွေးလိုက်တိုင်း သူဘယ်လောက်တောင် ခံစားနေရမလဲ။ ကျွန်တော့်ရဲ့ ပထမဆုံးဖြစ်တဲ့ နေလင်းဆိုတဲ့ကောင်ကိုတွေ့တိုင်း သူ ဘယ်လောက်တောင် နာကျင်နေလိုက်မလဲ။ အဲ့ကိစ္စကိုတွေးမိတိုင်း ကျွန်တော့်မှာ ရင်နာရတယ်။
အခုနောက်ပိုင်း ကျွန်တော် တဖြည်းဖြည်း နားလည်လာတာက လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ကိုယ်အနေနဲ့ ချစ်ခင်တွယ်တာရမဲ့လူ မရှိသေးဘူးဘဲဆိုဆို ကိုယ့်ကိုယ်ကိုယ်တော့ ဘယ်တော့မှ ပစ်စလက်ခတ်မနေသင့်ဘူးဆိုတာပဲ။ အဲ့လိုနေတာဟာ လတ်တလောတော့ အဆင်ပြေကောင်းပြေနေပေမဲ့ နောင် ကိုယ်အရမ်းချစ်ရတဲ့လူ ရှိလာတဲ့အခါမှာ ဘယ်လိုမှပြင်ဆင်လို့မရတဲ့ အမှားတစ်ခုဖြစ်လာရတယ်။ အဲ့ဒါကြောင့် လတ်တလောမှာ ကိုယ်ဘယ်လိုမျိုးပဲနေနေ ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုပေမဲ့ နောင်တစ်ချိန်မှာ ကိုယ့်ဘဝထဲဝင်လာမယ့် လူတစ်ယောက်အတွက် အခုကတည်းက ကြိုတင်ပြီး ဆင်ခြင်သင့်တယ်လို့ ကျွန်တော်ကထင်တယ်။ အဲ့လိုလုပ်တာဟာ ကိုယ့်ရဲ့ အနာဂတ်ကြင်သူအတွက် အလေးထားခြင်းတစ်မျိုးပဲ။
