ရေချိုးခန်း၏ ရေချိုးကန်အတွင်း အငယ် ၀င်ထိုင်နေခဲ့သည်မှာ ကိုကို အိမ်ထဲမှ ထွက်သွားသည့် အချိန်မှစ၍ ယခု ညဆယ်နာရီ အထိပင် ။ တောက်လောင်နေသည့် မီးလျှံများကို ငြှိမ်းသတ်ပေးနိုင်စွမ်းသော ရေပင်လျှင် သူ့ရင်ထဲက အပူမီးကို မငြိမ်းအေးစေနိုင် ။
စီးကျလို့ မကုန်နိုင်သည့် မျက်ရည်စများသည် ပါးပြင်နှစ်ဖက်တွင် မြစ်နှစ်စင်းကဲ့သို့ အပြိုင်စီးဆင်းနေခဲ့ပြီး " ဒီတစ်ညပြီးလျှင် ထပ်မငိုတော့ဘူး " ဟု တွေးထားခဲ့သော ညများတွင် ဤညသည် နောက်ဆုံး ဖြစ်ပါစေလို့သာ ဆုတောင်းမိသည် ။
Click !!
ရှပ် ...
ရှပ် ...
အခန်းတံခါး ပွင့်သွားသည့် အသံနှင့်အတူ နင်းလျှောက်လာသည့် ခြေသံကြောင့် ခေါင်းငိုက်စိုက်ကာ ငိုနေရင်းမှ အငယ် မော့ကြည့်မိသွားသည် ။ ပုံမှန်ဆိုလျှင် ကိုကိုသည် အငယ့်အခန်းထဲသို့ ပြောစရာကိစ္စ တစ်စုံတစ်ရာ ရှိမှသာ ဝင်ရောက်တတ်သော သူဖြစ်သည် ။ ဒီနေ့လို ပြသနာတက်ထားသည့် နေ့မျိုးဆို ပိုလို့ပင် သူနှင့် ဝေးရာတွင် ခပ်ကင်းကင်းနေလိမ့်ဦးမည် ။
သို့သော် ခြေသံသည် ရေချိုးခန်း တံခါးရှေ့တွင် ရပ်တန့်သွားသဖြင့် အငယ် ရေချိုးကန်ထဲမှ ကပျာကယာ ထထွက်ရန် ပြင်လိုက်သည် ။
အား !!
ရေထဲတွင် နာရီအတော်ကြာ ထိုင်မိထားသဖြင့် ထုံကျဉ်ကာ တောင့်ခဲနေသည့် ခြေထောက်နှစ်ဖက်နှင့်အတူ ညနေက တွန်းချခံထားရစဉ်က ထိမိထားသည့် လက်ဖျံက စူး၍ အောင့်တက်လာသည် ။ သို့သော်လည်း ထိုနာကျင်မှုလေးများသည် " ကိုကို ဘာများဖြစ်လာသလဲ " ဟူသည့် စိုးရိမ်ထိတ်လန့်မှုကို မကျော်လွှားနိုင် ။
ညနေက ဒေါသတွေနှင့် အိမ်ထဲမှ ထွက်သွားခဲ့သော ကိုကိုသည် တစ်စုံတစ်ရာ ထိခိုက်နာကျင်မှုမျိုးနှင့် ကြုံလာရမှာကို သူ အဖြစ်မခံနိုင် ။ အကယ်၍ ကိုကို သာ တစ်ခုခုဖြစ်ခဲ့လျှင် တခြားအရာတွေထက် သူ့ကိုယ်သူ သိပ်မုန်းမိလိမ့်မည် ။
“ ကိုကို !! ”
အခန်းတံခါးတွန်းအပွင့်တွင် နံရံကိုမှီကာ မျက်လုံးမှိတ် ရပ်နေသည့် ကိုကို ။ မိုးရေစိုလာသော အဝတ်အစားများနည်းတူ ဦးခေါင်းထက်မှ ဆံစများသည်လည်း စိုထိုင်းမှု ရာနှုန်းပြည့် ဖြစ်သည် ။ ရေချိုးကန်ထဲမှ ချက်ချင််း ထွက်လာသည့် သူကိုယ်တိုင်လည်း တစ်ကိုယ်လုံး ရွှဲစိုနေသော်လည်း သူ့ထက် ကိုကို နေမကောင်းမှာ စိုးရိမ်သည့်စိတ်တို့က ပိုမြင့်တက်နေသည် ။
YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "