7

9.4K 1.2K 57
                                    

အပိုင်း - ၇ -

ရှောင်းကျန့် ရေချိုးခန်းထဲကထွက်လာချိန်မှာတော့ ဝမ်ရိပေါ်က အရင်လိုသေနတ်နဲ့ဆော့နေတာမျိုးမရှိဘူး၊ ဒါကတော့ တကယ်ကို ထူးထူးခြားခြားပါပဲ။

အပြင်ကဝင်လာတဲ့နေရောင်ကြောင့် ကြမ်းပြင်မှာပြန့်ကျဲနေတဲ့ဖန်စတွေက ပြိုးပြိုးပြက်ပြက်လက်နေတယ်၊ ဝမ်ရိပေါ်က ဆောင့်ကြောင့်လေးထိုင်ကာဒူးပေါ်မှာမေးစေ့တင်ပြီး ကြမ်းပေါ်ကဖန်စတွေကို တစ်ခုချင်းစီ တိတ်တဆိတ်လိုက်ကောက်နေတယ်၊ ရှောင်းကျန့်ဆီကအသံကြားတော့ စက္ကန့်အနည်းငယ်လောက် အနောက်ကိုလှည့်ကြည့်လာတယ်၊ ပြီးတာနဲ့ သူ့ကိစ္စသူပြန်လုပ်နေတယ်။

ဝမ်ရိပေါ်ရဲ့မျက်နှာက အမြဲတမ်းဒီလိုပဲအပြုံးအရယ်မရှိလေ၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းအတွက် သူ့မှာဖော်ပြစရာအမူအယာမရှိတဲ့အတိုင်းပဲ၊ ဒါပေမဲ့အခုလို လက်လေးတစ်ဖက်နဲ့ ခြေထောက်ကိုပိုက်ပြီး ထိုင်နေတဲ့ပုံမျိုးကျတော့ ဝမ်းနည်းစရာတစ်ခုခုရှိနေတဲ့ပုံကျနေတာပဲ၊ မသိရင် သူပဲမတရားခံထားရသလိုမျိုး၊ အမှန်က စိတ်ဝင်စားစရာအသစ်ရှာတွေ့သွားလို့ပါ။

ရှောင်းကျန့် မခြောက်သေးတဲ့ဆံပင်တွေကိုတစ်ချက်ခါလိုက်ပြီး ဝမ်ရိပေါ်ဆီကအကြည့်လွှဲကာ အဝတ်လဲအခန်းထဲဝင်လာလိုက်တယ်၊ ဝမ်ရိပေါ်က ငယ်ငယ်ကတည်းက ကိုယ့်ဟာကိုယ်အသက်ရှင်အောင် ဘယ်လိုလုပ်သင့်လဲဆိုတာပဲသင်ယူခဲ့တာ၊ ရှောင်းကျန့်ဆီရောက်လာတော့လည်း ရှောင်းကျန့်က ဘာမှမသင်ပေးခဲ့ဘူး၊ အသက်ရှင်ဖို့တစ်ခုတည်းခေါင်းထဲရှိတဲ့လူက ကောက်ကျစ်တဲ့ပညာတတ်တွေထက်တော့ သန့်စင်တယ်လေ၊ ဘဝနေနည်းတွေမသိသေးတဲ့ကောင်လေးကို ရှောင်းကျန့်ပြောခဲ့တာကစကားတစ်ခွန်းပဲ။

"ငါ့ကိုကာကွယ်ပေး..ဒါမှမင်းလည်းအသက်ရှင်နိုင်မယ်"

ဝမ်ရိပေါ်က လုပ်စရာမရှိပဲအားနေတဲ့အချိန်ဆိုရင် သူစိတ်ဝင်စားတဲ့တစ်ခုခုကို စူးစမ်းနေလိမ့်မယ်၊ လောကကြီးကို အခုမှလေ့လာခွင့်ရတဲ့ကလေးတစ်ယောက်လိုပေါ့၊ ဒါပေမဲ့ ကလေးလို လွတ်လွတ်လပ်လပ် ရယ်မောနေတာမျိုးတော့ ရှိမှာမဟုတ်ဘူး၊ ခြံထဲမှာဆင်းပြီး လေနုအေးကတိုက်ယူသွားတဲ့သစ်ရွက်တွေကို လိုက်ကြည့်နေတဲ့အချိန်မျိုး ရှိသလို၊ ဝါးရေပန်းလှုပ်ရှားနေတာကို အချိန်အတော်ကြာအောင် ရပ်ကြည့်နေတာမျိုးလည်းရှိတယ်၊ လမ်းပျောက်နေတဲ့ကြောင်တွေခြံထဲဝင်လာရင်တော့ အနားသွားပြီးတိတ်တဆိတ်ထိုင်နေတတ်တယ်၊ ဒါကလည်း သူ့ဘက်က နှုတ်ဆက်တဲ့နည်းလမ်းတစ်မျိုးပဲဖြစ်မှာ။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now