Unicode
ထိုကဲ့သို့ မထင်ရသော ပုံစံလေးပဲ ဆိုပေမယ့် ဒီပါဟာ လွန်စွာမှ အကြောက်ကြီးတတ်သော ကောင်မလေးတစ်ယောက်ဖြစ်၏ ။ သဘာဝလွန် ဖြစ်ရပ်တွေကို သဘောကျတတ်သူ ဖြစ်သော်လည်း သဘာဝအတိုင်း ဖြစ်နေသော မိုးစက်မိုးပေါက်များနှင့် လေကြမ်းတို့၏ ထိတွေ့ခြင်းကိုမူ အရာအားလုံးထက် ကြောက်၏။ ဒီပါ ငယ်ငယ်က မုန်တိုင်းကြားထဲ ခိုကိုးရာမဲ့ ဖြစ်ခဲ့ဖူးတာကြောင့် မိုးရွာသည့်အခါ ၊ လေကြမ်းတိုက်သည့်အခါတိုင်း အပြင်ဘက်မထွက်နိုင်သည်အထိ စိတ်ဒဏ်ရာ ရနေခဲ့သူဖြစ်၏။
သို့သော် အခု ဒီပါ ဘာတွေလုပ်နေမိပါသလဲ ။ မီးအိမ်တစ်ဖက်ကို လက်ကဆွဲကာ မိုးထဲလေထဲမှာ တစ်စုံတစ်ယောက်ကို ရှာဖွေနေရင်း အဲ့ဒီလူ ပျောက်ကွယ်သွားမှာကို စိတ်ဒဏ်ရာထက် ပိုကြောက်နေခဲ့မိပါသတဲ့ ။ ဘယ်အချိန်အတိုင်းအတာ ကာလတွေကတည်းက ငြိတွယ်မှုတွေမို့လို့ ဒီလောက်အချိန်တိုတိုလေးအတွင်းမှာ ငယ်ဟာ ဒီ လောက်ထိ ဒီပါ့အပေါ် လွှမ်းမိုးနိုင်သွားရသလဲ ။
"ငယ်"
ဝုန်း !!
" အမလေး "
ငယ့်နာမည်ကို အော်ခေါ်နေသည့် ဒီပါ့ အသံတွေက လေပြင်းတွေကြားထဲ ယိမ်းထိုးရိုက်ခတ်နေကြသည့် သစ်ပင်ကြီးများ၏ တဝုန်းဝုန်း အသံများကြား ပျောက်ကွယ်သွားရသည် ။ လေကြမ်းကလည်း ပြင်းထန်လွန်း၍ ဒီပါ့ ခန္ဓာကိုယ်လေးကို ပါမသွားအောင်ပင်
မနည်းထိန်းချုပ်နေရသဖြင့် ထင်သလောက် ခရီးမတွင် ။ ခပ်ကြီးကြီး မိုးစက်မိုးပေါက်များကလည်း ဒီပါ့ မျက်နှာလေးကို စပ်ဖျင်းဖျင်း ဖြစ်နေသည်အထိ သည်းထန်လွန်း၏။ဂျိန်း !
"အား . .. "
သိပ်ကြောက်တတ်တာတွေ၏ အလယ်ဗဟိုမှာ ဒီပါ့ ခန္ဓာကိုယ်လေးက ညွှတ်ခွေကျချင်လာသည်။ နားနှစ်ဖက်ကို တင်းတင်းပိတ်ထားရင်းက ငုတ်တုပ်ထိုင်ချမိပြန်၏ ။
"မဖြစ်သေးဘူး . . ငယ့်ကို ရှာရအုံးမယ်
ဒီနေ့ညက ငယ့်ကိုတွေ့ရဖို့နောက်ဆုံး အခွင့်အရေးဆိုရင် ဘယ်လိုလုပ်မလဲ .. မဖြစ်ဘူး .. မဖြစ်ဘူး "
VOCÊ ESTÁ LENDO
Paranormalလိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင် ကောင်းမယ် Fic Cover By @AL_LUKAR လိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင်ကောင်းမယ် Fic Cover By @AL_LUKAR