ညတွင်းချင်း U.S ပြန်မည် ဟု ကိုကိုက ဆိုလာသည် ။ မပြန်ချင်သေးကြောင်း အယူခံ၀င်ခွင့်မရှိပဲ ကိုကို့အလိုကျ အငယ် ပစ္စည်းများ ထုတ်ပိုးရပြန်သည် ။
အေးစက်ကာ တင်းမာနေသောမျက်နှာသည် အဘယ်အရာကို အလိုမကျသည်မသိ ၊ ပြန်ရန် ရက်အတန်ငယ်လို သေးသည့် ခရီးကို ရုတ်တရက်ကြီး ထစီစဉ်ခြင်း ဖြစ်သည် ။
သူတို့နှစ်ယောက်ကို မပြန်စေချင်သေးသည့် ဖိုးဖိုးဂျွန် တားနေသည့်ကြားက ကိုကိုသည် ခေါင်းမာစွာ အထုတ်အပိုးများကို ကားပေါ်တင်နေသည် ။ မြေးဖြစ်သူကို တားမရလို့ မျက်နှာမကောင်းဖြစ်နေရှာသည့် ဖိုးဖိုးကို နောက်ဆုံးအကြိမ်အဖြစ် အငယ် ပွေ့ဖက် နှုတ်ဆက်လိုက်သည် ။
“ သား ဖိုးဖိုးဆီကို ထပ်လာလည်မယ်နော် ... ”
“ အဲ့ကျရင်လည်း စက်လှေနဲ့ ငါးတူတူထွက်မျှားကြမယ် ”
ခါးကို ဖက်တွယ်ထားသည့် သိုးမွှေးဆွယ်တာနှင့် ကောင်လေးကို ဖိုးဖိုးဂျွန် ခေါင်းလေး ပွတ်သပ်ရင်း ချော့မြူသည် ။ သံယောစဉ် တွယ်လွယ်သူလေးသည် ပြန်ချင်သေးပုံ မရမှန်း သူလည်း သိသည် ။ ဆုံးဖြတ်ပြီးလျှင် ပြန်မပြင်တတ်သော မြေးဂျွန်ကြောင့်သာ ဆည်းလည်းလေးခမျာ ပြန်ရမည် ဖြစ်သည် ။
“ ဖိုးတို့ ပြန်တွေ့ကြမယ် ဆည်းလည်းလေး ... ”
ဖန်ရောင်တောက်တောက် မျက်၀န်းညိုလေး မော့ကြည့်လာပြီး နှုတ်ခမ်းလေး မဲ့လာကာ ခေါင်းငြိမ့်ပြသည် ။
“ လေယာဉ်ချိန် နီးပြီ ... အငယ် ”
“ ဖိုးဖိုး ... ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ် ”
ဖိုးဖိုးနှင့် အလွမ်းသယ်လို့ မပြီးခင် ရေခဲလို အေးစက်ကာ ထွက်လာသည့် အသံကြောင့် အငယ် ကိုယ်လေးရို့ကာ နောက်ဆုတ်လိုက်ရင်း စောင့်နေသည့် ကားပေါ် ပြေးတက်ရသည် ။
ကားမှန် မပိတ်ရသေးသဖြင့် တံခါး၀မှာ ရပ်နေသည့် ဖိုးဖိုးကို မြင်နေရရင်း လက်ပြနှုတ်ဆက်လိုက်သည် ။
“ ဖိုးဖိုး သားတို့သွားပြီနော် ... တာ့တာ ”
သူ လက်ပြ မပြီးသေးခင်မှာ တရိပ်ရိပ်တက်လာသော မှန်တံခါးကြောင့် နှုတ်ဆက်ခြင်းလေးသည် မပြီးဆုံးသွားခဲ့ ။ ပြန်ရန် စိတ်အားထက်သန်နေသူကြောင့် ကားသည် လေးညှို့မှ လွှတ်လိုက်သည့် မြှားတစ်စင်းလို ရိပ်ခနဲ လမ်းမကြီးထက်သို့ မောင်းနှင်လာခဲ့သည် ။
YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "