၁ ( Zaw_ Uni)

15.4K 714 42
                                    

Unicode

အိမ်ကြီး၏ အ​နေအထားကို ကြည့်​နေရင်းနှင့်ပင် တော်တော် စိတ်​တိုင်းကျမိသည်​။ ပတ်​ဝန်းကျင်​အ​နေအထားအရဆိုလျှင်လည်း အနီးအနားတဝိုက် မည်သည့်အိမ်​တစ်လုံးတလေလေးသော်မျှ ရှိမနေပဲ သီးသန့်​တည်ရှိနေသည့်ပြင် ခြံဝင်းကလည်း ကျယ်​ပြီး သစ်​ပင်​ကြီး​များက အုပ်ဆိုင်းဆိုင်းဖြင့် အိမ်တစ်လုံး ဆိုသည်ထက် သစ်တောအုပ် အသေးစားလေးနှင့်ပင် တူနေသေးတော့ ။


နတ်သမီးပုံပြင်တွေထဲကလို အ​ရောင်စုံသည့် ပန်းခင်းတွေတော့မရှိပါ ။ တောအုပ်​ငယ်​လေး၏ အဆုံးမှာတော့ သာမာန်​လူတစ်​ယောက်​အတွက်​ ခြောက်​ခြားဖွယ်အတိ ဖြစ်နေလောက်မည့် နှစ်ထပ်အိမ်ကြီးကို ဒီပါက​တော့ အတော်လေးသ​ဘောကျ​မိ၏။

ဒီပါ့ အ​မေဘက်​ကအဘိုး ဆုံး​သွားတော့ ချန်​ထားခဲ့သည့် အ​မွေ​တွေ အများကြီးထဲကမှ မည်သူမျှ စိတ်ဝင်တစား မရှိလှသည့် ဒီအိမ်​ကို​ရွေးချယ်လိုက်​တာ ဒီပါ့အတွက် မှန်ကန်သော ရွေးချယ်မှုတစ်ခုပင် ။

ဒီထက်အရင် ဒီပါ နေခဲ့သည့် အိမ်​ကြီးမှာဆို အဘိုး ကလွဲပြီး သူမနှင့် ရင်းနှီးပတ်​သက်​တာ မည်သူမျှ မရှိတာမို့ အသက်​၁၈ နှစ်​သာ ရှိ​နေသေးသော သူမတစ်​ယောက်​တည်း ဒီအိမ်ကြီးမှာ လာ​နေမှာကိုလည်း ကန့်​ကွက်​ကြတာမျိုး မရှိခဲ့ ။ ထိုအိမ်ကြီးက လူတွေအတွက်တော့ ဒါဟာ လူပိုတစ်​ယောက်​လျော့သွားတယ်​ဆိုတာမျိုး​လောက်​သာ သတိထားမိကြမှာ ဖြစ်​လေသည်​။ လူတွေကြားထဲ မရှိသည့်လူတစ်ယောက်လို နေထိုင်ရသည်ထက် တစ်ယောက်တည်းနေရသည်ကပင် သာ၍ကောင်းသေးသည်ဟုတွေးထားသော ဒီပါ့အတွက် ထိုအိမ်ကြီးက ကောင်းမွန်သည်ဆိုတာထက်ပင် ပိုနေသေး၏ ။

နှစ်တွေအကြာကြီး လူမ​နေပဲ ပစ်​ထားသည့် အိမ်​ကြီးမို့ ပထမဆုံး အိမ်တံခါးက်ု ဖွင့်​လိုက်​သည့်အချိန်​မှာ ဖုန်​အလုံးလိုက်​ကြီးက ဒီပါ့ကို ခရီးဦး ကြိုဆို​လိုက်သည်။

"အား .. ဒီ​နေ့​တော့ အလုပ်​ရှုပ်​တော့မှာပဲ "

အလုပ်ရှုပ်မည့်အကြောင်းကိုပင် တက်ကြွစွာငြီးငြူလိုက်ပြီးနောက် ကျွန်းလှေကား​ထစ်ပေါင်းများစွာကို ဖြတ်​တက်​ခဲ့ပြီး အိမ်အ​ပေါ်​သို့ရောက်​လာသည့် အခိုက်မှာ
ဒီပါကိုယ်​တိုင်​ပင်​အံ့ဩသွားရသည်​။ ကိုယ်တိုင် မြင်ရတာမျိုး မဟုတ်ပါက ယုံကြည်နိုင်မည် မဟုတ်ပေ ။ အိမ်အောက်ထပ်တွက် ဒီပါ့အား နှုတ်ဆက်ခဲ့သည့် ဖုန်​အလုံးလိုက်​ကြီး​များနှင့် ယှဥ်သော် ဒီမှာ ဖုန်​နံ့​လေးတောင်​မရပဲ ခြားနားလွန်းစွာ သပ်ရပ်သန့်ရှင်းလွန်းနေသည် မဟုတ်ပါလား ။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now