3rd - XXVI

2K 280 84
                                    

ပင်လယ်ကမ်းစပ်တစ်ခု၏ သဲသောင်ပြင်၌ ဖြစ်သည် ။ ညတာ ဖြစ်‌ပြီး လူသူကင်းရှင်းနေကာ တိတ်ဆိတ်သော ပတ်၀န်းကျင်မို့ လှိုင်းပုတ်သံကိုသာ နားထဲ ရှင်းလင်းစွာ ကြားနေရသည် ။

ကမ်းစပ်မှ မျှော်ကြည့်လေသော် ကိုကိုသည် သူ့အား ကျောခိုင်းကာ ခါးတစ်၀က်နစ်မြုပ်သည်အထိ လရောင်ကို မျက်နှာမူ၍ ရေထဲတွင် ရပ်နေခဲ့သည် ။ ကိုယ်အပေါ်ပိုင်းဗလာနှင့်မို့ ကျစ်လစ်သော ကျောပြင်သည် လရိပ်အောက်၀ယ် စိုလဲ့နေပြီး ရေလှိုင်းများသည် ကိုကို့ခါးအနားတဝိုက် ခပ်သဲ့သဲ့ ရိုက်ခတ်နေကာ ပင်လယ်ပြင်သည် ကတ္တီပါကောဇော တစ်ချပ်အား ဖြန့်ခင်းထားသလို တရိပ်ရိပ် တောက်ပနေခဲ့သည် ။

ထိုမှတစ်ဖန် ကမ်းစပ်နှင့် ပိုဝေးရာသို့ ဦးတည်သွားနေပြီဖြစ်သည့် ကိုကို့ကြောင့် အငယ် စိုးရိမ်စိတ်လေးများဖြင့် ဇောချွေးလေး ပြန်လာကာ ကိုကိုရှိရာ ရေပြင်ထဲသို့ ပြေးဆင်းသွားမိသည် ။

အငယ် ပင်လယ်ထဲသို့ ဆင်းသက်လိုက်သည်နှင့် ၀င်းပစွာ သာနေခဲ့သော လ သည် တိမ်တွေနောက် တိုးလျှို ပျောက်ကွယ်သွားခဲ့ပြီး ညသည် ချက်ချင်းပင် အမှောင်ထုထည် ကြီးစိုးသွားသည် ။ တည်ငြိမ်ကာ လှပနေခဲ့သော ရေပြင်သည် ချက်ချင်းပင် မာယာများကာ လှိုင်းတံပိုးများ ပြင်းထန်လာခဲ့ပြီး သူ့အား ပင်လယ်ရေအောက် ဟိုးအနက်ဆုံးအထိ ဆွဲခေါ်သွားတော့မလို ဦးတည်လာကြသည် ။

ကိုကို !!!

ထုထည် ကြီးမားလွန်းသော ရေလှိုင်းတွေ၏ နောက်သို့ ပါသွားမည် အမှတ်နှင့် အာခေါင်ခြစ်ကာ အော်လိုက်သော်လည်း ကြောက်စိတ်ကြောင့် အသံသည် ထင်ထားသလောက် ထွက်မလာ ။ မျက်လုံးစုံမှိတ်ကာ စိတ်ကိုလျှော့လိုက်သည့်အခိုက် လှိုင်းကြမ်းတွေအစား အနားရောက်လာသူမှာ " ကိုကို " ဖြစ်နေခဲ့သည် ။

ရေစိုထားသော ဆံနွယ်များ ကပ်ငြိနေသော မျက်နှာအား အငယ် တုန်ရီစွာဖြင့် အားကိုးတကြီး မော့ကြည့်လိုက်သည် ။ ကော့ညွှတ်သော မျက်တောင်ရှည်များတွင် ရေစက် ရေပေါက်လေးများ ခိုတွယ်နေပြီး ငုံ့ကြည့်လာသော မျက်၀န်းများတွင် အချစ် ဟု မခေါ်ထိုက်သော်လည်း အမုန်းကင်း‌သော အကြင်နာ အကြည့်များနှင့် ဖြစ်သည် ။

T H I R D Where stories live. Discover now