3rd - XXVII

2K 289 153
                                    

“ ကိုကို !! ”

“ ကျွန်တော် ဒီမှာ !! ”

ဆေးစစ်ချက်များ ပြီးသည်နှင့် သူ့အား စောင့်နေသူထံသို့ အငယ် အပြေးလေး ထွက်ခဲ့မိသည် ။ ဖုန်းပြောနေပုံရသည့် ကိုကိုသည် သူ့ထံသို့ ခပ်တွေတွေနှင့် လှည့်ကြည့်လာပြီး မျက်နှာ မကောင်းတာ သတိထားလိုက်မိသည် ။

“ အဆင်ပြေခဲ့လား ”

“ ပြေပါတယ် ... ”

“ ဆရာ၀န်ကပြော ... ”

“ အင်း ... အိမ်ရောက်မှ ဆက်ပြောရအောင် ”

ပြောလက်စ စကားလေး မဆုံးခင်မှာပင် ‌မှိုင်တွေနေသော မျက်နှာလေးသည် သူ့အား ဖြတ်ကျော်၍ လျှောက်သွားသည် ။ လက်က ဒဏ်ရာကို စိတ်ပူ၍ ဆေးရုံအထိ ကိုယ်တိုင် လိုက်ပို့သည် ထင်နေခဲ့တာမို့ ဆရာ၀န် မှာကြားသမျှ တစ်ခွန်းမကျန် ပြန်ပြောပြချင်သည့် ဆန္ဒလေးအား အငယ် ပြန်လည် ချိုးနှိမ်ထားလိုက်ရသည် ။

အကြောင်းကိစ္စအလုံးစုံကို တိုင်တည် အသိပေးချင်သော်လည်း ကိုကို့မှာ သူနှင့်ပတ်သက်ပြီး စိတ်၀င်စားမှု တစ်စုံတစ်ရာ မရှိဘူး ထင်ပါသည် ။

အငယ့်အား မစောင့်ပဲ ရှေ့ကထွက်သွားနှင့်သူသည် ကုသမှု ခံယူနေချိန်အတွင်း ဆေးရုံမလာခင်က ပုံစံနှင့် ဆန့်ကျင်ဘက်သို့ ဘာကြောင့် ပြောင်းလဲသွားရသည်ကို မသိ ။ ကိုကို့၏ စိမ်းကား အေးစက်သော အပြုအမူများနှင့် အကြိမ်ပေါင်းများစွာ ကြုံတွေ့ဖူးသည့်တိုင် အငယ် ကျင့်သားမရနိုင်သေး ။ အိမ်အပြန်လမ်းပျောက်သည့် ကလေးငယ်တစ်ဦးလို အားငယ်စွာ ၀မ်းနည်းရဆဲ ဖြစ်သည် ။

တိတ်ဆိတ်သွားသော အပြန်လမ်း၏ ကားပေါ်တွင် ကိုကို့ဘက်မှ စကားစ မလာခဲ့သလို အငယ်သည်လည်း ငြိမ်သက်စွာ လိုက်ပါရင်း ကိုကို့ အေးစက်မှုတွင် အလိုတူ အလိုပါ နှုတ်ဆိတ်ပေးခဲ့ရသည် ။ နှလုံးသား၏ တစ်ထောင့် တစ်နေရာတွင် အချစ်တို့ဖြင့် စိုက်ပျိုးထားသော သစ်ပင်လေးသည် စိုပြည်မည် ကြံရွယ်ဆဲအခိုက် ‌ပြန်လည် ညှိုးရော် ခြောက်ကပ်သွားခဲ့ပြန်သည် ။

“ နားလိုက်ဦးနော် အငယ် ”

“ ကိုယ်လည်း ရေချိုးလိုက်ဦးမယ် ... ”

T H I R D Where stories live. Discover now