မှောင်မိုက်နေသော အခန်းကျယ်ကြီးတစ်ခုတွင် ဖြစ်သည် ။ အခန်းသည် ကျယ်ဝန်းလွန်းလှသဖြင့် ကာရံထားသည့် နံရံများကိုပင် မမြင်ရ ။ လေဟာနယ် တစ်ခုကဲ့သို့ရှိနေပြီး လေတိုးသံများသည် နားစည်၀၌ ဝေ့ဝဲတိုက်ခတ်နေသည် ။
အခန်းတွင် အလင်းရောင် ဟူ၍ မျက်နှာကြတ်တွင် ချိတ်ဆွဲထားသည့် ဝါကျင်ကျင် မီးသီးတစ်ခုသာ ရှိနေပြီး အသုံးအဆောင် ပစ္စည်းဟူ၍ ဘာမှ မရှိ ။ ထို့ပြင် တစ်ခန်းလုံးတွင် သူတစ်ဦးတည်းသာ ရှိနေခဲ့ပြီး အခန်းပတ်ချာလည်အား ဝေ့ဝဲကာ ကြည့်မိသည့်အခိုက် အမှောင်ထဲတွင် ကြည်လင်ကာ ဝိုင်းစက်နေသည့် မျက်ဝန်းတစ်စုံနှင့် သွားတွေ့ဆုံသည် ။
မှောင်ရိပ်ကျနေသည့်ဘက်တွင် ထိုင်နေပုံရပြီး တစ်ကိုယ်လုံးသည်လည်း နက်စွေးနေသဖြင့် ကြည်လဲ့နေသည့် မျက်ဝန်းတစ်စုံသည်သာ ထိုသူ့ထံတွင် အထင်ရှားဆုံးဖြစ်နေသည် ။
တစ်ယောက်တည်း ခြောက်ခြားနေရချိန် အဖော်တစ်ဦး တွေ့လိုက်ရသဖြင့် အငယ်ဆုံးလေး အားတက်ကာ ထိုသူထံသို့ ချဉ်းကပ်မိသည် ။ သို့သော် သူ လှမ်းလိုက်သည့် ခြေလှမ်းများနည်းတူ ထိုသူသည် အနောက်သို့ ရွေ့ ရွေ့သွားသည် ။
နားမလည်နိုင်သဖြင့် သူ ရပ်လိုက်သည့် အချိန်တွင် ထိုသူလည်း ရပ်တန့်သွားသည် ။ ငြိမ်၍သာ နေရာတွင် ရပ်နေလိုက်ပြီး စူးစိုက်ကြည့်မိလေသော် မျက်ရည်ကြည်တောက်တောက်လေးများ ကျဆင်းနေသော ပါးပြင်ကို လှမ်းမြင်လိုက်ရသည် ။ အားငယ်ဝမ်းနည်းစွာ ငိုကြွေးနေသော သူအား အကြောင်းအရင်း တစုံတရာ မသိသည့်တိုင် အငယ်ဆုံး အားပေးနှစ်သိမ့်ချင်သွားသည် ။
" ...... "
နှုတ်ခမ်းနှစ်လွှာ လှုပ်ခတ်သွားတာ မြင်လိုက်သော်လည်း ဘာပြောလိုက်မှန်း သေချာမကြားလိုက်ရ ။ နာမည်တစ်ခုကို ရေရွတ်လိုက်သည်လား ၊ သို့မဟုတ် တစုံတခုအား ပြောလိုက်သလား မသေချာတာမို့ ထိုသူထံသို့ ပြေးသွားတော့မည့်အခိုက် ထိုလူသည် အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည် ။
" ခဏ !! "
" ခဏ စောင့်ပါဦး !!! "
အိပ်မက်၏ အလွန်တွင် ရင်တစ်ခုလုံး တုန်ရင် မောဟိုက်စွာဖြင့် သူ နိုးလာသည် ။ ချွေးစေးများ ခန္ဓာကိုယ်တစ်ခုလုံး ရွှဲနစ်နေပြီး ခရီးရှည်တစ်ခုအား ပြေးလာခဲ့ရသူလို ပင်ပန်းနုန်းချိနေသည် ။ ဆေးမသောက်မိသော ညများတွင် မက်လေ့ရှိသော အိပ်မက်ဆန်းသည် ယခုညတွင်လည်း သူ့ထံသို့ မပျက်မကွက် ရောက်လာခဲ့ခြင်း ဖြစ်မည် ထင်သည် ။
VOCÊ ESTÁ LENDO
T H I R D
Fanfic" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "