“ ကျေးဇူးပြုပြီး ... ကျေးဇူးပြုပြီး ”
ခြံထောင့်လေးက ဒန်းအဖြူရောင်လေးပေါ်တွင် တစ်စုံတစ်ခုကို သတိကြီးကြီးထားပြီး လုပ်နေသည့် ပုံရိပ်လေး ။ မျက်ဖန် ကြည်တောက်တောက်လေးတွေ၏ ဦးတည်ရာက စာအိတ်တစ်ခုဖြစ်နေပြီး ကော်နှင့်ကပ်ကာ ပိတ်ထားသည့် စာအိတ်အဖုံးကို အညီညာဆုံးနှင့် အသေသပ်ဆုံးဖြစ်အောင် သေသေချာချာ ဓားပါးလေးနှင့် ဖြတ်ယူနေသည် ။
“ တော်ပါသေးရဲ့ ... ”
ရင်ထဲက အပူလုံးတစ်ခုကျသွားသလို သက်ပြင်းချသံသေးသေးလေး ထွက်လာသည် ။ တောင်းဆိုမှုကြောင့် တစ်လ တစ်ကြိမ်လာတတ်သည့် စာလွှာလေးအား မြတ်နိုးရသည့်အဖိုးတန်ရတနာလေးလို ရင်ထဲ ခဏပိုက်ထားလိုက်သည် ။ နေ့နေ့ညည တွေ့ချင် မြင်ချင်သူ၏ အငွေ့အသက်လေးတွေ ပါ၀င်သည့် စာအိတ်လေးကို ရင်ခွင်ထဲမှ ပြန်လည် ထုတ်ယူလိုက်ပြီး အကြာကြီး ငေးကြည့်နေမိပြန်သည် ။
ဓာတ်ပုံလေးပါ ထည့်ပေးလိုက်မည်ဟု ကိုကို ကြိုပြောထားသောကြောင့် ရင်ခုန်သံတွေက ပုံမှန်ထက် နှစ်ဆလောက် ပိုမြန်နေသည်ဟု ခံစားရသည် ။
စာအိတ်လေးကို နှုတ်ဆက်ပြီးသည့်အခါ ထည့်ပေးလိုက်သည့် ဓာတ်ပုံလေးနှင့် စာလွှာလေးအလှည့် ကျရောက်လာသည် ။ မှင်နံ့သင်းသင်းနှင့် ခပ်သော့သော့ရေးထားသည့် လက်ရေးပုံစံက ကိုကို့မူပိုင်ဟန် ။
“ ဒီခေတ်ကြီးထဲမှာ ဘယ်သူက စာရေးတော့လို့လဲ အငယ်ရယ် ” ဟု ခပ်ညည်းညည်းလေး ပြောခဲ့သော်လည်း နောက်ဆုံးတွင် “ ၁လ ၁ခါ ရေးပြီး ပို့ပေးမယ် ” ဆိုသော ကတိလေးအား ကိုကို့ထံမှ ရခဲ့ပါသည် ။
“ သတိရခြင်းများစွာဖြင့် ကိုကို ” ဟု ရေးထားသော နေရာတွင် နှုတ်ခမ်းထူထူတွေ အလိုလို ဖိကပ်မိသွားသည် ။ စကားလုံးလေးတွေအစား “ ဂျွန်ဂျောင်ကု ” ဆိုသည့် အမျိုးသားကို တွေ့မြင်ချင်စိတ်အား နှလုံးသားက ပြင်းပြင်းပြပြတောင်းဆိုသည် ။
စာ၏ နောက်တွင်ပါလာသည်က Polaroid ဓာတ်ပုံလေး ။ မှုန်ဝါးဝါးဓာတ်ပုံလေးမှာတောင် ကိုကို့အပြုံးတွေက ကြည်လင်တောက်ပနေသည် ။ Apron လို သိုင်းကြိုးပါသည့် ၀တ်စုံကို ၀တ်ဆင်ထားပြီး နောက်ခံသည် workshop ပုံစံ ဖြစ်နေတာမို့ အနှီပုံဝါးကလေးသည် ကိုကို အတန်းချိန်အတွင်း ရိုက်ထားပုံပေါ်ပါသည် ။

YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "