ၿပီးဆံုးသြားၿပီးသည့္ေနာက္( ပြီးဆုံးသွားပြီးသည့်နောက်)

5.1K 454 36
                                    

Unicode


ရောင်းရန် ရှိသည် ဟူသော ဆိုင်းဘုတ်လေးကို အိမ်တံခါးမှာ ချိတ်ပြီးနောက် နောက်ဆုံးအကြိမ် ပြန်လှည့်ကြည့်မိသည် ။ အမှတ်တရတွေ အများကြီး ကျန်ရှိနေသည့် အိမ်ကြီး ဆိုပေမဲ့ အများစုသော အမှတ်တရတွေက ပြန်လိုချင်စရာမကောင်းသည့် အမှတ်တရများသာ ဖြစ်သည် ။

ဆိုးဝါးလွန်းသည့် ထိုအမှတ်တရများထဲ ငယ်ကတော့ ခြွင်းချက်အနေဖြင့် မပါဝင်ခဲ့ပါ။

ပထမဆုံးအကြိမ် ပြတင်းပေါက်မှတဆင့် အဝါမှိုင်းမှိုင်းရောင် အမှုံအစလေးအဖြစ် ဝင်လာသည့် အချိန်ကစပြီး နောက်ဆုံးအချိန် အတောင်ပံများကို တဖျတ်ဖျတ်ခပ်ရင်း ဟိုးအဝေးကြီးသို့ ပျံတက် ထွက်ခွာလွှတ်မြောက်သွားသည့် လိပ်ပြာငယ်လေးအထိ အမှတ်တရတိုင်းကိုတော့ သိမ်းထားချင်မိသည် ။

ငယ် ငယ်ကတော့
ထိုအမှတ်တရတွေနှင့် မပတ်သက်မိတော့ဖို့ပဲ ကောင်း၏ ။ ခြံဝင်းကြီးထဲ မြူးထူးဆော့ကစားနေခဲ့သည့်အချိန်တွေ ၊ ဒီပါ သို့မဟုတ် မေ့ကို တမေ့တမော ငေးကြည့်ရင်း စိတ်ကူးထဲ ပျော်ရွှင်ရချိန်တွေ ဘယ်လိုအမှတ်တရမျိုးကိုပဲ ဖြစ်ထြစ် သတိမရတော့ဖို့အတွက် တမလွန်မှာ ငယ်ဟာ အတိတ်မေ့ဆေးရည်ကို သောက်ခဲ့လျှင်ကောင်းမည်ဟု တွေးမိ၏ ။

ဒီပါကတော့ အိမ်ကြီးကို မြင်နေသရွေ့ ဟိုးအရင် နှစ်ပေါင်း ၇၀ ကတည်းက ဒီအိမ်ကြီး မှာ ဖြစ်ပျက်ခဲ့ဖူးသည့် ရင်နာစရာ ဇာတ်လမ်းလေး တစ်ပုဒ်ရယ် ၊ လှောင်ပိတ်ခံ လိပ်ပြာငယ်လေး အကြောင်းရယ် ပြီးတော့ အစမပျိုးခင်မှာင် ဆုံးရှုံးနှင့်နေပြီးသား ဒီပါ့ အချစ်တွေရယ် ၊
ဒီပါ ကိုယ်တိုင် အေးစက်စက် အထိအတွေ့နှင့်
မှောင်မည်းနေသည့် ခေါင်းတလားကြီးထဲ ပိတ်မိပြီး မွန်းကြပ်နေသည့် ခံစားချက်တွေရယ်ဟာအမြဲတမ်း အသစ်ဖြစ်နေပြီး ထပ်ခါထပ်ခါ နာကျင်နေရမှာမို့ အဘိုး ဦးဒီပါ တောင်
သူ့မိန်းမနှင့် သူ့ညီမကို တစ်ပြိုင်နက် ဆုံးရှုံးခဲ့ရသည့် အိမ်ကို မရောင်းရက်ပဲ မေဒီပါခင် ဆိုသည့် သူမကို အမွေပေးခဲ့ပေမယ့် ဒီပါ တော့ ဆက်လက် ထိန်းသိမ်းမထားနိုင်တော့ပေ ။ 

ပိုင်ရှင် မျိုးဆက် ပြောင်းသွားသည့်အခါ
တခြားတခြားသော ပျော်ရွှင်ကြည်နူးဖွယ်
ဇာတ်လမ်းအသစ်တွေနှင့် ဒီအိမ်ကြီးဟာ သစ်လွင်လာဖို့ မျှော်လင့်မိ၏ ။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now