မာယာထောင်ချောက်

1.2K 47 0
                                    

မာယာထောင်ချောက် ( or ) ချစ်သော.....မိုး

Part - 3

သံမဏိ ဆိုင်တံခါးပိတ်ရန် ပြင်နေစဉ် မလှမ်းမကမ်း မှ အမှောင်ထဲ ထိုင်နေသည့် မိုး ကို မြင်လိုက်ရသဖြင့် အံ့သြမှင်တက်သွားမိသည်။ အမှောင်ရိပ်ထဲထိုင်နေတာမို့ သေချာမမြင်ရပေမယ့် မိုးဖြစ်နေ၍ သူ မမှတ်မိနိုင်စရာ အကြောင်းမရှိ။ ကမန်းကတန်း အနားသို့ ပြေးသွားရင်းမှ...

" မိုး....နင် ဒီမှာ ဘာလုပ်နေတာလဲ။ "

သူ့အသံကြားမှ မော့ကြည့်လာသည့် မျက်နှာလေးမှာ သွေးစတွေက ပေကျံနေသလို နဖူးတွင်လဲ ပေါက်ပြဲထားပုံရသည်။ ကိုယ်လေးက တဆတ်ဆတ်တုန်ယင်နေရင်း နှုတ်ခမ်းပါးလေးက မဲ့မဲ့သွားသည်မို့ မိုး အခြေအနေဟာ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်လာပုံရသည်။ ရင်ထဲထိတ်သွားရသလို မိုးကိုယ်လေးအား
သူ ဆွဲထူပစ်လိုက်ရင်း မိုးဂါဝန်အဖြူမှာ ပေကျံနေသည့် သွေးစတွေကြောင့် လူက ဟာခနဲ။

" မိုး.....မိုး နင် ဘာဖြစ်လာတာလဲ ။ ဉီးမင်းရာ နင့်ကို ဘာလုပ်လိုက်တာလဲ ရိုက်တာလား ဟုတ်လား။ "

မိုး တအင့်အင့်ငိုရှိုက်ရင်း ခေါင်းကို အဆက်မပြတ် ယမ်းခါ၏။ တုန်ရီနေသော အသံက သူမဘယ်လောက်ကြောက်နေမှန်း သိသာသည်။

" အဟင့်....အင့်.... သူ....အဲ့ အဲ့လူ သေ သေလောက်ပြီ ထင်တယ်။ "

" ဘာ !"

တုန်လှုပ်စွာ အော်လိုက်သည့် သူ့ကို ငေးကြည့်လာသည့် မိုးပုံစံက အရမ်းကြောက်လန့်နေပုံရသည်မို့ သူ ကမန်းကတန်း ဆွဲခေါ်လာမိတာ ဆိုင်ထဲက သူ့အခန်းထဲ။ ညဘက်မို့ မိန်းကလေးတွေက ပြန်သူပြန် ၊ ဟိုတယ်ပါသွားသူပါသွားတာမို့ ဆိုင်မှာ ညစောင့် အနေနဲ့ သူသာ ရှိနေသည်။

" နင် ဘာဖြစ်လာတာလဲ မိုး ။ သေချာ ပြောစမ်း။ "

မိုးကိုယ်လေးကို ပခုံးမှကိုင်လှုပ်ရင်း သူ အကြောင်းစုံမေးတော့ မျက်လုံးလေးပြူးပြူးဖြင့် သူ့အား ကြောင်စီစီငေးကြည့်နေသေးသည်။ ပြီးမှ သတိဝင်လာသလို.....

" ကား ကားတိုက်တော့ ဉီးမင်းရာက ကားထဲမှာ မလှုပ်တော့ဘူး။ ငါ ငါ အရမ်းကြောက်လို့ ထွက်ပြေးလာတာ။ ငါ့ကို အကူ အကူအညီ လှမ်းတောင်းနေတာ ငါ ကြောက်လို့။ ငါ ငါ ဘာလုပ်ရမလဲ သံမဏိ ဟင် ။ "

မာယာထောင်ချောက် ( Complete) Donde viven las historias. Descúbrelo ahora