နိဂုံး

1.8K 109 3
                                    

နိဂုံး

ဒိုင်ယာရီ စာအုပ်လေးတစ်အုပ်ကို ဖတ်နေသော အဖိုးအို၏ မျက်မှန်မှာ မျက်ရည်များဖြင့် ငွေ့ရည်ဖွဲ့လာ၏။ နှစ်ပေါင်း ၇၀ကျော် ကြာခဲ့လေပြီ ။ စာလုံးလှလှလေးများက နာကျင်စရာ အတိတ်သို့ မကြာခဏ ခေါ်ဆောင်သွားတတ်သည်။ အတိတ်သို့ ပြန်ရောက်သွားတိုင်း ပိုပြီး နာကျင်စရာကောင်းသည်က ပြန်လည် ပြုပြင်၍ မရတော့ခြင်းပင် ။ နောင်တတရားများကို တစ်သက်လုံး ပိုက်ကာ ရှင်သန်နေခဲ့ခြင်းဖြင့် သူချစ်ရသော ထိုမိန်းကလေးနှစ်ယောက်အပေါ် တောင်းပန်ရာ ကျပေမည်။ မျက်မှန်ပြင်ကို အဝတ်ပါးပါးဖြင့် သုတ်လိုက်ပြီး ဖြစ်သော်လည်း အမြင်အာရုံက ခပ်ဝါးဝါးပင် ရှိနေခဲ့ပြီး ထို ဒိုင်ယာရီစာအုပ်၏ ပိုင်ရှင်နှင့် သူ၏ ညီမငယ်လေးတို့ ပုံရိပ်က ပြန်ပေါ်လာသည်။ မျက်လုံးကို မှိတ်ချလိုက်တော့ မျက်ရည်တစ်စက်က ထိုစာအုပ်၏ နောက်ဆုံးစာမျက်နှာပေါ် ပေါက်ခနဲကျလေ၏။

စာအုပ်၏ အဖုံးကို ပိတ်လိုက်တော့ သူ့နှလုံးနေရာက စူးအောင့်လာသည်။ သောက်ဆေးယူဖို့ အချိန်မှီသေးသော်လည်း လက်မလှမ်းဖြစ်တော့ပေ ။ နောင်တတရားပိုက်ကာ ရှင်သန်ခြင်းက အချိန်ကာလအားဖြင့် လုံလောက်ပေပြီ။

သေဆုံးပြီးနောက် တောင်းပန်ရမည့်သူ တစ်ဦးကိုလည်း တမလွန်မှာ သွားတွေ့ရပေအုံးမည်။ စူးအောင့်လာသော နှလုံးဟာ နောက်ဆုံးခုန်ပြီးနောက် ရပ်တန့်သွားသည့် အချိန်မှာပင် သူ့ခန္ဓာကိုယ်လေးဟာ ပေါ့ပါးသွားခဲ့၏ ။

ပေါ့ပါးသော စိတ်ဝိညာဥ်လေးက အကြာကြီး မျှောလွင့်နေခဲ့ပြီးနောက် ရပ်တန့်သွားသည့်အချိန်မှာ သူသည် အသက် ၁၆ နှစ်အရွယ်သို့ ပြန်ရောက်နေခဲ့သည်။ သူ့ရှေ့ ငိုကြွေးလျှက်ရှိသော ကောင်လေးတစ်ယောက်ကိုလည်း တွေ့၏။ ပွေ့ဖက်ပေးလိုက်ချင်သော်လည်း သူပါ အခြောက်ဟု အထင်ရခံမည်စိုးပြီး ပွေ့ဖက်ပေးလိုက်ဖို့ မဆိုထားဘိ။ သူကိုယ်တိုင်ပင် စကားလုံးများဖြင့် ဝင်ရောက် နှိပ်စက်ဖြစ်ခဲ့သော သူရဲဘောကြောင်လွန်းလှသည့် သူ၏ ၁၆ နှစ်အရွယ် ။

“ငါတောင်းပန်ပါတယ် ၊ ပြီးတော့ ငါ နောင်တရနေခဲ့တယ်”

သူ့ကြောင့် နှစ်ပေါင်း ၇၀ မကျွတ်လွတ်နိုင်ခဲ့သော ထိုကောင်လေးက ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။ မကောင်းဆိုးဝါး ဝိညာဥ်ဘဝမှ အမှုန်အမွှားလေးအသွင်ပြောင်းကာ ပျောက်ကွယ်သွားခဲ့၏။ သူ၏ ထိုစကားတစ်ခွန်းအတွက်ပင် ထိုဝိညာဥ်က နှစ် ၇၀ကျော်ကြာသည်အထိ စောင့်ဆိုင်းနေခဲ့သလိုပင်။ ဟိုးအစောကြီးကတည်းက ဒီစကားလေးတစ်ခွန်းကို သူပြောခဲ့သင့်သည်။ အတိတ်ကို ပြင်မရလျှင်သော်မျှ ထို ဝိညာဥ်လေးကိုတော့ လွတ်မြောက်စေနိုင်ခဲ့ပါလိမ့်မည်။

အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်

ယုဂျယ်.

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Onde histórias criam vida. Descubra agora