Unicode
တံခါးချပ်၏ တစ်ဘက်ခြမ်းမှာ ရှိနေသည့်အရာက မြင်မိသူတိုင်း ရှောင်လွှဲသွားချင်စရာကောင်းနေသည့် လူသေထည့်သည့် ခေါင်းတလားကြီး နှစ်လုံးပင် ။
ခေါင်းတလားတွေက ထိုမျှလောက်ကြောက်စရာကောင်းသည်ဟု ဒီပါ တစ်ခါမှ မထင်ခဲ့ပေ။ မကြာခဏ မြင်ဖူးနေကျဖြစ်ပြီး ဒီပါ့ အဘိုးဆုံးတုန်းကဆို အနားမှာ ညအိပ်တောင် စောင့်ခဲ့ဖူး၏ ။
အခုအချိန်မှာ ဒီပါမြင်နေရသည့် ခေါင်းတလားတွေဟာ ဟိုအရင် ဒီပါ ကြုံကြိုက်လို့ မြင်ဖူးခဲ့သည့် ခေါင်းတလားများနှင့်မတူ ။
အရောင်မှာ မဟူရာရောင်တောက်နေသည် ။ ပန်းပုံ ကနုတ်တွေနှင့်ပင် လှလှပပ ပုံဖော်ထားသေး၏ ။ သို့သော် ခေါင်းတလားနှစ်ခုဟာ ယှဉ်ရက်ရှိနေပြီး ပြောင်လက်နေတာကြောင့်ပင် သွေးပျက်စရာကောင်းလှ၏ ။ဒီပါ့ခြေတစ်လှမ်းပင် နောက်ပြန်ဆုတ်မိသွား၏။ သို့သော် ရှေ့တိုးဖို့ရာ တွန်းအားပေးနေသည့် တစ်စုံတစ်ခုဟာ ရှိနေခဲ့ပြန်၏ ။
ငယ် ။
ဒီအချိန်မှာ ဒီပါ လှည့်ပြေးသွားလိုက်ပါက ငယ့်ကို ထပ်မတွေ့ရတော့တာမျိုးလည်း ဖြစ်နိုင်သည် ။ ထိုအရာထက် ငယ်ဟာ ခြောက်ခြားဖွယ် ထိုပန်းချီကားထဲက ဘယ်တော့မှ ထွက်မလာရတော့တာမျိုးလည်း ဖြစ်နိုင်ကြောင်း တွေးမိလိုက်သောအခါ အသက်ဝဝရှူပြီး ရှေ့ကိုခြေတစ်လှမ်း ထပ်တိုးလိုက်ပြန်သည်။ဝူး ... ဝူး .... ဝူး ....... .............
အပြင်မှာ မုန်တိုင်းကျနေသည့် အချိန်မှာပင် ဘာသံမှ မကြားရပဲ ဘယ်က မသိသည့် ဆွဲဆွဲငင်ငင်ခွေးအူသံကြီးကို ကြားလိုက်ရပြန်တာကြောင့် ခြေလှမ်းတွေက ကြောက်လန့်တကြားရပ်သွားမိပြန်သည်။ အေးစက်စက်အငွေ့အသက်တွေကြားမှာ ဇောချွေးများပင် ပျံလာ၏။
ဒီနေရာကနေပဲ နောက်ပြန်ဆုတ်လိုက်ရမလားဟု ကြောက်လန့်နေသော အသိစိတ်က တွေးမိသေးပေမဲ့ ပန်းချီကားထဲက တုန်လှုပ်ပြီး အားအင်မဲ့နေသည့် ငယ့်ပုံရိပ်လေးက အာရုံထဲ ထပ်ပြီးပေါ်လာနေပြန်သည်။
YOU ARE READING
Paranormalလိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင် ကောင်းမယ် Fic Cover By @AL_LUKAR လိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင်ကောင်းမယ် Fic Cover By @AL_LUKAR