၁၈

2.4K 318 11
                                    

Unicode

အရာအားလုံးဟာ စီစဥ်ထားသကဲ့သို့ပင် ဖြစ်လာခဲ့သော်လည်း တစ်ခုခုက မှားယွင်းသလို ဖြစ်နေဆဲပင် ။

"ငယ်​. မမ မမှားဘူးမှလား "

ငယ့်​ကိုကိုနှင့် လက်​ထပ်​ဖို့ သ​ဘောတူပြီးသည့်နောက် မမ က ငယ့်​ရင်​ခွင်​သေး​သေး​လေးထဲမှာ တွယ်​ကျလာပြီး ငိုမလို မျက်​နှာလေးဖြင့် မေးလာ၏ ။ ငယ့်ထံ၌လည်း အဖြေဟာ ရှိမနေခဲ့ပါ ။ ငယ်ကိုယ်တိုင်ပင်လျှင် ထိုအရာဟာ မှားယွင်းနေသည်ဟု ခံစားရခြင်း ။

"မမ က ကိုကြီးကို ချစ်​လို့ လက်​ခံလိုက်​တာလားဟင် "

"ဟင့်​အင်း .. မ​သေချာဘူး
အကို့ကို မမ လေးစားတယ် ၊ အားကိုးနိုင်တဲ့ ယောကျ်ားတစ်ယောက်ဖြစ်တယ် အဲ့ဒီအချက်တွေကြောင့် လက်ခံလိုက်တယ်လို့လည်း ဆိုနိုင်ပေမယ့် တကယ်တမ်းကျ .. ငယ့်ကြောင့်ပါပဲ မေမေက ပြောတယ် မမဟာ ငယ့်ကိုကြီး မဟုတ်ရင်လည်း တစ်နေ့နေ့မှာ ကျိန်းသေပေါက် တခြား အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ပြီး အဲ့ဒီအိမ်ကို လိုက်သွားရမှာပဲတဲ့ ။ ငယ်မရှိတဲ့အရပ်ကိုတော့ မမ လိုက်မသွားချင်ဘူး ၊ လိုက်မသွားနိုင်ဘူး ငယ်ရယ် .. အဲ့ဒါကြောင့် .. အဲ့ဒါကြောင့် .. "

ပြောစရာစကားပင်မရှိ ငယ်က တိတ်​ဆိတ်​သွား​တော့ မမ မျက်​နှာ​လေးက ပိုပြီး ငိုမဲ့မဲ့ ဖြစ်​လာသည်​။

"မမ မှားသွားပြီလားဟင်​.. ငယ်​"

အဖြေမရှိသည်ကို သိလျှက်နှင့် မမဟာ ဘာလို့ ခဏခဏမေးရပါသလဲ ။ မှားသည် မှန်သည်ဆိုတာထက် ငယ့်ဆီက ထောက်ခံချက်တစ်ခုခုကို ရယူလိုခြင်းဖြစ်မည် ။

"ဟင့်​အင်း မမ မမှားပါဘူး . "

ငိုမဲ့မဲ့ မျက်နှာလေးဟာ ပြုံးရွှင်လာ၏။ ငယ်သည်ပင် နာကျင်နေရသည့်ကြားမှ အားယူပြီး ပြုံးလိုက်မိသည် ။ ငယ့်ထံ၌ မနာကျင်ရသည့် တခြား အဖြေတစ်ခုခု ရှိနေခဲ့ဖို့ကောင်း၏ ။

"ငယ်​လေးရေ .
ငယ်လေးရဲ့ မမ က ကိုကြီးနဲ့ လက်​ထပ်​ဖို့ သ​ဘောတူလိုက်​ပြီ သိလား ငယ်​လေးမ​ပျော်​ဘူးလား .. ငယ့်မမကို မရီးတော်ရတော့မှာ"

တိတ်​တဆိတ်​ အကြာကြီး ငိုရှိုက်​နေခဲ့အပြီးမှာ
ပင်​ပန်းပြီး အားမရှိ ဖြစ်​လာတာမို့ ငယ့်အခန်းလေးထဲ အနားယူ​နေဆဲမှာပင် ငယ့်ကိုကြီးက ငယ်​ကြိုသိပြီးသား သတင်းစကားကို ဝမ်းသာအားရ ယူဆောင်လာ၏ ။ ထပ်မံပြီး အားယူ ပြုံးပြလိုက်​ပေမဲ့ ငယ့်အပြုံး​တွေဟာ မပီပြင်​နိုင်ကြောင်း မှန်တစ်ချပ်မရှိသော်ငြား ကိုယ်တိုင်သိနိုင်ပါ၏။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now