နက်မှောင်ကော့ညွှတ်သည့် မျက်တောင်ရှည်များ၏ အောက်၀ယ် ကြယ်တာရာလို ရွှန်းလဲ့ တောက်ပသည့် မဟူရာရောင် မျက်သွယ်များ ပုန်းခိုနေသည် ။ ထိုမျက်၀န်းလှလှတို့နှင့် ဆုံချိန်တိုင်း စကားလုံးမဲ့စွာ အရှုံးပေးနေမိမြဲဖြစ်ပြီး ပိုင်ဆိုင်ထားရသည့် အဖြစ်ကို အိပ်မက်တစ်ခုလို ခံစားနေရဆဲ ဖြစ်သည် ။
ရက်သတ္တပတ်ကြာ ခွဲခွာခဲ့ရသဖြင့် ထိုမျက်၀န်းလေးများအား အရူးလို တွေ့မြင်ချင်သော်လည်း ခရီးပန်းလာသူမှာ သူ၏ အိပ်ခန်းလေးထဲ အိပ်မောကျနေပြီ ဖြစ်သည် ။ နှစ်ယောက်အိပ်အခန်းသို့ အတူလာမအိပ်ချင်သူကို အငယ် တောင်းဆိုလို့မရတော့သည့်အဆုံး ကိုကို အခန်းခွဲနေခြင်းကို ကြည်ဖြူစွာ ခွင့်ပြုပေးခဲ့ရသည် ။
ပုံမှန်ချိန်များတွင် တွေ့ထိရန် မဝံ့ရဲသည့် မျက်နှာချောချောအား အိပ်မောကျနေချိန်တွင် အငယ် လက်ချောင်းထိပ်လေးများဖြင့် အသာအယာ ထိတွေ့ကြည့်မိသည် ။ ဘယ်ဘက်ပါးပြင်ပေါ်တွင် ခပ်ရေးရေးရှိနေသည့် ခြစ်ရာသေးသေးလေးမှ အစ နှုတ်ခမ်းပါးထက်မှ မှဲ့နက်လေးအဆုံး ရင်နှင့် အပြည့် မြတ်နိုးသည် ။
စည်းချက်မှန်မှန် ထွက်ပေါ်နေသည့် နှလုံးခုန်သံများရှိရာသို့ အငယ် ခေါင်းလေးတိုးကပ်ကာ ရင်ခွင်ထက် မသိမသာ ခိုးနားထောင်မိသည် ။ ပိုင်ရှင်ရှိခဲ့ဖူးသော ရင်ခွင်၏ နွေးထွေးမှုကို ခံစားလိုက်ရပြီး တစုံတဦးသည်လည်း ဤရင်ခွင်၏ အနွေးဓာတ်ကို အလိုရှိနေလိမ့်မည် ဆိုသည့် အဖြစ် တွေးမိသည့်အခါ မျက်၀န်းညိုတို့ စိုစွတ်စပြုလာပြန်သည် ။
အကြိမ်ကြိမ် အခါခါ တွေးလိုက်တိုင်း ရခဲ့သော အဖြေတစ်ခုသည် ကိုကို့ကို ဘယ်နည်းနှင့်မျှ အဆုံးရှုံးခံနိုင်လိမ့်မည် မဟုတ် ဟူ၍သာ ။ မျှော်လင့်ချက် ရာခိုင်နှုန်း အနည်းငယ်သာ ရှိနေသည့်တိုင် ကိုကိုနှင့် ဝေးရာကို ထွက်သွားနိုင်လိမ့်မည် မဟုတ် ။
နာကျင်ဝမ်းနည်းရလျှင်တောင် မလွတ်တမ်း ဖမ်းဆုပ်ထားချင်သည့် စွန်ကလေးသည် " ကိုကို " ဖြစ်သည် ။ ကိုကိုသည် အငယ့်အတွက် ဤကမ္ဘာပေါ်တွင် နှစ်ယောက်မရှိနိုင်သည့် " အချစ်ဦး " ဆိုသည့် ဖြစ်တည်မှုလေး ။
YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "