မာယာထောင်ချောက်

969 42 2
                                    

ချစ်သော....မိုး
Part - 9

ခိုက်ထယ်နွန် အိမ်ထဲသို့ လေလေး တချွန်ချွန်ဖြင့် ဝင်လာသည့် ညီ့ကို လက်ပိုက်ကြည့်နေရင်း အရှေ့မှ ပိတ်ရပ်လိုက်သည်။ ဖျတ်ခနဲ မျက်လုံးဝင့်ကြည့်လာသည်က ပေ စောင်းစောင်းဖြင့် ....

" ဘာရစ်ဦးမလို့လဲဗျာ....။ "

" ဘယ်တွေသွားနေတာလဲ ယံမခ။ မေမေ မင်းကို မျှော်နေတယ်လေ.....မင်း မေမေ့ကို မသနားဘူးလား။ "

သူ့ အပြောကို လှောင်သလို လွန့်ခနဲ ပြုံးလာသည်မို့ ခိုက်ထယ်နွန် တင်းခနဲ ဖြစ်သွားရသည်။

" သားငယ်......"

အပေါ်ထပ်မှ သူ့ သားငယ်အသံကြားပြီး အပြေးတပိုင်း ဆင်းလာသည့် ဒေါ်ထိပ်ထားခင်။ ချိတ်ထဘီနှင့် ပိုးထည်ရင်စေ့အကျီလက်ရှည်အပေါ်မှ ပုဝါတစ်ထည်ပတ်ထားကာ ဂုဏ်ကြီးရှင် သူဌေးမကြီးမို့ ထည်ဝါမှုက အပြည့်။

" သားလေးရယ်......ဘာလို့ အိမ်တန်းပြန်မလာရတာလဲ။ မေမေ့မှာ မျှော်လိုက်ရတာကွယ်။ "

မေမေ့စကားကြောင့် ယံမခ ပြုံးရုံသာပြုံးမိသည်။ တကယ်တော့ သူ ဟိုဆေးရုံရှေ့ ညတိုင်း သွားသွားစောင့်ပြီး မ ကို မျှော်နေခဲ့မိတာပါ။

" မေမေ့ကိုလဲ လွမ်းနေတာ။ "

အခုမှ မအေကိုဖက်ပြီး အပိုပြောနေမှန်း သိသည်မို့ ခိုက်ထယ်နွန် ညီဖြစ်သူကို ဘုကြည့်ကြည့် လိုက်မိသည်။ သားအမိနှစ်ယောက် အလွမ်းသယ်ကြမှာ သိတာမို့ နေရာမှ ရှောင်ထွက်လာရင်း အခန်းထဲသာ ဝင်လာခဲ့မိသည်။

အိပ်ယာပေါ် ပစ်လှဲချလိုက်ရင်း ခေါင်းအုံးအောက်မှ ဓာတ်ပုံ လေးကို ထုတ်ကြည့်မိ​တော့ ပြုံးမိသွားရသည်။ ဓာတ်ပုံထဲမှ ခြောက်နှစ်အရွယ် ကလေးမလေးနှင့် သူ။ တစ်နည်းအားဖြင့် သူ တချိန်လုံး လိုက်ရှာနေခဲ့သည့် သူ၏.........။

ဒေါ်ထိပ်ထားခင် အခန်းထဲ အိပ်မောကျနေသည့် သားငယ်ကိုကြည့်ရင်း နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။ သားငယ်ဟာ သားကြီးနဲ့ အကျင့်စရိုက်ချင်းမတူသလို စိတ်နေစိတ်ထားကအစ ခြားနားသည်။

သားကြီးခိုက်က သူမနဲ့တူကာ မာနခပ်ကြီးကြီး အရာရာ စည်းစနစ်တကျ အသန့်အပြန့် အင်မတန်ကြိုက်သူပင်။ သူ့ အခန်းထဲ သူများ ဝင်တာ မကြိုက်သလို သူ့ပစ္စည်း သူများကိုင်လျှင် ချက်ချင်း လွှင့်ပစ်တတ်တဲ့ လူစား။ လမ်းဘေးအစားအစာ မပြောနဲ့ စားသောက်ဆိုင် တောင် ကြီးကြီးကျယ်ကျယ် Standard မြင့်မှ ဝင်ထိုင်တတ်သည်။

မာယာထောင်ချောက် ( Complete) Where stories live. Discover now