ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၅)
တလှစ်လှစ်နဲ့ အပြင်းမောင်းနှင်နေသော ကားလေးသည် မြို့အပြင်ဘက်နားရောက်လာလေ တဖြေးဖြေးနဲ့ အရှိန်က မြင့်သထက်မြင့်လာလေသည်။
ကားအမိုးကိုပါ ဖွင့်ပြီးမောင်းနေတာကြောင့်...
ခေါင်းပေါ်က ဆံပင်တွေက လေထဲမှာ တလွင့်လွင့်ဖြစ်နေသည်။ကားမောင်းနေသည့် သူကတော့ ဘယ်လိုနေလဲ မသိပေမယ့်.. အရှိန်ပြင်းပြင်းနဲ့ ခပ်ကြမ်းကြမ်း မောင်းနေတဲ့ ပြိုင်ကားကို ပထမဆုံးစီးဖူးသည့် ပန်ပန့်အတွက်တော့ လုံးဝအဆင်ပြေမနေပါဘူး။
စစ်ကိုင်းတံတားဘက်ကို ကားကဦးတည်သွားလေ အရှိန်ကပိုပိုပြီး မြင့်လာလေမို့... ပန်ပန့်မှာ ကြောက်စိတ်က ပိုသထက်ပိုလာတော့သည်။
" အရှိန်လျှော့ပြီး မောင်းပေး "
သူက ပန်ပန်ပြောတာကို မကြားသည့်အလား...
ကားကို အရှိန်ကိုမလျှော့ပဲ မောင်းပဲမောင်းနေတာကြောင့်... ပင့်သက်လေးရှိုက်ကာ..." ဟင်... ဘာဖြစ်လို့လဲ... "
အတွေးများ၍ ကားမောင်းနေတဲ့ မင်းဓနဇုန် သူ့လက်တစ်ဖက်ကို လာဆုပ်ကိုင်သည့် သူမကြောင့်... သူမဘက်ကို အကြည့်တစ်ချက်ပို့ပြီး မေးလိုက်တော့...
" အရှိန်လျှော့မောင်းပေး... "
" ဒါ ကိုယ်မောင်းနေကျ ပြိုင်ကားရဲ့အရှိန်နှုန်းတောင်မရှိသေးဘူး။မင်းပါလာလို့ မောင်းနေကျအရှိန်ထက် အများကြီးလျှော့ထားတယ် "
သူကသာ အရှိန်လျှော့တယ်လို့ ပြောနေတာ...
လူက လေထဲတောင် လွင့်ပါသွားတော့မလိုပဲ။" ပန်ပန် အဆင်မပြေဘူး။အရှိန်လျှော့ပေးပါ။လေကအေးတယ် "
ဆောင်းဝင်စ မန္တလေးရဲ့အအေးဓာတ်ရယ်...
ကားအမြန်မောင်းလို့ ဖြတ်တိုက်လာတဲ့ လေရယ်က... ခြေမျက်စိဖုံးသည့် လက်တစ်ကြိုးဂါဝန်ရှည်အပေါ်မှာ ဆွယ်တာအပါးလေးကိုသာ ထပ်ဝတ်ထားသည့် ပန်ပန့် ကို အအေးခန်းထဲပို့ထားသလိုပင်။မင်းဓနဇုန် သူမ က အဆင်မပြေဘူး ဟု ဆိုလာတာကြောင့် ကားကိုအရှိန်လျှော့ချလိုက်သည်။ပြီးနောက် လေက အေးတယ်ဆိုတာကြောင့် ကားအမိုးကိုပါ ပြန်ပိတ်လိုက်သည်။
